သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ကန် ဆက်ဆံရေး ဝန်ကြီး Tillerson ဆွေးနွေးပွဲ မြန်မာသံအမတ်ကြီး အမြင်


၀န်ကြီး Tillerson က မြန်မာသံအမတ်ကြီး ဦးအောင်လင်းအား လက်ဆွဲနှုတ်ဆက်နေစဉ် (မတ်လ ၁၀ ရက် ၂၀၁၇ ခုနှစ်)
၀န်ကြီး Tillerson က မြန်မာသံအမတ်ကြီး ဦးအောင်လင်းအား လက်ဆွဲနှုတ်ဆက်နေစဉ် (မတ်လ ၁၀ ရက် ၂၀၁၇ ခုနှစ်)

သမ္မတ Trump အစိုးရလက်ထက် အာဆီယံ-အမေရိကန်ဆက်ဆံရေးမှာ နှစ်နိုင်ငံချင်း အလိုက်ကုန်သွယ်ရေးကဏ္ဍတွေကို အဓိက တိုးမြှင့်သွားဖို့ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ဝါရှင်တန် အခြေစိုက် အာဆီယံနိုင်ငံ သံအမတ်ကြီးတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ TPP ပစိတ်ဖိတ်ရပ်ဝန်းဒေသ နိုင်ငံများ ကုန်သွယ်ရေး သဘောတူညီချက်ကနေ အမေရိကန်က နှုတ်ထွက်ခဲ့ပြီးနောက် အာဆီယံနိုင်ငံတွေဘက်က အမေရိကန်နဲ့ ကုန်သွယ် တိုးမြှင့်ရေး စိုးရိမ်းမကင်းဖြစ်မှုတွေ ရှိနေခဲ့တာပါ။

Mr. Tillerson ဟာ အင်္ဂါနေ့က တောင်ကိုရီးယား၊ ဂျပန်၊ တရုတ် အာရှ သုံးနိုင်ငံခရီးစဉ် မစတင်ခင်မှာ အခုလို မြန်မာအပါအဝင် အာဆီယံသံအမတ်ကြီးတွေနဲ့ မတ်လ (၁၀)ရက်နေ့မှာ ဝါရှင်တန်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူကအခုလို စပြောပါတယ်။

သံအမတ်ကြီး။ ။ ပြီးခဲ့တဲ့ တွေ့ဆုံပွဲက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mr. Rex Tillerson က နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို စတင်ထမ်းဆောင်ပြီးကတည်းက ပထမဆုံးအကြိမ်အနေနဲ့ ဝါရှင်တန်ဒီစီမှာရှိတဲ့ အာဆီယံသံရုံးအကြီးအကဲတွေကို စုပေါင်းပြီးတွေ့ဆုံတဲ့ပွဲ ဖြစ်ပါတယ်။ တွေ့ဆုံတဲ့နေရာမှာ အဓိကကတော့ အမေရိကန်နဲ့ အာဆီယံ ဆက်ဆံရေးကိုသူပြောသွားပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ အာဆီယံနဲ့ ဆက်ဆံရေးကို သူတို့ တန်ဖိုးထားတယ်။ အလေးလည်းထားတယ်။ နောက်ပြီးတော့ အာဆီယံနဲ့ ဆက်ဆံရေးသာမက အာဆီယံ အဖွဲ့ဝင် တနိုင်ငံချင်း ဆက်ဆံရေးကိုလည်း သူအလေးထားပါတယ်ဆိုတဲ့ဟာကိုလည်း သူပြောသွားပါတယ်။ ဒီလိုတွေ့ဆုံခြင်းဟာဆိုလို့ရှိရင် သူရဲ့ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားခရီးစဉ် မတိုင်ခင်မှာ ပြုလုပ်တဲ့ ကျနော်တို့နဲ့ တွေ့ဆုံပွဲဖြစ်ပါတယ်။ သူကခရီးမသွားခင် ဒေသရဲ့ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို အမေရိကန်နိုင်ငံအနေနဲ့ ဘယ်လောက် အလေးထားသလဲဆိုတဲ့ အကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရရှိဖို့အတွက် သူ ဒီ သုံးနိုင်ငံနဲ့ သွားပြီးတော့ ခေါင်းဆောင်တွေနဲ့ သွားတွေ့မယ်ဆိုတဲ့အကြောင်းရယ်၊ သူတွေ့ဆုံတဲ့နေရာမှာလည်း ဒီသုံးနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ အာဆီယံ နိုင်ငံတွေကို သူအလေးထားတယ်ဆိုတဲ့ဟာကို ပြသချင်လို့ ကျနော်တို့နဲ့ တွေ့တာဖြစ်ပါတယ်လို့ ပြောသွားပါတယ်။

အင်ကြင်းနိုင်။ ။ အရင်သမ္မတ အိုဘာမား လက်ထက်တုန်းက အာဆီယံနိုင်ငံတွေနဲ့ အမေရိကန်က မဟာဗျူဟာမြောက် ပူးပေါင်းဆက်ဆံရေး ချမှတ်ခဲ့တာရှိခဲ့တော့ အခု သမ္မတ Trump အစိုးရလက်ထက်မှာရော အာဆီယံနဲ့ ဆက်ဆံရေး ဘယ်လိုပုံစံမျိုး ရှိလာနိုင်မလဲရှင့်။

သံအမတ်ကြီး ။ ။ သူ့အနေနဲ့ အရင်က နှစ်ဘက်ကြား တည်ဆောက်ခဲ့တဲ့ဆက်ဆံရေးကို သူအလေးထားတယ်ဆိုတဲ့ဟာကို ပြောသွားပါတယ်။ အဲဒီလို ပြောတဲ့နေရာမှာ အမေရိကန်နိုင်ငံအနေနဲ့ ယခင်က အာဆီယံနဲ့ ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက်ပြီး တာဝန်ယူသွားမယ်လို့ ပြောပါတယ်။ ဘာတွေအဓိကထားပြောသွားသလဲဆိုရင် သူတို့အနေနဲ့ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ကိုးရီးယားကျွန်းဆွယ်ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ သဘောထားတွေကိုပြောသွားပါတယ်။

တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီးတော့ အာဆီယံရဲ့ ရပ်တည်ချက်ကို အမေရိကန်ကလည်း ထောက်ခံအားပေးတယ်ဆိုတာကို ပြောသွားပါတယ်။ တောင်တရုတ်ပင်လယ်ဒေသမှာ ပင်လယ်ရေကြောင်းသွားလာမှုရယ်၊ နောက်ပြီး လေယာဉ်တွေဖြတ်ကျော်ပျံသန်းခွင့်ဟာ လွတ်လပ်စွာရှိရမယ် ဆိုတဲ့ အာဆီယံရပ်တည်ချက်နဲ့ တသားတည်းဖြစ်ပါတယ်ဆိုတဲ့ဟာကို ပြောသွားပါတယ်။

နောက်တခုကတော့ မြောက်ကိုရီးယားက ပြီးခဲ့တဲ့ လက ပြုလုပ်ခဲ့တဲ့ နျူးကလီးယားစမ်းသပ်မှုကို အမေရိကန်နိုင်ငံအနေနဲ့လည်း ရှုတ်ချတယ်ဆိုတဲ့အကြောင်း၊ နောက်ပြီးတော့ လာမယ့် ကာလအတွင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း သူတို့အနေနဲ့ အဆိုမူကြမ်းတခုကို တင်ပြပြီးတော့ ပိုပြီးတော့ အရေးယူဆောင်ရွက်မယ့် ကိစ္စတွေကိုလည်း သူတို့ ပြောသွားပါတယ်။ ဒီလိုမျိုးဆောင်ရွက်တဲ့နေရာမှာ အာဆီယံရဲ့ ရှိပြီးသာရပ်တည်ချက်ကိုလည်း သူတို့အနေနဲ့ သိရှိပါတယ်။ ဆက်လက်ပြီးတော့ ထောက်ခံပေးပါလို့ သူပြောသွားပါတယ်။

အင်ကြင်းနိုင်။ ။ သမ္မတ Trump အစိုးရလက်ထက်မှာ နိုင်ငံခြားထောက်ပံငွေ လျော့ချမယ်ဆိုတော့ မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေကို ဘယ်လို သက်ရောက်မှုတွေရှိမလဲဆိုတာကိုရော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသွားသေးလားရှင့်။

သံအမတ်ကြီး။ ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်သူပြောသွားတာတော့ မရှိပါဘူး။ ဒါပေမဲ့ အာဆီယံနိုင်ငံတွေထဲကနေပြီးတော့ ဘာတွေပြောလဲဆိုတော့ အမေရိကန်နိုင်ငံအနေနဲ့ အာဆီယံနိုင်ငံအတော်များများနဲ့ အရင်တုန်းက သူတို့ သဘောတူထားတဲ့ TPP (ပစိဖိတ်ရပ်ဝန်းနိုင်ငံများ ကုန်သွယ်ရေး သဘောတူညီချက်) ဆိုတဲ့ဟာကို အခု အမေရိကန်က ပါဝင်တော့မှာ မဟုတ်တော့ဘူးဆိုတာနဲ့ ပတ်သက်ပြီးတော့ အာဆီယံနိုင်ငံတွေအနေနဲ့ စိုးရိမ်မကင်းဖြစ်ပါတယ်။ ကုန်သွယ်ရေးဟာ နှစ်နိုင်ငံဆက်ဆံရေး အခန်းကဏ္ဍမှာ ပါတဲ့အတွက်ကြောင့် ကုန်သွယ်ရေးတိုးမြှင့်ဖို့ ကိစ္စကိုလည်း အမေရိကန်နိုင်ငံအနေနဲ့ စဉ်းစားသင့်ပါတယ်ဆိုတဲ့ဟာကို အာဆီယံနိုင်ငံတွေ ထဲက ပြောသွားပါတယ်။

အင်ကြင်းနိုင်။ ။ အဲဒီလိုဆိုရင် ဒေသတွင်း စီးပွားရေးတိုးတက်မှုရှိအောင် အမေရိကန်ရဲ့ ပါဝင်ဆောင်ရွက်မှုအပိုင်းကို Mr. Tillerson က ဘယ်လို တုန့်ပြန်ပြောကြားခဲ့လဲရှင့်။

သံအမတ်ကြီး။ ။ ဒီဥစ္စာက သူသိပါတယ်တဲ့။ ကုန်သွယ်ရေးနဲ့ နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှုဟာ နိုင်ငံတကာဆက်ဆံရေးမှာ ဘယ်လောက် အရေးပါတယ်ဆိုတာ သိပါတယ်တဲ့။ ဒါကြောင့်မို့ TPP မရှိတော့ပေမဲ့လည်း နှစ်ဘက်ကုန်သွယ်ရေးကို တိုးမြှင့်နိုင်မယ့် နည်းလမ်းတွေကိုတော့ သူရှာကြံသွားပါမယ်ဆိုတဲ့ဟာကို ပြောသွားပါတယ်။

အင်ကြင်းနိုင်။ ။ အခုလို ဒေသတွင်းနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကနေ မြန်မာနဲ့ အမေရိကန်ဆက်ဆံရေး အလားအလာကို သံအမတ်ကြီး ဘယ်လို မြင်ပါလဲရှင့်။

သံအမတ်ကြီး။ ။ ကျနော် ခုနက တင်ပြခဲ့သလိုပဲ သူက အာဆီယံနဲ့ ဆက်ဆံရေးအပြင် အာဆီယံနိုင်ငံ တနိုင်ငံချင်းနဲ့လည်း ဆက်ဆံရေးကို သူအလေးထားပါတယ်ဆိုတဲ့ဟာက မြန်မာနိုင်ငံ နဲ့ ဆက်ဆံရေးကိုလည်း သူအလေးထားတယ်။ ဆက်လက်ပြီးတော့ ရှိပြီးသားဆက်ဆံရေးကိုလည်း ဆက်လက်ပြီးတော့ ထိန်းသိမ်းသွားမယ်လို့ပဲ ကျနော့်အနေနဲ့ မှတ်ယူပါတယ်။

အင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ သံအမတ်ကြီး။ နောက်ဆုံးကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အခု သမ္မတ Trump အစိုးရလက်ထက်မှာ စီးပွားရေးအရ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စမှာ ဘယ်လောက်ထိမျှော်လင့်ထားလို့ရမလဲ။ ဘယ်လိုအခြေအနေများရှိလားနိုင်မလဲရှင့်။

သံအမတ်ကြီး။ ။ ကျနော်တို့အနေနဲ့ မျှော်လင့်ထားလို့ရတာကတော့ သမ္မတ Trump ဟာဆိုလို့ရှိရင် စီးပွားရေးကို ဦးစားပေးမယ်၊ ပြည်တွင်းစီးပွားရေးကို တိုးမြှင့်မယ်ဆိုတဲ့ နေရာမှာ ပြည်ပမှာရှိတဲ့ နိုင်ငံတွေမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်မယ်ဆိုရင် သူတို့ရင်းနှီးမြှုပ်နှံမှုက ရမယ့် အခွန်ခတွေဟာ သူတို့ နိုင်ငံကို ပြန်ရောက်တဲ့အခါ ပြည်တွင်းရဲ့ စီးပွားရေးကို တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံအနေနဲ့လည်း အမေရိကန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်မယ်ဆိုလို့ရှိရင် သူတို့ရဲ့ဦးတည်ချက်ကို ဖေါ်ဆောင်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

မအင်ကြင်းနိုင်။ ။ အခုလို အချိန်ယူဖြေကြားပေးတဲ့အတွက် သံအမတ်ကြီး ဦးအောင်လင်းကို ကျေးဇူးအများကြီးတင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG