သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလောင်ဒေသမှာ တိုက်ပွဲတွေပြန်ဖြစ်


TNLA ခေါ် ပလောင်တပ်ဖွဲ့
TNLA ခေါ် ပလောင်တပ်ဖွဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ဒီရက်ပိုင်းတွေ အတွင်း အစိုးရတပ်နဲ့ TNLA ခေါ် ပလောင်တပ်ဖွဲ့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ် ပွားနေပြီး လာမယ့် ရက်တွေအတွင်းမှာ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ပလောင် တပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ည ကတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်ကို ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တဲ့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ ဒီနောက်မှာတော့ အခြေအနေက ပုံမှန်ရှိနေပါတယ်။ ရှမ်းပြည်နယ် ပလောင်နဲ့ ကိုးကန့်ဒေသက အခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

မိုင်းရှုးမြို့နယ်ဖက်မှာ အစိုးရနဲ့ ရှမ်းပြည် တိုးတက်ရေးပါတီအကြား တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့ရာက ပြီးခဲ့တဲ့ ရက်ပိုင်း မှာ နှစ်ဖက်တွေ့ဆုံဆွေးနွေးပြီး စစ်ရှိန်တွေ လျော့ချလာတဲ့ တချိန်တည်းမှာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာတာဖြစ်ပါတယ်။

လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး တာ့ဘုန်းကျော်က အခုလို ပြောပါတယ်။

“တိုက်ပွဲတွေက နည်းနည်းလေးပြင်းမယ့်အခြေအနေရှိပါတယ်။ မနေ့ညတုန်း ကလည်း တခါဖြစ်တယ်၊ ဒီမနက်လည်းဖြစ်တယ်။ မနေ့ညတုန်းကဖြစ်တာ မန်းဝေါင်းမှာဖြစ်တယ်။ မန်တုံမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်အစပ်ပေါ့။ အခု မိုင်းဝေါင်းရွာရဲ့အပြင်ဖက်မှာရှိတဲ့ကျနော်တို့တပ်တွေ အဲဒီတောင်ကျော တလျှောက်လုံးမှာ ရှိတဲ့ ကျနော်တို့တပ်တွေမှာ အခုဒီ မြန်မာအစိုးရတပ်ဖက်က စစ်ကြောင်း ၄ ဖက်၊ ၅ ဖက်လောက် အဲလို ထိုးလာတယ်။ ဒီမန်တုံဖက်က တက်လာတဲ့ စစ်ကြောင်းရှိတယ်။ နောက် ကျနော်တို့ နမ့်မတူဖက်ကနေတက်လာတဲ့ စစ်ကြောင်းရှိတယ်။ ပြီးတော့ ဒီ ကွတ်ခိုင်တို့ဖက်က နေလာတဲ့ စစ်ကြောင်းရှိတယ်။ နမ့်ခမ်းနဲ့ မိုင်းဝေါင်းပေါင်းပြီးဆင်းလာတဲ့ တက်လာတဲ့ စစ်ကြောင်းရှိတယ်ပေါ့နော်။ အဲဒီမှာနေတဲ့ ကျနော်တို့တပ်တွေနဲ့တော့ မလွဲမသွေ ဒီထက်ပိုပြီးတော့ တိုက်ပွဲတွေဖြစ် လာနိုင်မယ်။ အခုလည်း ဖြစ်နေစဲပဲ။”

လက်ရှိတိုက်ပွဲတွေ ရက်ဆက်ဆိုသလို ဖြစ်ပွားလာတာဟာ သူတို့ စခန်းတွေကို အစိုးရတပ်ဖက်က လိုက်လံ ရှင်းလင်းနေတာကြောင့်လို့လည်း ပြောပါတယ်။

“ကျနော်တို့ဖက်ကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမတိုင်ခင် ၁ လ၊ ၂ လလောက် ကနေပြီးတော့ ကျနော်တို့ စစ်အရှိန်တွေ လျှော့တယ်။ အခုလည်း ရွေးကောက်ပွဲမှာ NLD အဖွဲ့ချုပ်က အများစုနိုင်တယ်၊ အစိုးရဖွဲ့နိုင်တယ်ဆိုတော့ အိုကေ၊ ဒါတိုက်ပွဲဖြစ်လို့တော့ အဆင်မပြေဘူး။ ကျနော်တို့ အတက်နိုင်ဆုံး ရှောင်မယ်၊ လျှော့မယ်။ ဒီလို ဆုံးဖြတ်ချက်နဲ့ ကျနော်တို့ အတက်နိုင်ဆုံး ရှောင်ရှားနေတာ တော်တော်ကြာပါပြီ။ ဒါပေမယ့် အခုမြန်မာအစိုးရ တပ်မတော်က ကျနော်တို့ နည်းနည်း ခေါင်တဲ့တောတွေထဲမှာ ကျနော်တို့ စခန်းထဲထိ တက်လာပြီလို့ ကျနော်ပြောလို့ ရတယ်။ ရှောင်လို့ရတဲ့နေရာတွေတော်တော် များများက နည်းနည်း နည်းသွားတဲ့သဘောရှိတယ်။”

ပြီးခဲ့တဲ့ ၂၈ရက်နေ့က မူးယစ်ဆေးဝါး နှိမ်နှင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ နမ့်ခမ်းမြို့နယ်၊ မန်ပန်ကျေးရွာက ဘိန်းဖြူ၊ ဘိန်းမည်းနဲ့ စိတ်ကြွဆေးပြား ကာလတန်ဖို့ ကျပ်ငွေ သိန်း၈၀၀ကျော်ဖိုး ဖမ်းဆီးရမိတယ်လို့လည်း ပလောင်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပလောင်တပ်ဖွဲ့ဖက်က အစိုးရတပ်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်ရတယ် လို့ ပြောဆိုတဲ့ အပေါ်မှာတော့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ကျော်က အခုလို သုံးသပ်ပြောဆိုပါတယ်။

“ထိုးတယ် ဆိုတာတော့ သူ့တာဝန်အရ သူ သွားလာနေတာနေမှာပေါ့။ TNLA လည်း သွားရင်းလာရင်း၊ တပ်မတော်ကလည်း သွားရင်းလာရင်း ထိပ်တိုက်တွေ့ကြတာ။ အတက်နိုင်ဆုံးကတော့ ရှောင်ကြတာပဲ။ ရှောင်မရတဲ့အခါကျတော့ ထိပ်တိုက်တွေ့ပြီးတော့ ပစ်ကြပြီးတော့ ဒီလိုဖြစ်တာပေါ့ဗျာ။”

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းမှာ ၂၇ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီနေ့မှာပဲ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ လောက်ကိုင်မြို့ ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အစိုးရ တပ်ဖက်က ပြန်လည် တိုက်ခိုက်ရာမှာ ကိုးကန့်တပ်ဖွဲ့ဟာ နယ်စပ်မျဉ်းဘက်ကို ဆုတ်ခွာ သွားကြောင်း မြဝတီသတင်းဌာနက သတင်းထုတ်ပြန် ထားပါတယ်။

ဒီလို ပစ်ခတ် တိုက်ခိုက်ခဲ့ပေမဲ့ ဒီကနေ့မှာတော့ လောက်ကိုင်မြို့ မှာ ဈေးတွေ ကျောင်းတွေ ဖွင့်ထားပြီး ပုံမှန်အတိုင်းရှိနေကြောင်းနဲ့ ပစ်ခိုက် တာကိုတော့ ညအချိန်မှာ အသံသာ ကြားရကြောင်း လောက်ကိုင်မြို့ခံ တဦးက အခုလို ပြောပါတယ်။

“ ဖွင့်ပါတယ် ။ အကုန်လုံး ဖွင့်ထားတယ်။ အေးအေးဆေးဆေးပါပဲ။ ညကဆို ကျနော်တို့ ၁၁ နာရီ ၊ ၁၂ နာရီလောက်ရှိပြီထင်တယ် နည်း နည်းအသံကြားတာက သေချာ မသိဘူး။ အသံကြားတာပဲသိတာပါ။”

ဒီနှစ်ဖေဖော်ဝါရီလကက ဖြစ်ပွားတဲ့ အစိုးရနဲ့ ကိုးကန့်တပ်အကြား တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့ အပါအဝင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ၉လကြာ စစ်အုပ်ချုပ်ရေးပြဌာန်းထားရာက ဒီလ ၁၇ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့အကြားမှာ အောက်တိုဘာလ ၁၅ရက်နေ့က တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့ပေမဲ့ လက်မှတ်ထိုးရာမှာ မပါဝင်တဲ့ ကချင်၊ ရှမ်း၊ ပလောင်တပ်ဖွဲ့တွေနဲ့တော့ လက်မှတ်ထိုးပြီးနောက်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ထပ်မံဖြစ်ပွားနေပါတယ်။

လာမယ့် ဒီဇင်ဘာလ ၂ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပြီး ဒီဆွေးနွေးပွဲမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲရေးကို အချက်တချက်အဖြစ် ထည့်သွင်းဆွေးနွေးဖွယ်ရှိနေပါတယ်။

XS
SM
MD
LG