သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး အတွက် TNLA ပူးပေါင်းဆောင်ရွက်မည်


တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ရေးလေ့ကျင့်နေစဉ်။ (သတင်းဓာတ်ပုံ-
PSLF -TNLA News & Information Department)
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ရေးလေ့ကျင့်နေစဉ်။ (သတင်းဓာတ်ပုံ- PSLF -TNLA News & Information Department)

အစိုးရတပ်နဲ့ ခုချိန်ထိ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃-ဖွဲ့အနေနဲ့ လက်နက်ချစရာ မလိုပဲ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်ခွင့် ရမယ်လို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူးက ပြောဆိုလိုက်တဲ့အပေါ် သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားနိုင်မှာဖြစ်တယ်လို့ တအာင်းပလောင်တပ်ဖွဲ့ TNLA ကပြောဆိုလိုက်ပါတယ်။ လာမယ့် ၂၁ရာစု ပင်လုံညီလာခံဟာ တဘက်နဲ့တဘက် အလုပ်ဖြစ်အောင် ဘယ်လောက်ထိ အလျှော့ပေး နိုင်မလဲ ဆိုတဲ့အချက်ပေါ် အများကြီးမူတည်ကြောင်း TNLA တပ်ဖွဲ့ကပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

TNLA တအာင်းပလောင်တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ AA ရခိုင့်တပ်မတော်-ဒီ ၃ဖွဲ့အနေနဲ့ လက်နက်ချပြီးမှသာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာရမယ် ဆိုပြီး မြန်မာ့တပ်မတော်က အရင်က ကန့်သတ်ချက်ထားခဲ့ပေမယ့် အခုတော့ လက်နက်ချစရာ မလိုတော့ပဲ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ မှာ ပါဝင်ခွင့်ရမယ်လို့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူးဒုဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးက ကြာသာပတေး မနေ့တုန်းက Reuters သတင်းဌာနကို ပြောဆိုခဲ့တာပါ။

ဒီပြောဆိုချက် ခိုင်မာခဲ့ရင် သူတို့အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပူးပေါင်း ပါဝင် သွားမှာဖြစ်တယ်လို့ TNLA တပ်ဖွဲ့ပြောခွင့်ရသူ ဗိုလ်မှူး တာအိုက်ကျော် က ပြောဆိုလိုက်ပါတယ်။

"တပ်မတော်ရဲ့သဘောထားကတော့ လက်နက်စွန့်စရာမလိုပဲ အားလုံးပါဝင်ရမယ်။ ငြိမ်းချမ်းရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေ မူဘောင်တွေ အကုန်လုံး လျှောက် လှမ်းကြမယ် ငြိမ်းချမ်းရေးကိစ္စကိုပဲ ဖြေရှင်းကြမယ် လို့ ပြောဆိုကြမယ် ကမ်းလှမ်းလာလို့ရှိရင် ကျနော်တို့ဘက်ကလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်။ ကျန်တဲ့ငြိမ်းချမ်းရေးဖြစ်စဉ် နိုင်ငံရေးဆွေးနွေးမှုတော့ ပိုပြီး မြန်ဆန်မယ် ပိုပြီးလွယ်ကူမယ်လို့ ကျနော်တို့မြင်တယ်ပေါ့။"

TNLA၊ MNDAA နဲ့ AA တပ်တွေဟာ လက်နက်ချပြီးမှ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို လာဖို့ဆိုတာ အခက်ခဲရှိနေတယ်ဆိုတာကို သိတာကြောင့် လက်နက်ချစရာ မလိုပဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးမှာဖြစ်ပေမယ့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်ဖို့ ဆန္ဒရှိကြောင်း ပြသဖို့ တော့ လိုအပ်တယ်လို့ ဒုဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးက Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ ဒီကိစ္စကတော့ လက်တွေ့မှာ ခဲယဉ်း ကြောင်း ဗိုလ်မှူး တာအိုက်ကျော်က ပြောပါတယ်။

" ကျေျနာ်တို့ လက်နက်ကိုင်တဲ့ လမ်းစဉ်ကမမှန်ဘူး။ ပြဿနာကို ဖြေရှင်းတဲ့ လမ်းမဟုတ်ဘူးဆိုတာ ကျနော်တို့က သဘောပေါက်တယ်။ ဒါပေမဲ့ အခုအချိန်မှာ နိုင်ငံရေး အာမခံချက် တစုံတရာမရှိပဲနဲ့ သူတို့လိုချင်တဲ့ပုံစံ အရင် လိုက်လျောတာတော့ ဘယ်လိုပဲဖြစ်ဖြစ်ကတော့ လက်ခံနိုင်မှာ မဟုတ်ဘူးပေါ့နော်။ အထူးသဖြင့်ကတော့ ကျနော်တို့ နိုင်ငံရေးအာမခံချက် အထူးသဖြင့်ကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ အတွက်ရယ် တန်းတူညီမျှခွင့်ရဖို့ အတွက်ရယ် အဓိက ကတော့ ကျနော်တို့က ဒီအချက်တွေကို ဦးတည်ပြီးမှ တောင်းဆိုတာ ရှိတယ်။ အဲ့တာက ဆွေးတောင် မဆွေးနွေးရသေးဘူး။ အဲ့တာဆို လက်နက်စွန့်ရမယ် ဆိုရင်တော့ ကျနော်တို့ကို အကုန်လုံး အာမခံချက်ပေးရမယ် ဆိုရင်တော့ တော်တော်လေး ခဲယဉ်းတဲ့ကိစ္စဖြစ်တယ်။"

၂၁ ရာစု ပင်လုံညီလာခံမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုး ထားတဲ့လူတွေကိုလည်း တက်နိုင်တဲ့ အနေအထားမျိုး ဖန်းတီးချင်တယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီခေါင်းဆောင်တွေနဲ့ ဇူလိုင် ၁၇-ရက်နေ့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အခွင့်အရေးရမယ့် အခြေအနေတော့ တူမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အကယ်၍သာ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့ သူတို့ကို ဖိတ်ကြားခဲ့မယ် ဆိုရင် သူတို့အနေနဲ့တက်မှာဖြစ်ပြီး၊ ကောင်းမွန်တဲ့ ရလဒ်တွေထွက်လာဖို့ကတော့ တဘက်နဲ့တဘက် ဘယ်လောက်ထိ အလျှော့ပေးနိုင်မလဲဆိုတဲ့ အချက်ပေါ် မူတည်ကြောင်း TNLA ပြောခွင့်ရ တာအိုက်ကျော်က ပြောဆိုပါတယ်။

"ဒီ ၂၁ရာစုပင်လုံညီလာခံကို ဘယ်လိုပုံစံနဲ့သွားကြမလဲဆိုတာ အကုန်လုံးက မသိသေးဘူးပေါ့နော်။ ဒွိဟဖြစ်နေကြတယ်။ သူတို့ရဲ့ မူဝါဒက ဘယ်လိုပုံစံနဲ့ ကျင်းပမှာလဲ။ သူတို့ရဲ့ဦးတည်ချက် ဆွေးနွေးမယ့် ရည်ရွယ်ချက်ရော ဆွေးနွေးမယ့်ခေါင်းစဉ်က အခုထက်ထိ ဘယ်သူမှလဲ ပြောနိုင် မယ့် အနေအထားလည်း မရှိသေးဘူး။ တဘက်ကလည်း အစိုးရဘက်ကလုပ်မယ်ဆိုရင်လည်း တပ်ဘက်က သဘောမပါဘူးဆိုရင်လည်း အစိုးရဘက်က ဘာမှ မလုပ်ရဲပဲနဲ့နှောင့်နှေးနေတာလည်း တွေ့ရတယ်။ အဲ့တာကြောင့်မို့လို့ ၂၁ရာစုညီလာခံအပေါ်မှာ အစိုးရနဲ့ တိုင်းရင်းသားကြား တပ်နဲ့တိုင်းရင်းသားကြား ယုံကြည်မှု ဘယ်လောက်အထိ ထားနိုင်မလဲ အလုပ်ဖြစ်အောင် ဘယ်လိုဆွေးနွေးကြမလဲ အကုန်လုံးဝိုင်းဝန်းပြီးမှ လျှော့နိုင်တဲ့ဟာ စုပေါင်းပြီးမှ လျော့သွားလို့ရှိရင်တော့ လွယ်ကူမယ့်သဘောတော့ အဲ့လိုမျိုး သုံးသပ်လို့ရတယ်။"

TNLA၊ MNDAA နဲ့ AA တပ်တွေဟာ အစိုးရတပ်တွေနဲ့ လတ်တလောတိုက်ပွဲဖြစ်နေဆဲဖြစ်ပြီး၊ ပြီးခဲ့တဲ့ သြဂုတ်လ၂ ရက်နေ့ထိ ရှမ်းပြည် မြောက်ပိုင်းမှာ တပ်မတော်နဲ့ TNLA တပ်တွေကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG