သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကချင်ဒုက္ခသည်စခန်း သွားရောက်


 အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski
အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဦးဆောင်တဲ့အဖွဲ့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုသွားရောက်ခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံခဲ့သလို လူမှုရေးအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ် ။ ဒါ့အပြင် စစ်ဘေးရှောင်ဒုက္ခသည် စခန်းတွေဆီကို သွားရောက်ခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုစည်သူက တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့အဖွဲ့ဟာ မနေ့က တနင်္ဂနွေနေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိပြီးတော့ ကချင်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် လူမှုအဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံခဲ့တာမှာ လူ့အခွင့်အရေး အခြေအနေတွေအပါအဝင် ကချင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့တာကိုတော့ ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်ဘောက်ဂျာက အခုလိုပြောပါတယ်။

“ဆွေးနွေးခဲ့တဲ့ကိစ္စက အကြမ်းဖျင်းက နံပါတ် (၁) ကတော့ ငြိမ်းချမ်းရေးပေါ့၊ နံပါတ် (၂) ကတော့ ဒုက္ခသည်ကိစ္စပေါ့။ နံပါတ် (၃) ကတော့ မူးယစ်ဆေးဝါးကိစ္စပေါ့။ အဲဒီ သုံးခုကို သူတို့လည်း မေးခွန်းတွေဘာတွေ မေးပေါ့။ ဒီကတော့ ဝန်ကြီးချုပ်မရှိဘူးဆိုတော့ နယ်လုံဝန်ကြီးက leading လုပ်ပီး ဖြေသွားတာပါရှင့်။ ကျမရယ်၊ အစိုးရအတွင်းရေးမှူးရယ်၊ နောက်ပြီးတော့မှ ဥပဒေချုပ် လေးယောက်ပါရှင့်။”

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့အဖွဲ့ဟာ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နဲ့လည်း မနေ့က နေ့လည်ပိုင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ တိုင်းရင်းသားမျိုးနွယ်စုအရေးတွေကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးစိုင်းစန်းဝေက ပြောပါတယ်။

“အဓိကကတော့ ဒေသခံ ရှမ်းတိုင်းရင်းသားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ သူတို့က သိရှိပါတယ်-တဲ့။ အဲဒီအပေါ်မှာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် သူတို့လုပ်သင့်တာကိုလည်း သူတို့ လုပ်ပါမယ်ဆိုပြီးတော့ ပြောသွားတာပေါ့။ ကချင်နဲ့ရှမ်း အတူတူ ယှဉ်တွဲနေထိုင်ဖို့ရန်အတွက် တွေ့ဆုံဆွေးနွေးမှုလည်း ရှိရမယ်ဆိုတဲ့အနေအထားပေါ့၊ အဲဒါ ဆွေးနွေးသွားတာပေါ့။ KIA ကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စကိုလည်းပ KIA နဲ့လည်း တွေ့ဆုံဖြေရှင်းသင့်တယ်ဆိုတာကိုလည်း ဒီလိုလည်း ပြောသွားပါတယ်။ အခုက အဖွဲ့ပေါင်းစုံ လာတွေ့တဲ့အတွက်ကြောင့်မို့လို့က ကျနော်တို့ ဒေသခံရှမ်းတွေရဲ့ အရေးကိုလည်း စိတ်ဝင်စားပေးပြီးတော့မှ ဆောင်ရွက်နိုင်မယ်လို့ပဲ ယုံကြည်မျှော်လင့်တာပေါ့။ ”

ဒီကနေ့မှာတော့ ဘာသာရေးခေါင်းဆောင်တွေ၊ ဒုက္ခသည်ကူညီပေးရေးဆောင်ရွက်နေသူတွေနဲ့ မြစ်ကြီးနားမြို့မှာ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ ဒုက္ခသည်တွေရဲ့ နေရပ်ပြန်နိုင်ရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ကချင်နှစ်ခြင်းခရစ်ယာန် စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီထောက်ပံ့ရေးအဖွဲ့ KBC ရဲ့ လူမှုကူညီရေးဌာန ညှိနှိုင်းရေးမှူး ဦးစိုင်းလီက ပြောပါတယ်။

“ကျနော်တို့ဆွေးနွေးဖြစ်တာက အဓိက-လက်ရှိ ကချင်ပြည်နယ်မှာရှိတဲ့ စစ်ပြေးတဲ့အခြေအနေရယ်၊ လူသားချင်းဆိုင်ရာ အကူအညီပေါ့နော်၊ အဲဒါလည်း ပြောဖြစ်တယ်။ နောက်ပြီးတော့ ကချင်ပြည်နယ်မှာ ဒေသခံအဖွဲ့အစည်းကနေပြီးတော့ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးပြဿနာ တော်တော်လေးကို ဆိုးရွားနေတဲ့ဟာတွေကို ကျနော်တို့ တင်ပြသွားတယ်။ နောက်တခုကတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက်ကို သူတို့မေးတယ်ပေါ့နော်။ ဒါပေမယ့်လည်း ပြည်သူတွေအနေနဲ့ ဒေသခံအဖွဲ့အစည်းတွေ ပြောတာကတော့ ၂၀၁၅ ရွေးကောက်ပွဲကလည်းပဲ အရင်က ၂၀၁၀-၂၀၁၁ ရွေးကောက်ပွဲနဲ့ ခပ်ဆင်ဆင်လောက်ပဲ ရှိသွားမယ်၊ ယုံကြည်မှုမရှိဘူးဆိုတာကိုပဲ အဓိကထားပြီး ပြောသွားတာပဲဖြစ်တယ်။”

လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ မြစ်ကြီးနားမြို့က စစ်ဘေးရှောင်ဒုက္ခသည်စခန်းတချို့ဆီကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ရဲ့ အခုခရီးစဉ်ဟာ ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့နှစ် ၂၀၁၄ ဇွန်လမှာလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လာရောက်လေ့လာဖူးပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ လူ့အခွင့်အရေးအခြေအနေတွေအပါအဝင် လယ်မြေသိမ်းဆည်းမှု ပြဿနာတွေ၊ တရားရေးစနစ် ပြုပြင်ပြောင်းလဲရေးတွေနဲ့ သတင်းသမားတွေ ဖမ်းဆီးခံရမှုတွေအကြောင်း နေပြည်တော်မှာ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့လည်း ရှိပါတယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးသန့်တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပါတယ်ခင်ဗျာ။

XS
SM
MD
LG