သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုမှု တိုက်ဖျက်ရေး မြန်မာအဆင့် လျော့ကျ


အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ကျင်းပတဲ့ ၂၀၁၆ ခုနှစ် လူကုန်ကူးမှု နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်ပွဲ အခမ်းအနား ကန်နိုင်ငံခြားရေးဝန်ကြီး မိန့်ခွန်းပြော။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ကျင်းပတဲ့ ၂၀၁၆ ခုနှစ် လူကုန်ကူးမှု နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်ပွဲ အခမ်းအနား ကန်နိုင်ငံခြားရေးဝန်ကြီး မိန့်ခွန်းပြော။

မြန်မာနိုင်ငံဟာ လူကုန်ကူးမှု စောင့်ကြည့်ခံ Tier 2 အဆင့် ၂ စာရင်းမှာ ၄ နှစ်ဆက်တိုက် ရှိနေခဲ့ပြီး သတ်မှတ်ချက်အရ Tier 2 စာရင်းထဲမှာ ထည့်သွင်းလို့ မရတဲ့အတွက် မြန်မာအစိုးရကို တွန်းအားပေးတဲ့အနေနဲ့ Tier 3 အဆင့်ကို လျော့ချ သတ်မှတ်လိုက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကိုပြောပါတယ်။ မနေ့က ထုတ်ပြန်တဲ့ ၂၀၁၆ခုနှစ် နိုင်ငံတကာလူကုန်ကူးမှု အစီရင်ခံစာမှာ ပါတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကနေ သီးသန့်ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

၂၀၁၆ခုနှစ် နိုင်ငံတကာလူကုန်ကူးမှု အစီရင်ခံစာ
၂၀၁၆ခုနှစ် နိုင်ငံတကာလူကုန်ကူးမှု အစီရင်ခံစာ

မြန်မာနိုင်ငံကို လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ လုံးဝပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ နိုင်ငံTier3 အဆင့် ၃ အဖြစ် လျော့ချသတ်မှတ်လိုက်တာနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာနခွဲ ရဲ့ ပြောခွင့်ရအမျိုးသမီး Gabrielle Price က ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။

"အစီရင်ခံစာရေးသားတဲ့ကာလဖြစ်တဲ့ ဧပြီလ ၁ ရက် ၂၀၁၅ခုနှစ်ကနေ မတ်လ ၃၁ ရက် ၂၀၁၆ခုနှစ်အတွင်း မြန်မာအစိုးရဟာ Tier 2 အဆင့် ၂ စောင့်ကြည့်ခံ စာရင်းမှာပဲ ဆက်ပြီးရှိနေတာပါ။ ဒါပေမဲ့လည်း ဒီလို အဆင့် ၂ စောင့်ကြည့်ခံ စာရင်းမှာ မြန်မာနိုင်ငံဆက်ပြီးရှိနေပေမဲ့ လေးနှစ်ဆက်တိုက် ကြာမြင့်လာတဲ့အတွက် အမေရိကန်ပြည်ထောင်စုဥပဒေအရ ဒီအဆင့်မှာ ဆက်ပြီးထားလို့ မရတဲ့အတွက် Tier 3 အဆင့်၃ အဖြစ်လျော့ကျသွားခဲ့တာဖြစ်ပါတယ်။"

ဒါ့အပြင် ကြေညာချက်မှာ နယ်စပ်ဖြတ်ကျော်ပြီး လိင်ဖျော်ဖြေရေးနဲ့ အလုပ်သမားအတွက် လူကုန်ကူးတဲ့ ရာဇဝတ်မှုတွေ အဓိက ကျူးလွန်သူတွေ ကို မြန်မာအစိုးရက စုံစမ်းစစ်ဆေးပြီး အရေးယူတာတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်းဖေါ်ပြထားပါတယ်။

ကလေးစစ်သားစုဆောင်းမှုအခြေအနေနဲ့ပတ်သက်ရင်လည်း မြန်မာအစိုးရဟာ စစ်တပ်မှာအတင်းအဓမ္မစုစောင်းခံရတဲ့ ကလေးစစ်သားတွေကိုလည်း ဖေါ်ထုတ်ပြီး စစ်မှုထမ်းအဖြစ်မှ ထွက်ခွင့်ပေးတာတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ တယ် လို့ ရေးသားထားပါတယ်။ ဒါပေမဲ့လို့လဲ ကျူးလွန်သူတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ အရေးယူ လုပ်ဆောင်ချက်တွေဟာ လုံလောက်မှုမရှိဘူးလို့ Gabrielle Price ကပြောပါတယ်။

"ကလေးစစ်သားစုဆောင်းတဲ့ ပြစ်မှုကိုကျုးလွန်တဲ့အတွက် စစ်တပ်အရာရှိ ၁၁ ဦးနဲ့ အရာခံအကြပ်တပ်သား၁၄ ဦးကို ကာကွယ်ရေးဝန်ကြီးဌာန ကနေ ဖေါ်ထုတ် အရေးယူတာ၊ ဒဏ်ငွေရိုက်တာ ဒါမှမဟုတ် ပင်စင်လစာလျော့ချတာမျိုးတွေအပါအဝင် အပြစ်ပေးအရေးယူခဲ့ပါတယ်။ ဒါပေမဲ့လည်း ဆိုးရွားလှတဲ့ ကလေးစစ်သား စုဆောင်းမှုကို ကျူးလွန်တဲ့ ပြစ်မှုအတွက် ဒီအရေးယူမှုဟာ မျှတမှုတော့မရှိပါဘူး။ အသက်အရွယ်ငယ်သူတွေကို စစ်တပ်တွင်း လူသစ်အနေနဲ့စုဆောင်းမှုကို ဥပဒေအရတားမြစ်ထားသလို အရာခံအကြပ်တပ်သားတချို့ကို စစ်တပ်က အပြစ်ပေးနေတယ်ဆိုပေမဲ့ အရပ်သားပွဲစားတွေ၊ စစ်တပ်အရာရှိတွေကို အရပ်ဖက်တရားရုံးတွေကနေ အမှုဖွင့် အရေးယူခြင်းမရှိခဲ့ပါဘူး။"

ဒါ့အပြင် အတင်းအဓမ္မလုပ်အားစေခိုင်းမှုကိုကျူးလွန်တဲ့ အရပ်သားအရာရှိတွေကို အပြစ်ပေးအရေးယူဖို့ ၂၀၁၂ခုနှစ် ရပ်ကျေးအုပ်ချုပ်ရေးဥပဒေ ဒါမှမဟုတ် အခြားသင့်တော်တဲ့ ဥပဒေတွေကို အာဏာပိုင်တွေဘက်က အသုံးပြုခြင်း လုံးဝမရှိခဲ့ဘူးလို့လည်း ကြေညာချက်မှာဖေါ်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာရေးသားနေတဲ့ ကာလ အတွင်းမှာလည်း စစ်တပ်အရာရှိတွေနဲ့ အရပ်သားအရာရှိတွေဟာ အမျိုးသားတွေ၊ အမျိုးသမီးတွေအပြင် ကလေးတွေကိုပါ အတင်းအဓမ္မ လုပ်အားခိုင်းစေတဲ့အပြင် စစ်သားစုဆောင်းသူတွေနဲ့ အရပ်သားပွဲစားတွေကလည်း ကလေးစစ်သား စုဆောင်းမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဒီလို လူကုန်ကူးမှု ကျူးလွန်တဲ့ပြစ်မှုတွေအတွက် အရပ်သားအရာရှိတွေကို အရေးယူ အပြစ်ပေး ကိုင်တွယ်တဲ့နေရာမှာ အစိုးရဘက်က အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး လို့လည်း ကြေညာချက်မှာ ရေးသားထားပါတယ်။

အခုလို ကလေးစစ်သားစုဆောင်းမှုတွေဆက်ပြီးရှိနေသေးတဲ့ မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုရဲ့ စစ်ရေးအကူအညီပေးမယ့်အစီအစဉ် မပြုလုပ်ဖို့ နယူးရောက်အခြေစိုက် HRW နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ကြီးကတောင်းဆိုကြောင်း အဖွဲ့ရဲ့ ကလေးအခွင့်အရေးဆိုင်ရာ ညွန်ကြားရေးမှူး Jo Becker က ဗွီအိုအေကိုပြောပါတယ်။

"အမေရိကန်နိုင်ငံခြားရေးဌာနကနေ ကလေးစစ်သား စုဆောင်းမှုတွေ ရှိနေတဲ့ နိုင်ငံတွေရဲ့စာရင်းကို နှစ်စဉ်ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံဟာ ၂၀၁၀ခုနှစ်ကစပြီး နှစ်တိုင်းဖေါ်ပြခံခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ကနေ ကလေးတွေကို တပ်သားသစ်အဖြစ် ဆက်ပြီး စုဆောင်းနေလို့ဖြစ်ပါတယ်။ မြန်မာအစိုးရက ကလေးစစ်သား စုဆောင်းမှု ကာကွယ်ရေးမှာ အနည်းငယ်တိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့သလို ကလေးစစ်သားတွေကိုလည်း စစ်တပ်ကနေ ပြန်ပြီး လွှတ်ပေးလိုက်တာ မျိုးတွေတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ဆက်ပြီးစုဆောင်းနေဆဲပဲ ဆိုတဲ့ အချက်အလက်တွေရှိနေတာကြောင့်လည်း ဒီနှစ်အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ဆက်ပြီးပါနေတာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၈ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ အမေရိကန်ဥပဒေအရ ကလေးစစ်သားအသုံးပြုနေဆဲ မြန်မာနိုင်ငံကို အမေရိကန်အစိုးရက စစ်ရေးအကူအညီတွေ ပေးလို့မရပါဘူး။ အနာဂတ်နှစ်နိုင်ငံဆက်ဆံရေးမှာလည်း ဒီကိစ္စကိုထည့်သွင်းစဉ်းစားပြီး ကလေးစစ်သားစုဆောင်းမှုတွေရှိနေသမျှ အမေရိကန်ဘက်က မြန်မာကို စစ်ရေးအကူအညီ မပေးဖို့ ကျမတို့တောင်းဆိုပါတယ်။"

၂၀၁၆ခုနှစ် နိုင်ငံတကာလူကုန်ကူးမှု အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်ပေါင်း ၁၂၀,၀၀၀ နီးပါးလောက်ရှိနေပြီး သူတို့တွေဟာ လူကုန်ကူးမှုခံရမယ့် အန္တရာယ်တွေ တိုးလာနေကြောင်းဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG