သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်တွင်း Trump မိန့်ခွန်းပြောဖို့ ဗြိတိန်အောက်လွှတ်တော်ဥက္ကဌ လက်မခံ


 ဗြိတိန်အောက်လွှတ်တော်ဥက္ကဌ
ဗြိတိန်အောက်လွှတ်တော်ဥက္ကဌ

အမေရိကန် သမ္မတ Donald Trump ဒီနှစ်ကုန်ပိုင်း နိုင်ငံတော် ခရီးစဉ် အဖြစ် ဗြိတိန်နိုင်ငံကို လာတဲ့ အခါမှာ ဗြိတိန် လွှတ်တော်မှာ စကားပြောခွင့်ပေးဖို့ အခိုင်အမာ ဆန့်ကျင်တယ်လို့ ဗြိတိန် အောက်လွှတ်တော် ဥက္ကဌက ပြောဆိုလိုက်ပါတယ်။

ဗြိတိန် လွှတ်တော်မှာ မိန့်ခွန်း ပြောခွင့်ဟာ အလိုအလျောက် ရတဲ့ အခွင့်အရေး မဟုတ်ဘဲ၊ ဂုဏ်ပြုမှု တခု ဖြစ်တယ်လို့ မနေ့ တနလာၤနေ့က အောက်လွှတ်တော် ဥက္ကဌ John Bercow က ပြောဆိုတာ ဖြစ်ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် Theresa May ပြီးခဲ့တဲ့လက အမေရိကန် သမ္မတ အိမ်ဖြူတော်ကို ရောက်ရှိစဉ် အတွင်း သမ္မတ Trump ကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်မှာ စကားပြောခွင့်ရဖို့ အတည်ပြုပေးရသူတွေထဲမှာ အောက်လွှတ်တော် ဥက္ကဌကလည်း တဦး အပါအဝင် ဖြစ်ပါတယ်။

အမေရိကန် သမ္မတ Trump အနေနဲ့ ဗြိတိန် လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ အစီအစဉ်တော့ မရှိသေးပါဘူး။ ဒါပေမယ့် အရင် နိုင်ငံတော် ခရီးစဉ်တွေမှာတော့ လွှတ်တော်မှာ မိန့်ခွန်းပြောတာကလည်း ကဏ္ဍတခု အနေနဲ့ ပါဝင်ခဲ့တာပါ။

သမ္မတဟောင်း Barack Obama လည်း ၂၀၁၁ ခုနှစ်က မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန် နိုင်ငံသား ၁ ဒသမ ၈ သန်းကျော်တို့က အမေရိကန် သမ္မတ Trump ရဲ့ ဗြိတိန် ခရီးစဉ်ကို ဖျက်သိမ်းပေးဖို့ အတွက် လက်မှတ်ရေးထိုး တောင်းဆိုထားကြပါတယ်။

တဘက်မှာလည်း အမေရိကန် သမ္မတ လာရောက်မယ့် ခရီးစဉ်ကို ထောက်ခံသူတွေရဲ့ လက်မှတ်ထိုး လှုပ်ရှားမှု တခုလည်း တန်ပြန်ပေါ်ပေါက် လာပြီး အခုဆိုရင် လက်မှတ်ထိုးတောင်းဆိုသူပေါင်း ၂ သိန်းခွဲလောက် ရှိနေပါပြီ။ ဗြိတိန် လွှတ်တော် အမတ်တွေလည်း ဒီလကုန်ပိုင်းမှာ ဒီကိစ္စ ဆွေးနွေးငြင်းခုံကြမယ်လို့ ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG