သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ကို Donald Trump ဖိတ်ကြား


ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha
ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha

အမေရိကန် သမ္မတ Donald Trump က ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ကို သမ္မတ အိမ်ဖြူလာဖို့ ဖိတ်ကြားခဲ့တဲ့ နောက်မှာ ဆယ်နှစ်လောက် အဆင်မပြေ ဖြစ်နေတဲ့ အမေရိကန်နဲ့ ထိုင်း ၂ နိုင်ငံကြား ဆက်ဆံရေးဟာ ခေတ်သစ်ထဲ ဝင်လာခဲ့ပြီလို့ နိုင်ငံရေးအကဲခတ် တွေက သုံးသပ်ကြပါတယ်။ ဘန်ကောက်အခြေစိုက် VOA သတင်းထောက် Ron Corben သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ကို သမ္မတအိမ်ဖြူလာရောက် လည်ပတ်ဖို့ တရားဝင်ဖိတ်ကြား ချိန်မှာ သမ္မတ Trump က ကုန်သွယ်ရေးနဲ့ စီးပွါးရေး ဆက်ဆံမှု ပိုမိုခိုင်မြဲအောင် လုပ်ချင်တဲ့ ဆန္ဒတူညီကြတဲ့ အမေရိကန်နဲ့ ထိုင်း ၂ နိုင်ငံကြား ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့တာကို အလေးထား ပြောခဲ့သလို အာရှဒေသရဲ့ အနီးကပ်မိတ်ဆွေဖြစ် တက်တက်ကြွကြွနဲ့ ဦးဆောင်ဖို့ အမေရိကန်ရဲ့ သံဓိဌာန်ကို ထပ်လောင်း ပြောကြားခဲ့တာပါ။

ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်အတွင်း တင်းမာခဲ့တဲ့ အမေရိကန်နဲ့ ဆက်ဆံရေးပြန်ပြီး ကောင်းလာတဲ့ သဘောကို ပြလာတာ ဖြစ်ပါတယ်။ Chulalongkorn တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနက Thitinan Pongsudhirak ကတော့ အမေရိကန်ရဲ့ အခုလို ကမ်းလှမ်းမှုကို ထိုင်းက လက်ခံချင်နေတာပါလို့ ပြောပါတယ်။

“ အမေရိကန်ရဲ့ ကနဦး ကမ်းလှမ်းမှုကို ထိုင်းက ချက်ချင်းလက်ခံခဲ့တာပါ။ ဝါရှင်တန်ကို လာဖို့ သမ္မတ Trump ရဲ့ ကမ်းလှမ်းချက်ကို ဝန်ကြီးချုပ် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Prayut ကချက်ချင်း လက်ခံခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ထိုင်းက အမေရိကန်ဘက်က ကမ်းလှမ်းမှုကို လိုချင်နေသလို ဒီလိုကမ်းလှမ်းလာ မှာကို စောင့်နေတာပါ။”

ထိုင်းဒုတိယဝန်ကြီးချုပ် Prawit Wongsawan ရဲ့ လုံခြုံရေးအကြံပေး Panitan Wattanayagorn ကတော့ အခုလို အဆင့်မြင့်ဆက်သွယ်ရေး ပြန်လုပ်လာတာဟာ ၂ နိုင်ငံ ဆက်ဆံရေး ခေတ်သစ်ရောက်လာတာကို ပြနေတယ်လို့ ပြောပါတယ်။

“ ပြည်တွင်းရေးနဲ့ မူဝါဒ အပြောင်းအလဲတွေကြောင့် ၂ နိုင်ငံကြား တွေ့နေရတဲ့ အဆင်မပြေမှု အခက်ခဲတွေ ကျော်လွှားနိုင်တဲ့ အနေအထား ဖြစ်လာနေပါပြီ။ ဒီဆက်ဆံရေးသစ်ဟာ လက်ဟောင်းတွေပေါ် အခြေခံရတာ ဖြစ်ပေမယ့် ရှေ့ရှောက် ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ မျှော်လင့်ထားပါတယ်။”

၂ နိုင်ငံကြား လုံခြုံရေး၊ စီးပွါးရေး၊ နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆယ်နှစ်လောက် ပြတ်တောက်ခဲ့တာမို့ ဒါကို ပြန်ပြီး ဆက်နိုင်ဖို့ ၂ ဖက်စလုံးက သိပ်အလေးထားသလို ဒါဟာ ထိုင်းနဲ့ အာဆီယံ နိုင်ငံအများစုတင် မကပဲ အမေရိကန်ကလည်း အလားတူ သဘောထားတယ်လို့လည်း ပြောပါတယ်။

သမ္မတ Trump ဟာ ထိုင်းကိုသာမကပဲ စင်္ကာပူနဲ့ ဖိလစ်ပိုင် ခေါင်းဆောင်တွေကိုပါ ဖိတ်ခေါ်ခဲ့တာ ဖြစ်သလို နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကလည်း အာဆီယံ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ခေါ်ဆွေးနွေးနေတာပါ။

ထိုင်းအရာရှိတွေဟာ သမ္မတ Trump တက်လာတဲ့ ဒီနှစ်ဆန်းကစပြီး အမေရိကန်နဲ့ သံတမန်ရေးပြန်ဆက်နိုင်ဖို့ ကြိုးစား ခဲ့ပါတယ်။ အမေရိကန်နဲ့ ထိုင်းတို့ကြား ၂၀၀၆ ခုနှစ် ဝန်ကြီးချုပ် Thaksin Shinawatra ကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကစပြီး ဆက်ဆံရေး မပြေလည်ခဲ့ဘူးလို့ ထိုင်းအထက်လွှတ်တော် အမတ်ဟောင်း Kraisak Choonhavan ကပြောပါတယ်။

ဒါပေမယ့်လည်း အရွေးကောက်ခံ သမ္မတဖြစ်တဲ့ Thaksin လက်ထက်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းနဲ့ လူပေါင်း ၂၅၀၀ ကျော် အသတ်ခံရတာတွေ၊ တောင်ပိုင်း ဒေသ အရေးကိုင်တွယ်တာတွေကနေ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ရှိပေမယ့် အမေရိကန်က လျှစ်လျူရှုခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

အခု ၂၀၁၄ မှာတော့ အာဏာသိမ်းပြီးတက်လာတဲ့ Prayut ကို သမ္မတ အိုဘားမားလက်ထက်မှာ အမေရိကန်က ရော ဥရောပနဲ့ Australia မဟာမိတ်တွေကပါ ဝိုင်းပြီး စစ်ရေးဆက်ဆံမှုတွေ ဖြတ်တောက်ခဲ့တာကနေ ထိုင်းက ရုရှားနဲ့ တရုတ်တို့နဲ့ ဆက်ဆံရေး တိုးလာခဲ့တာပါ။

တရုတ်နဲ့ တိုးလာတဲ့ဆက်ဆံရေးမှာ စစ်ရေးပူးပေါင်းမှုတွေပါ ပါနေတာ ဖြစ်ပြီး မကြာသေးခင်ကပဲ တရုတ်လုပ် သံချပ်ကာ ကားတွေနဲ့ ဒေါ်လာ သန်းတထောင်လောက်တန်တဲ့ တရုတ်လုပ် ရေငုတ်သင်္ဘော ၃ စင်းဝယ်ယူဖို့ အော်ဒါမှာခဲ့တာဖြစ်သလို အရင်က အမေရိကန်နဲ့ရှိတဲ့ ပုံမှန်ဆက်ဆံရေး တွေ လျော့လာတာပါ။

အခုတော့ နှစ်ရှည်လများ ရင်းရင်းနှီးနှီး ရှိခဲ့တဲ့ အမေရိကန်နဲ့ ထိုင်း ၂ နိုင်ငံဆက်ဆံရေး ပြန်ကောင်းလာမယ့် အခြေနေမို့ ကြိုဆိုတယ်လို့ ထိုင်းဒီမိုကရက်တစ် အထက်လွှတ်တော် အမတ်ဟောင်း Kraisak ကပြောပါတယ်။

“ထိုင်းနိုင်ငံအတွက် ကြိုဆိုရမှာပါ။ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီပြန်ရဖို့ တခုထဲကိုပဲ ထည့်တွက်ပြီး ကျွန်တော်တို့ကို လျှစ်လျူရှုထားဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အခု သမ္မတ Trump ချဉ်းကပ်တဲ့ ပုံစံသစ်က ဒါကို ပြောင်းသွားစေတာမို့ ကြိုဆိုရမှာပါ။”

ဒါပေမယ့်လည်း လူ့အခွင့်ရေး အဖွဲ့တွေကတော့ ထိုင်းနိုင်ငံက လူ့အခွင့်ရေးချိုးဖေါက်မှုတွေ၊ လူကုန်ကူးမှုတွေနဲ့ တခြားလူမှု ပြဿနာတွေ အတွက် စိုးရိမ်နေတာပါ။ နယူးရောက် အခြေစိုက် Human Rights Watch လူ့အခွင့်ရေးအဖွဲ့က Phil Robertson ကတော့ လူ့အခွင့်ရေးကို ဂရုစိုက်တဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒကို သမ္မတ Trump က ပစ်ပယ်တယ်ဆိုတာ သက်သေပြနိုင်တဲ့ အချက်တခု ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

အကဲခတ်တွေကတော့ အခုလို ၂ နိုင်ငံ ဆက်ဆံရေး ပြန်လုပ်တာဟာ တရုတ်ရဲ့ အရှေ့တောင်အာရှ ဒေသတွင်းသြဇာလွှမ်းမိုးဖို့ ကြိုးစားမှုကို ချိန်ခွင်လျှာ ညှိတာ ဖြစ်သလို မြောက်ကိုရီးယားကို အမေရိကန်ရဲ့ သံတမန်နည်းလမ်း ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတာကို ဖြေရှင်းရေးမှာ အထောက်ကူ ရစေမယ်လို့ သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG