သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်မှု Trump ဝန်ခံ


သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရတဲ့ Donald Trump က ရွေးကောက်ပွဲပြီးနောက်ပိုင်း ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေက ရုရှားက အမေရိကန် ရွေးကောက်ပွဲမှာ ဝင်ရောက် စွက်ဖက်ခဲ့တယ်ဆိုတဲ့ ကိစ္စကို ဦးစားပေး မေးခဲ့ကြသလို Donald Trump က သူ့အစိုးရ လက်ထက်အတွင်း လုပ်ဆောင်သွားမယ့် အဓိကကျတဲ့ ကိစ္စရပ်တွေကိုလည်း ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတော့မယ့် Donald Trump ဟာ ၆ လနီးပါးကြာ သတင်းစာရှင်းလင်းပွဲ မလုပ်ဘဲ နေခဲ့ရာက ဗုဒ္ဓဟူးနေ့မှာ ပထမဆုံးအကြိမ်အဖြစ် နယူးယောက်မြို့မှာ အကြောင်းအရာစုံ၊ ကဏ္ဍစုံ ပါဝင်တဲ့ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။

သူရွေးကောက်ပွဲမှာ အနိုင်ရရေးအတွက် ရုရှားအစိုးရက ဝင်ရောက် စွက်ဖက်ခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးအသိုင်းဝိုင်းက အစီရင်ခံ ထုတ်ပြန်ပြီး ၅ ရက်အကြာမှာ အခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်တာလည်း ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ ကာလတွေအတွင်း ရုရှားအစိုးရက ဒီမိုကရက်ပါတီက အချက်အလက်တွေကို ကွန်ပြူတာကနေ ထိုးဖောက် ခိုးယူခဲ့တယ်လို့ ယူဆကြောင်း Donald Trump က ပြောပါတယ်။

“Hacking လို့ခေါ်တဲ့ ကွန်ပြူတာကနေ အချက်အလက်တွေကို ရုရှားက ခိုးယူခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမဲ့ တခြားလူတွေနဲ့ တခြား တိုင်းပြည်တွေကလည်း ခိုးယူနေကြတယ်လို့ ကျနော်ထင်ပါတယ်။”

ဒါပေမဲ့ Hillary Clinton ရှုံးပြီး သူ ရွေးကောက်ပွဲမှာ အနိုင်ရအောင် ရုရှားက ကူညီ လုပ်ဆောင်ပေးခဲ့တယ် ဆိုဦးတော့ ရုရှားနဲ့ ထိတွေ့ ဆက်ဆံတဲ့နေရာမှာ ပြိုင်ဖက် ကိုယ်စားလှယ်လောင်း ထက်စာရင် သူနဲ့ ဆက်ဆံတာက ပိုပြီး ထိရောက်မှုရှိမယ်လို့ Donald Trump က ပြောပါတယ်။ ဒါ့အပြင် သူ့အစိုးရလက်ထက်မှာ ရုရှားအစိုးရက ပိုပြီး လေးစားမှု ပြလိမ့်မယ်လို့လည်း Donald Trump က ပြောပါတယ်။

“တခြားလူတွေ ဦးဆောင်ခဲ့တဲ့ အချိန်တွေထက်စာရင် အစိုးရအဖွဲ့ကို ကျနော် ဦးဆောင်နေတဲ့အချိန်မှာ ရုရှားဟာ ကျနော်တို့ တိုင်းပြည်ကို ပိုပြီး လေးစားသမှု ပြုပါလိမ့်မယ်။ ခင်ဗျားတို့ တွေ့ကြပါလိမ့်မယ်။”

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ကာလတွေအတွင်း အမေရိကန်နဲ့ မက္ကဆီကို နယ်ခြားဒေသတလျှောက် အုတ်တံတိုင်း တည်ဆောက်မယ့် ကိစ္စနဲ့ပတ်သက်လို့လည်း မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Donald Trump အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ တံတိုင်း တည်ဆောက်သွားမှာပါ။ မက္ကဆီနိုင်ငံဟာ အဲဒီ အုတ်တံတိုင်း တည်ဆောက်တဲ့ ကုန်ကျစရိတ်တွေအတွက် တနည်းနည်းနဲ့ ကျနော်တို့ကို ပြန်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို ပေးတဲ့နေရာမှာလည်း နည်းလမ်း အမျိုးမျိုး ရှိပါတယ်။”

Donald Trump ဟာ ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့နောက် အစိုးရအဖွဲ့အတွက် အရေးပါတဲ့ ရာထူးတွေကို ရွေးချယ် ခန့်အပ်မှုတွေ လုပ်ဆောင်နေတာမှာ သူရွေးချယ်သူတွေထဲမှာ မိသားစုဝင်တွေ ပါနေတယ်။ သူ့ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ အစိုးရအဖွဲ့အကြား တိုက်ရိုက် အကျိုးစီးပွား ယှက်နွယ်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေလည်း ထွက်ပေါ်နေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း သူ့ရဲ့ သားမက်ဖြစ်သူ Jared Kushner ကို အိမ်ဖြူတော်မှာ သမ္မတရဲ့ အဆင့်မြင့် အကြံပေးအဖြစ် ခန့်အပ်ဖို့ စီစဉ်တဲ့ကိစ္စနဲ့ ပတ်သက်လို့လည်း အဲဒီ အကျိုးစီးပွား ရောယှက်မှုတွေနဲ့ ချိန်ထိုးပြီး ဝေဖန် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အနာဂတ်မှာ သားအကြီး ၂ ယောက်က ကြီးကြပ် ကွပ်ကဲမှာဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ကျနော့်ရဲ့ သားအကြီး ၂ ယောက်ဖြစ်ကြတဲ့ Don နဲ့ Eric တို့ဟာ ကုမ္ပဏီရဲ့ လုပ်ငန်းတွေကို ကြီးကြပ် ကွပ်ကဲသွားမှာ ဖြစ်ပါတယ်။ သူတို့ဟာ စီးပွားရေးလုပ်ငန်းရှင်ဆန်စွာ လုပ်ငန်းတွေကို ကြီးကြပ် ကွပ်ကဲသွားမှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ လုပ်ငန်းကိစ္စတွေကို ကျနော်နဲ့ တိုင်ပင်ကြမှာ မဟုတ်ပါဘူး။”

သူ့အနေနဲ့ သူ့ရဲ့ Trump International ကုမ္ပဏီ အကြီးအကဲ ရာထူးကနေ နှုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်းလည်း အစောပိုင်းက ပြောထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်တွင်းရော၊ ပြည်ပမှာပါ ရင်းနှီးမြှုပ်နံှမှုတွေ အများအပြားရှိနေတဲ့ စီးပွားရေးလုပ်ငန်းရှင် တဦးအနေနဲ့ သမ္မတအဖြစ် ရွေးကောက်ခံရပြီးတဲ့နောက်မှာ မိသားစုဝင်တွေကို ကုမ္ပဏီကို ကြီးကြပ်ခွင့် မပြုသင့်ကြောင်း၊ Trump အနေနဲ့ Blind Trust လို့ခေါ်တဲ့ သူစိမ်းတယောက်ကို ယာယီ လွှဲပြောင်းပေးထားသင့်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို မျက်ကွယ်ပြုပြီး သား ၂ ယောက်ကို အခုလို တာဝန်လွှဲပေးလိုက်တာလည်း ဖြစ်ပါတယ်။ Donald Trump အနေနဲ့ မနှစ် ဇူလိုင်လ ၂၇ ရက်နေ့တုန်းက နောက်ဆုံး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG