သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Michael Flynn နေရာအစားထိုးမယ့် အမျိုးသားလုံခြုံရေး အကြံပေး


ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး Robert Harward
ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး Robert Harward

အမေရိကန်မှာ နုတ်ထွက်သွားတဲ့ အမျိုးသားလုံခြုံရေးအကြံပေး Michael Flynn ရဲ့နေရာမှာ အစားထိုးဖို့ သမ္မတ Donald Trump ကရွေးထားတယ်လို့ ဆိုသူဟာ အီရန်မှာအထက်တန်းကျောင်းတက်ခဲ့ပြီး Farsi ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သူ ရေတပ် SEAL အထူးတပ်ဖွဲ့ဝင်ဟောင်း ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး Robert Harward ဖြစ်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

Robert Harward ဟာ အမျိုးသားလုံခြုံရေး အသိုင်းအဝိုင်းကြားမှာ ကြည်ညိုလေးစားခံရသူတယောက်ဖြစ်ပါတယ်။ လက်ရှိကာကွယ်ရေးဝန်ကြီး James Mattis နဲ့လည်း ရင်းနှီးသူဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်တပ်တွေကို ကွပ်ကဲရတဲ့ အလယ်ပိုင်းကွပ်ကဲရေးဌာနချုပ်မှာ Robert Harward ဒုတိယတပ်မှူးကြီးတာဝန်ယူခဲ့စဉ်က James Mattis နဲ့အတူစစ်မှုထမ်းခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ စစ်တပ်ကနေ အငြိမ်းစားယူခဲ့တဲ့ အသက် ၆၀ အရွယ် Harward ဟာ လက်ရှိမှာ လက်နက်နဲ့ လေကြောင်းဆိုင်ရာ ယာဉ်တွေထုတ်လုပ်တဲ့ Lockheed Martin ကုမ္ပဏီမှာ အမှုဆောင်အရာရှိအနေနဲ့ တာဝန်ယူနေပါတယ်။ သူ့ကိုရွေးချယ်တယ်လို့ အိမ်ဖြူတော်က တရားဝင် ကြေညာခြင်းမရှိသေးသလို သူကလည်း တာဝန်လက်ခံမယ် မခံဘူးဆိုတာ မသိရသေးပါဘူး။

သီခြားသတင်းကတော့ အရင်ကပြည်ထောင်စုအစိုးရရှေ့နေတာဝန်ထမ်းဆောင်ခဲ့ပြီး Florida ဥပဒေကောလိပ်မှာ ဌာနကြီးမှူးအဖြစ်အလုပ်လုပ်နေတဲ့ Alexander Acosta ကို အလုပ်သမားဝန်ကြီးအဖြစ်ခန့်အပ်ဖို့ သမ္မတ Trump ကအမည်စာရင်းတင်သွင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG