သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား အင်တာနက် ထိုးဖောက်မှု ကန်လွှတ်တော် တံခါးပိတ်ဆွေးနွေးမည်


၂၀၁၆ ရွေးကောက်ပွဲကို ကြားဝင်နှောင့်ယှက်မှုနဲ့ အမေရိကန်သံတမန်တွေကို အနှောင့်အယှက်ပေးဖို့ ရုရှားက လုပ်ဆောင်မယ်လို့ သံသယရှိမှုအပေါ် အိုဘားမား အစိုးရအဖွဲ့က တုံ့ပြန်တာနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်တွေ ပိုသိလာစေဖို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီက ကြာသပတေးနေ့မှာ တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

ကော်မတီဥက္ကဌ John McCain ကတော့ ရုရှားရဲ့ကြားဝင် နှောင့်ယှက်မှုဟာ စစ်ကြေညာမှုတရပ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ ကြားနာပွဲမှာ ထောက်လှန်းရေး အကြီးအကဲ James Clapper အပါအဝင် အမေရိကန် ထောက်လှမ်းရေး အရာရှိတွေ ကော်မတီရှေ့မှောက် ထွက်ဆိုကြမယ်လို့ မျှော်လင့်ရပါတယ်။

သမ္မတ Barack Obama ကလည်း ပြီးခဲ့တဲ့လထဲမှာပဲ ရုရှားကို လက်တုံ့ပြန်တဲ့အနေနဲ့ အရေးယူ ဒဏ်ခတ်မှု အသစ်တွေ ချမှတ်ခဲ့တာပါ။

အဆင့်မြင့် ထောက်လှမ်းရေး အချက်အလက်တွေနဲ့ ပတ်သက်ပြီး သူ့ကို ပြောကြားဖို့ ၂ ရက်အလိုမှာပဲ အရွေးကောက်ခံ သမ္မတ Donald Trump က သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေကို သရော်လှောင်ပြောင်လိုက်သလို အမေရိကန်နိုင်ငံရဲ့ ပင်မ သတင်းမီဒီယာကြီးတွေကိုလည်း ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ကန့်သတ်သတင်းအချက်လက်တွေကို ကွန်ပြူတာ ဖောက်ထွင်းမှုလုပ်ပြီး၊ မဲမပေးခင်မှာမှ အချက်တချို့ကို ရွေးပြီး အမေရိကန် မဲဆန္ဒရှင်တွေကို ဖောက်ချတာမျိုးနဲ့ ရုရှားကနေ ကြားဝင် နှောင့်ယှက်တယ်ဆိုတဲ့ အမြင်တွေ အပေါ်မှာလည်း ဆက်ပြီး မေးခွန်းတွေ ထုတ်ခဲ့တာပါ။

ဗုဒ္ဓဟူးနေ့က Twitter စာမျက်မှာမှာ Trump ရဲ့ ဆက်တိုက် ရေးသားချက်တွေထဲမှာ သူ သမ္မတအဖြစ် ကျမ်းကျိန်ပြီး သမ္မတအိမ်ဖြူရောက်ဖို့ ၁၆ ပဲ လိုတော့ချိန်မှာ Hillary Clinton ရွေးကောက်ပွဲ ရှုံးနိမ့်တာ၊ John Podesta နဲ့ အပြန်အလှန် ရေးသားတဲ့ အီးမေးလ်မိတ္တူ ထောင်ပေါင်းများစွာကို ဟက်ကာတွေ ကူးနိုင်အောင် ဒီမိုကရက်တစ်ပါတီ DNC က ဘာ့ကြောင့် ပေါ့ဆရသလဲ လို့ မေးခွန်းထုတ်ခဲ့သလို ရီပတ်ဘလစ်ကန်ပါတီ RNC လို ဒီဟက်ကာတွေ ရန်ကနေ ကာကွယ်မှုတွေ ဘာကြောင့် မလုပ်နိုင်ရသလဲ ဆိုတာတွေကိုလည်း မေးခွန်းထုတ်ခဲ့တာပါ။

Podesta ရဲ့ အီးမေးလ်တချို့ဟာ ရွေးကောက်ပွဲ မရှုံးခင် အတော်ကြာကတည်းက ရေးသားထားတာတွေဖြစ်ပြီး ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် Clinton ကိုရွေးဖို့ အမည်စာရင်း တင်သွင်းမှု သေချာအောင် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေရဲ့ ကန့်လန့်ကာ နောက်ကွယ်က ကြိုးစားမှုတွေကို အသေးစိတ်ဖေါ်ပြထားတာမို့ မျက်နှာအထားရခက်စေတဲ့ အီးမေးလ်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လိင်စော်ကားမှုစွဲချက်နဲ့ Sweden က တရားစွဲဆိုမှုကို ရှောင်ရှားနိုင်အောင် လန်ဒန်က အီကွေဒေါသံရုံးမှာ ခိုလှုံနေတဲ့ ဝီကီလိခ် တည်ထောင်သူ Julian Assange ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ၁၄ နှစ်သား ကလေးလောက်ကတောင် Podesta ရဲ့ အီးမေးလ်ကို ဖောက်ထွင်းနိုင်တယ်လို့ Trump က ပြောကြားခဲ့သလို အဲဒီကလေးကို ရုရှားက အချက်လက်တွေ ပေးစရာမလိုဘူးလို့ ဆိုပါတယ်။

ဝီကီလိခ်က ရွေးကောက်ပွဲကာလမှာ Podesta ရဲ့ အီးမေးလ် ထောင်ပေါင်းများစွာကို ဖွင့်ချခဲ့တာဖြစ်ပြီး သူ့ရတဲ့ သတင်းအရင်းအမြစ် ဘယ်ကဆိုတာတော့ ထုတ်မပြောပါဘူး။

အမေရိကန် ရွေးကောက်ပွဲကို ကြားဝင်နှောင့်ယှက်ဖို့ နိုင်ငံရပ်ခြားရဲ့ ကြိုးပမ်းမှု ဖြစ်နိုင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေး အသိုင်းဝိုင်းရဲ့ သုံးသပ်ချက် ပြီးစီးသွားပြီလို့ အမေရိကန် တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပါတယ်။ တာဝန်ခံတွေက သမ္မတ အိုဘားမားကို ကြာသပတေးနေ့မှာ ရှင်းပြမှာဖြစ်သလို Trump ကိုတော့ သောကြာနေ့မှာ ရှင်းပြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG