သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီညွတ်တဲ့တိုင်းပြည်ဖြစ်အောင်လုပ်ဖို့ ရွေးကောက်ခံသမ္မတ Trump ကတိပြု


ရွေးကောက်ခံသမ္မတ Donald Trump မိန့်ခွန်းပြောကြားစဉ်
ရွေးကောက်ခံသမ္မတ Donald Trump မိန့်ခွန်းပြောကြားစဉ်

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ နောက်ဆုံးထွက်ပေါ်လာတဲ့ ရလဒ်တွေအရ အနိုင်ရရှိသွားတဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump က မိန့်ခွန်းပြောကြားရာမှာ မဲဆွယ်စည်းရုံးရေး ကာလအတွင်း ခါးခါးသည်းသည်း ယှဉ်ပြိုင်ရာမှာ သဘောထား ကွဲလွဲမှုတွေ အကြီးအကျယ် ရှိခဲ့ပေမဲ့ တိုင်းပြည်ကို စုစည်းညီညွတ်အောင် လုပ်ဆောင်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton အနေနဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ အနိုင်အရှုံး သိလာရပြီးနောက် တယ်လီဖုန်းကတဆင့် သူ့ကို ချီးကျုးစကားပြောကြားခဲ့ကြောင်းနဲ့ သူ့အနေနဲ့လည်း အပြန်အလှန်အနေနဲ့ သမ္မတရွေးပွဲမှာ စွမ်းစွမ်းတမံ ကြိုးစားခဲ့တဲ့ ကလင်တန်နဲ့ မိသားစုကို ချီးကျုးခဲ့တယ်လို့လည်း ပြောဆိုခဲ့တာပါ။

ဒုသမ္မတလောင်းဖြစ်သူ Mike Pence နဲ့အတူ နယူးယောက်မြို့က ပါတီရုံးချုပ်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာတော့ မဲဆွယ်ပွဲကာလအတွင်း သူ့ကို ထောက်ခံမှု မပေးခဲ့သူတွေ အနေနဲ့လည်း တိုင်းပြည်ထူထောင်ရေးအတွက် ပါဝင်ကူညီကြဖို့ ပြောကြားခဲ့ပါတယ်။

ရွေးကောက်ခံ သမ္မတတဦး ဖြစ်လာတဲ့ ထရမ့် အနေနဲ့ တိုင်းပြည်စီးပွားရေးကို ၂ ဆတိုးအောင် လုပ်မယ်လို့လည်း ကတိပြုခဲ့သလို၊ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း အမေရိကန် ပြည်ထောင်စုနဲ့ သင့်မြတ်လိုတဲ့ တိုင်းပြည်တွေနဲ့ အပြန်အလှန် သင့်မြတ်အောင် ကြိုးပမ်း သွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ နောက်ဆုံးထွက်ပေါ်လာတဲ့ ရလဒ်တွေအရ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့ လိုအပ်တဲ့ Electoral vote ကိုယ်စားလှယ်မဲ ၂၇၀ ကျော်လွန်ပြီး ထရမ့်က ၂၈၈ မဲထက်မနည်း ရရှိခဲ့ပါတယ်။

ကလင်တန် ကတော့ ဒီညမှာ မိန့်ခွန်းတစုံတရာ ပြောကြားမှာ မဟုတ်ဘူးလို့လည်း သူ့ရဲ့ မဲဆွယ်စည်းရုံးရေးမှူး က နယူးယောက်မြို့က ပါတီရုံးချုပ်မှာ အစောပိုင်းက ကြေညာထားပါတယ်။

XS
SM
MD
LG