သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်း Trump ပြင်ဆင်


ဇန်နဝါရီလ ၂၀ ရက်နေ့မှာ နိုင်ငံရဲ့ ၄၅ ဦးမြောက် သမ္မတအဖြစ် ကကျမ်းသစ္စာကျိန်ဆိုမယ့် Donald Trump က အခမ်းအနားမှာ ပြောကြားမယ့် မိန့်ခွန်းကို သူကိုယ်တိုင်ရေးမှာ ဖြစ်ပါတယ်။ မိန့်ခွန်းဟာ တိုတောင်းပြီး အမေရိကန်နိုင်ငံ ပြန်လည် စည်းလုံး ညီညွတ်လာရေးအတွက် ဦးစားပေး ပြောကြားလိမ့်မယ်လို့ Trump ရဲ့ အကြံပေးတွေက ပြောပါတယ်။ ဒါဟာ ၅၈ ကြိမ်မြောက် အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အမေရိကန်ရဲ့ နှစ်ပေါင်း ၂၀၀ သက်တမ်းမှာ သမ္မတတွေအဖြစ် ရွေးကောက်ခံခဲ့ရတဲ့ ခေါင်းဆောင်တွေ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပြောကြားတဲ့မိန့်ခွန်းဟာ သမ္မတသစ်အနေနဲ့ တိုင်းပြည်ကို ဘယ်လိုပုံစံနဲ့ ဦးဆောင်သွားမလဲဆိုတဲ့ သူတို့ရဲ့ ပေါ်လစီ အကြမ်းဖျဉ်းကို တိုင်းပြည်ကို ပထမဆုံးချပြတဲ့ မိန့်ခွန်း ဖြစ်တာကြောင့် ဒီ မိန့်ခွန်းကို အချိန်ယူ ပြင်ဆင်ကြလေ့ ရှိပါတယ်။

ရွေးကောက်ခံသမ္မတ Donald Trump ကလည်း သူပြောမယ့် မိန့်ခွန်းကို သူ့ရဲ့အနီးကပ် အကြံပေးတွေနဲ့ တိုင်ပင်ပြီး သူကိုယ်တိုင် ရေးသားမှာ ဖြစ်တယ်လို့ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ Trump ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ ကာလအတွင်း စကားကြီး စကားကျယ်တွေ ပြောခဲ့တာ၊ ကြုံသလို လက်တန်း ပြောတာတွေအပြင် စကားလုံး တလုံးထဲနဲ့ ပြန်ပက် ပြောတာမျိုးတွေမှာ ရှိခဲ့ပေမယ်လို့လည်း ပြီးခဲ့တဲ့နှစ် နိုင်ဝင်ဘာလမှာ သမ္မတအဖြစ် ရွေးကောက်ခံရစဉ် ပြောကြားခဲ့တဲ့ မိန့်ခွန်း လေသံအတိုင်း နိုင်ငံကို သွေးစည်း ညီညွတ်မှု ရရှိစေဖို့ အလေးပေး ပြောကြားလိမ့်မယ်လို့ ဆိုပါတယ်။
အဲဒီအချိန်က သူပြောခဲ့တာကတော့ -

“အတိတ်က ကျနော့်ကို မထောက်ခံဖို့ ဆုံးဖြတ်ခဲ့ကြသူတွေထံက လမ်းညွန်မှုနဲ့ အကူအညီတွေ ရယူနိုင်ဖို့ ကျနော် လက်ကမ်း ကြိုဆိုပါတယ်။ ဒါမှလည်း ကျနော်တို့ အတူတကွ လက်တွဲပြီး အမေရိကန်ပြည်ထောင်စုကြီး ပြန်လည် သွေးစည်း ညီညွတ်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။”

သူ့မိန့်ခွန်းကို ရေးတဲ့အခါမှာ သမိုင်းဝင် မိန့်ခွန်းတွေထဲက အရေးပါတဲ့ အချက်တွေကို နမူနာယူသွားမှာ ဖြစ်တဲ့အကြောင်း၊ အထူးသဖြင့်တော့ သမ္မတ John F. Kennedy နဲ့ Ronald Reagan တို့ရဲ့ မိန့်ခွန်းတွေကို နမူနာယူ ရေးသားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်းကို ပြင်ဆင် ရေးသားနေတဲ့အချိန်မှာ သူ့အနေနဲ့ သမ္မတ Reagan ရဲ့ စကားပြောတဲ့ စတိုင်မျိုးနဲ့ Kenney ရဲ့ အမျှော်အမြင်ရှိတဲ့ မိန့်ခွန်းပုံစံရေးသားပြီး သူ့ရဲ့ သမ္မတသက်တမ်းအတွင်း လုပ်ဆောင်မယ့် အခြေအနေတွေကို ပြောကြားဖို့ရှိတယ်လို့ Donald Trump က ပြောပါတယ်။

သမ္မတ Kenney နဲ့ Reagan တို့ ၂ ဦးစလုံးဟာ သူတို့အနေနဲ့ ဘယ်လို ပေါ်လစီတွေကို ချမှတ် လုပ်ဆောင်သွားမယ်ဆိုတဲ့ အချက်တွေကို ထည့်သွင်း ပြောကြားခဲ့ကြပြီး သူတို့ရဲ့ မိန့်ခွန်းတွေဟာလည်း အမေရိကန်သမိုင်းမှာ မှတ်သားစရာအကောင်းဆုံး မိန့်ခွန်းတွေဖြစ်တယ်လို့ အသိအမှတ် ပြုခံထားရသူတွေ ဖြစ်ပါတယ်။

၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတ Kennedy ပြောကြားတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းအတွင်းက ကောက်နှုတ်ချက်တချို့ဟာ ကနေ့အချိန်အထိ ကမ္ဘာကျော်နေဆဲ ဖြစ်ပါတယ်။

“အမေရိကန်နိုင်ငံသား ရောင်းရင်းများ ခင်ဗျား၊ ခင်ဗျားတို့ကို တိုင်းပြည်က ဘာလုပ်ပေးနိုင်သလဲလို့ မေးမယ့်အစား၊ ခင်ဗျားတို့အနေနဲ့ တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာကို မေးကြစေချင်ပါတယ်။”

အမေရိကန်သမိုင်းမှာ ရီပတ်ဘလီကန်ပါတီရဲ့ ရှေ့ဆောင်လမ်းပြတဦးဖြစ်ပြီး လူထုရဲ့ ကြည်ညိုမှုကို ခံရတဲ့ သမ္မတ Reagan ကိုလည်း Trump က အားကျတာဖြစ်ပြီး သူပြင်ဆင်နေတဲ့ အခု မိန့်ခွန်းထဲမှာ ကိုးကားဖို့ ရှိတယ်လို့ ဆိုပါတယ်။

၁၉၈၁ ခုနှစ် Reagan ရဲ့ ပထမသက်တမ်းမှာ အဲဒီအချိန်က ရင်ဆိုင်နေရတဲ့ အမေရိကန်ရဲ့ စီးပွားရေး အကျပ်အတည်းတွေကြောင့် နိုင်ငံခြားရေး ပေါ်လစီမှာလည်း အခက်အခဲတွေ တွေ့ကြုံနေရတဲ့အတွက် Reagan က အစိုးရကိုသာ အားမကိုးပဲ ပြည်သူတွေ ကိုယ်တိုင် ပါဝင်ကြဖို့ တိုက်တွန်းခဲ့တာကလည်း သမိုင်းဝင်တဲ့ ပြောကြားချက်ဖြစ်ပါတယ်။

“အခုလတ်တလော နိုင်ငံက ရင်ဆိုင်နေရတဲ့ စီးပွားရေး အကြပ်အတည်းကို ဖြေရှင်းရာမှာ အစိုးရအနေနဲ့ အဖြေရှာမပေးနိုင်ပါဘူး။ အကြောင်းကတော့ ပြဿနာက အစိုးရကိုယ်တိုင် ဖြစ်နေလို့ပါပဲ။”

Donald Trump ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့မှာ စတင်မယ်ဆိုပေမယ့် ကျမ်းကျိန်ပွဲနဲ့ဆိုင်တဲ့ အခမ်းအနားတွေကို ဒီကနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ကတည်းက စတင်မှာဖြစ်သလို Donald Trump ကလည်း Lincoln Memorial ပေါ်ကနေ သူ့ကို ထောက်ခံသူတွေကို ဒီကနေ့ မိန့်ခွန်း ပြောကြားဖို့ စီစဉ်ထားပါတယ်။

အမေရိကန်သမိုင်းမှာ အတိုဆုံး ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းကိုတော့ ပထမဆုံးသမ္မတ George Washington က သူ့ရဲ့ ဒုတိယသမ္မတ သက်တမ်းဖြစ်တဲ့ ၁၇၉၃ မှာ ပြောကြားခဲ့တဲ့ စကားလုံးပေါင်း ၁၃၅ လုံး ရှိတဲ့ မိန့်ခွန်းဖြစ်ပြီး အရှည်ဆုံး မိန့်ခွန်းကိုတော့ ၉ ဦးမြောက် သမ္မတအဖြစ် ၁၈၄၁ ခုနှစ်မှာ ရွေးကောက် တင်မြောက်ခံလိုက်ရတဲ့ သမ္မတ William Henry Harrison, Sr. က စကားလုံးပေါင်း ရှစ်ထောင်ကျော်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Donald Trump ကတော့ သူ့ရဲ့မိန့်ခွန်းကို ခပ်တိုတိုပဲ ပြောကြားဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG