သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတရဲ့ ပြည်ဝင်ခွင့်ကန့်သတ်မှု ပြည်ထောင်စုတရားရုံးနှစ်ခု ဆိုင်းငံမိန့်ထုတ်


ကန်သမ္မတ Trump
ကန်သမ္မတ Trump

အမေရိကန် ပြည်ထောင်စုကို ဝင်ရောက်လာမယ့်သူတွေကို ကန့်သတ်ဖို့ ဒုတိယအကြိမ်အဖြစ် ကြိုးပမ်းခဲ့တဲ့ သမ္မတ Donald Trump ရဲ့ အမိန့်ကို ပြည်ထောင်စု တရားရုံး ၂ ရုံးက ယာယီဆိုင်းငံ့လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုက ဒုက္ခသည်တွေကို လက်ခံနေတဲ့ အစီအစဉ်နဲ့ မွတ်စလင်တွေ အများစုနေထိုင်ရာ နိုင်ငံပေါင်း ၆ နိုင်ငံက နိုင်ငံသားတွေ ပြည်ဝင်ခွင့်ကန့်သတ်လိုက်တဲ့ အမိန့်ကို ဟာဝိုင်ယီ ပြည်နယ်က တရားသူကြီးက ယာယီဆိုင်းငံ့လိုက်တာပါ။

မေရီလန်းပြည်နယ်မှာရှိတဲ့ ပြည်ထောင်စု တရားသူကြီးတဦးကလည်း၊ သမ္မတ Trump ပြောခဲ့ဖူးတဲ့ စကားတွေကို ကိုးကားပြီး သမ္မတအမိန့်ကို ကြာသပတေးနေ့မှာပဲ ဆိုင်းငံ့လိုက်ပေမယ့်၊ သမ္မတအမိန့်မှာ ပါဝင်တဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်ကိုသာ ဆိုင်းငံ့ခဲ့တာဖြစ်ပြီး၊ ဒုက္ခသည်တွေ လက်ခံတဲ့ အစီအစဉ်အပေါ်မှာတော့ သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ အစိုးရအနေနဲ့ ဘာသာရေးအပေါ် အခြေခံတဲ့ လုပ်ရပ်တွေကို ဆောင်ရွက်ခွင့် မရှိစေဖို့ အခြေခံဥပဒေက ပြဌာန်းထားတာကို သမ္မတရဲ့ အမိန့်က ချိုးဖောက်ရာရောက်နေတယ်ဆိုပြီး ဟာဝိုင်ယီပြည်နယ်က ဥပဒေကြောင်းအရ စိန်ခေါ်ချက်ဟာ အနိုင်ရနိုင်တဲ့ အလားအလာရှိကြောင်း ပြည်ထောင်စုတရားသူကြီး Derrick Watson က ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ခဲ့တာပါ။

သမ္မတ Trump နဲ့ သူ့လူတွေ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာသမ္မတရွေးကောက်ပွဲ မတိုင်ခင်နဲ့ နောက်ပိုင်းမှာ ပြောဆိုခဲ့တဲ့ မှတ်ချက်တွေကိုလည်း တရားသူကြီးက ထောက်ပြခဲ့ပါတယ်။ သမ္မတ Trump ရဲ့ မဲဆွယ်လှုပ်ရှားမှုတွေ အတွင်းမှာ အမေရိကန်ကို မွတ်စလင်တွေ ဝင်ရောက်ခွင့် တားမြစ်ဖို့ တိုက်တွန်းခဲ့ဖူးပြီး၊ နောက်ပိုင်းမှာတော့ ဒီမူဝါဒအစား အကြမ်းဖက်ဝါဒနဲ့ ဆက်နွယ်တဲ့ နိုင်ငံတွေက လာတဲ့သူတွေကို အစွန်းရောက်ဝါဒီတွေ ဟုတ်မဟုတ် စိစစ်ရမယ်ဆိုပြီး ပြောင်းလဲ ပြောဆိုခဲ့ကြတာပါ။ သမ္မတ Trump အစိုးရကတော့ လူဝင်မှုကန့်သတ်မိန့်ဟာ အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှု အန္တရာယ်ကို ဟန့်တားဖို့ မရှိမဖြစ် လုပ်ဖို့လိုတဲ့ကိစ္စတခုအဖြစ် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG