သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်ဝါဒချေမှုန်းမှု အာရပ်ကမ္ဘာညီညွတ်ရေး Trump တိုက်တွန်း


အမေရိကန် သမ္မတ Donald Trump
အမေရိကန် သမ္မတ Donald Trump

အကြမ်းဖက်မှု တိုက်ဖျက်ရေး အဓိကထား ဆွေးနွေးကြတဲ့ အာရပ်- အစ္စလာမ္မစ်- အမေရိကန် ညီလာခံမှာ အမေရိကန် သမ္မတ Donald Trump က အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ မွတ်စလင်တွေ စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဆော်ဒီအာရေဗျ နိုင်ငံ မြို့တော် ရီယဒ်မှာ ပြုလုပ်တဲ့ ညီလာခံမှာတော့ ဒါဇင်နဲ့ချီတဲ့ အာရပ်နဲ့ မွတ်စလင် ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

သူတော်ကောင်းတွေနဲ့ မကောင်းဆိုးရွားတွေရဲ့ တိုက်ပွဲလို့ တင်စားပြောဆိုပြီး အစွန်းရောက်မှုကို ချေမှုန်းလိုတဲ့ နိုင်ငံတွေနဲ့ အမေရိကန် ပြည်ထောင်စုက မဟာမိတ် ဖြစ်လိုပါတယ်လို့ အမေရိကန် သမ္မတ အဖြစ် သူ့ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်မှာ ပြောဆိုပါတယ်။ ဒီတိုက်ပွဲက ကိုးကွယ်ယုံကြည်မှု ကွဲပြားသူတွေကြား၊ ဂိုဏ်းဂဏ ကွဲပြားမှုတွေကြား၊ မတူညီတဲ့ လူမှုအဖွဲ့အစည်းတွေကြားက တိုက်ပွဲ မဟုတ်ဘူးလို့ အမေရိကန် သမ္မတက မိန့်ခွန်းမှာ ပြောဆိုပြီး လူသားတွေရဲ့ ဘဝတွေကို ဖျက်ဆီးဖို့ ကြံနေတဲ့ ကြမ်းကြုတ်တဲ့ ရာဇဝတ်သားတွေနဲ့ ဒီအခြေအနေကို ကာကွယ်ဖို့ ဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံက လူကောင်းတွေရဲ့ တိုက်ပွဲသာ ဖြစ်ပါတယ်လို့ ပြောဆိုသွားပါတယ်။

မွတ်စလင် အများစု နေထိုင်ရာ နိုင်ငံ ၆ ခုက လူတွေ အမေရိကန် ပြည်ထောင်စု အတွင်း ဝင်ရောက်မှု ကန့်သတ်နိုင်ရေး လုပ်ဆောင်နေတဲ့ အမေရိကန် သမ္မတ Trump က အမေရိကန် ပြည်ထောင်စု အတွင်း မိန့်ခွန်းတွေမှာ မကြာခဏ သုံးနှုန်းပြောဆိုနေတဲ့ အစွန်းရောက် အစ္စလာမ္မစ် အကြမ်းဖက် ဝါဒီ ဆိုတဲ့ အသုံးအနှုန်းကိုတော့ သူ့ရဲ့ မိန့်ခွန်းမှာ မသုံးနှုန်းပါဘူး။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒနဲ့ အစ္စလာမ္မစ် အကြမ်းဖက် အဖွဲ့တို့ရဲ့ လှုံ့ဆော်မှုတွေကို မွတ်စလင် ခေါင်းဆောင်တွေ ရိုးရိုးဖြောင့်ဖြောင့် ရင်ဆိုင်ဖြေရှင်းကြဖို့ သမ္မတ Trump က တိုက်တွန်းပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ အချုပ်အချာအာဏာပိုင် နိုင်ငံတခု ဖြစ်ပြီး ကျနော်တို့ရဲ့ အဓိက ဦးစားပေးက နိုင်ငံသားတွေ ဘေးကင်းလုံခြုံရေး ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ ဒီမှာလာပြီး ဒီက လူထုကို ဘယ်လိုနေရမယ်၊ ဘာတွေ လုပ်ရမယ်၊ ဘယ်သူတွေ ဖြစ်ရမယ်၊ ဒါမှမဟုတ်လည်း ဘယ်လို ကိုးကွယ်ရမယ်ဆိုပြီး ဒါတွေကို လာပြီး သင်ကြားပို့ချမှာ မဟုတ်ပါဘူး။ ဒီအစား ကျနော်တို့ ဒီကိုလာတာက ပူးပေါင်းဆောင်ရွက်ရေး အတွက် ကမ်းလှမ်းဖို့ပါ။

အကျိုးစီးပွားနဲ့ စံတန်ဖိုးတွေကို မျှဝေဖို့ အပေါ်မှာ အခြေခံပြီး ကျနော်တို့ အားလုံးအတွက် ပိုပြီး ကောင်းမွန်တဲ့ အနာဂတ်ကို ဖော်ဆောင်ဖို့ ဖြစ်ပါတယ်လို့ သမ္မတ Trump က ပြောဆိုထားတာပါ။ အကြမ်းဖက် ဝါဒီ တဦးက အပြစ်မဲ့လူ တဦးကို သတ်ဖြတ်ပြီးတိုင်း ဘုရားသခင်ရဲ့ နာမတော်ကို အလွဲသုံးစား တိုင်တည်နေတာဟာဆိုရင် ဘာသာဝင်တိုင်းကို စော်ကားတာ ဖြစ်တယ်လို့လည်း မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုပါတယ်။

အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုဟာ ကမ္ဘာတဝန်းမှာ ပျံ့နှံ့နေပြီ။ ဒါပေမယ့် ငြိမ်းချမ်းမှုကိုတော့ ဒီရှေးဟောင်းနယ်မြေ ဘာသာရေး အထွဋ်အမြတ်မြေ ကနေ စတင်ကြဖို့ သမ္မတ Trump က ပြောဆိုပြီး နှစ်ဦးနှစ်ဘက် အကျိုးစီးပွားနဲ့ လုံခြုံရေး အတွက် အမေရိကန်က အတူအကွ ရပ်တည်ဖို့ ပြင်ဆင်ထားပြီလို့လည်း သမ္မတ က ပြောဆိုပါတယ်။

ဆော်ဒီဘုရင် ဆဲလ်မာန်ကလည်း အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့နဲ့ တခြား အကြမ်းဖက် အဖွဲ့အစည်းအားလုံးကို တိုက်ဖျက်ဖို့ ပိုင်းဖြတ်ထားတယ်ဆိုပြီး ပြောဆိုသွားပါတယ်။ ညီလာခံမှာ မိန့်ခွန်း မပြောခင်မှာတော့ အမေရိကန် သမ္မတ Trump က ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ ၆ နိုင်ငံနဲ့ တွေဆုံပြီး အီရန်နဲ့ မတူကွဲပြားမှုတွေ၊ အီရန် အစိုးရနဲ့ ဘယ်လို ညှိနှိုင်းကြမလဲဆိုတာနဲ့ အစ္စလာမ္မစ် အကြမ်းဖက်မှုတွေကို ဘယ်လို တိုက်ဖျက်ကြမလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG