သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီးနဲ့ အမိမြေလုံခြုံရေးဝန်ကြီးနှစ်ဦးကို Trump မက္ကဆီကို စေလွှတ်


အမေရိကန်အစိုးရသစ်ရဲ့ မက္ကဆီကိုအပေါ် ထားရှိတဲ့ ပေါ်လစီတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မှုနဲ့ ဒေါသထွက်မှုတွေကို ဖြေလျော့စေဖို့ မျှော်လင့်ချက်နဲ့ သမ္မတ Donald Trump ရဲ့ ထိပ်တန်း ဝန်ကြီး ၂ ဦးဟာ မက္ကဆီကို နိုင်ငံကို ရောက်သွားကြပြီ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အမိမြေလုံခြုံရေးဌာန ဝန်ကြီး John Kelly တို့ဟာ ကြာသပတေးနေ့မှာ မက္ကဆီကို သမ္မတ Enrique Pena Nieto နဲ့ သူ့ဝန်ကြီး အဖွဲ့တို့နဲ့ တွေ့ဆုံဖို့ရှိပြီး မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု၊ ကုန်သွယ်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ပထမဦးဆုံးအကြိမ် အဆင့်မြင့် စည်းဝေးပွဲတွေ ကျင်းပလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Sean Spicer က သမ္မတအနေနဲ့ အခုလို သူ့ရဲ့ ဝန်ကြီး ၂ ဦးကို မက္ကဆီကို စောစောစီးစီး စေလွတ်ခြင်းဟာ ၂ နိုင်ငံကြား အဓိပ္ပါယ်ရှိတဲ့ ဆက်ဆံရေးရဲ့ အရေးပါမှုကို ထောက်ပြရာရောက်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ ဆက်ဆံရေးဟာလည်း သန်မာပြီး ရှင်သန် အားကောင်းနေတဲ့အကြောင်း သူက ပြောခဲ့ပါတယ်။

၁၈၄၀ ခုနှစ်များ နှောင်းပိုင်းက မက္ကဆီကို-အမေရိကန် စစ်ဖြစ်ပြီးချိန်နောက်ပိုင်း ကီလိုမီတာ ၃,၁၀၀ ရှိတဲ့ နှစ်နိုင်ငံ နယ်နိမိတ်တလျှောက် ငြိမ်းချမ်းစွာ နေထိုင်ခဲ့ရာက နှစ်နိုင်ငံ ဆက်ဆံရေး ကျဆင်းနေတဲ့ အခုချိန်ခါမှာ ဒီခရီးကို ထွက်ခဲ့တာ ဖြစ်ပါတယ်။ မက္ကဆီကိုအနေနဲ့ အနဲဆုံး ဒေါ်လာ ၁၂ ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်းရတဲ့ နယ်စပ်တံတိုင်းအတွက် ကုန်ကျစားရိတ်ကို တနည်းမဟုတ် တနည်း ပေးရမယ်လို့ Trump က ကြိမ်ဖန်များစွာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီသီတင်းပတ်အတွင်းမှာပဲ အမိမြေလုံခြုံရေးဌာနက တရားမဝင် ရောက်ရှိနေတဲ့ လူတွေ သန်းနဲ့ချီပြီး ပြည်နှင်ဒဏ် ပေးနိုင်စေမယ့် ပေါ်လစီတွေကို လျာထား ချပြခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Luis Videgaray က သူ့နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ တဖက်သတ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အဆိုပြုချက်အသစ်တွေကို လက်ခံမှာ မဟုတ်တဲ့အကြောင်းနဲ့ ကုလသမဂ္ဂထံကို တင်သွင်းဖို့လည်း အဆင်သင့်ရှိတဲ့အကြောင်း ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG