သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ-ဥရောပ ဆက်ဆံရေး အဖုအထစ်


တူရကီသမ္မတ Recep Tayyip Erdogan (မတ် ၅၊ ၂၀၁၇)
တူရကီသမ္မတ Recep Tayyip Erdogan (မတ် ၅၊ ၂၀၁၇)

EU ဥရောပသမဂ္ဂနိုင်ငံတွေမှာ တူရကီဖွဲ့စည်းပုံကို ထောက်ခံရေးမဲဆွယ်မယ့် တူရကီဝန်ကြီးတွေကို EU နိုင်ငံတော်တော်များများက ခွင့်ပြုချက်မပေးခဲ့တဲ့နောက် တူရကီနဲ့ EU ကြားဆက်ဆံရေး ပိုပြီးထိခိုက်နေပါတယ်။ တူရကီသမ္မတ Recep Tayyip Erdogan ၂၀၂၉ ခုနှစ်အထိ အာဏာယူထားနိုင်မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒခံယူပွဲမှာ ဥရောပနိုင်ငံတွေမှာ နေနေကြတဲ့ တူရကီ သန်းနဲ့ချီရဲ့ ထောက်ခံကြဖို့ တူရကီအစိုးရက ကြိုးစားနေတာပါ။ နောက်ဆုံးဖြစ်နေတဲ့အခြေအနေကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကနေ သတင်းထောက် Henry Ridgwell ကသတင်းပို့ထားပါတယ်။ မစုမြတ်မွန်က ဆက်ပြီးပြောပြပါလိမ့်မယ်။

တူရကီဖွဲ့စည်းပုံပြင်ဆင်ရေးမဲဆွယ်ပွဲတွေကို Austria နဲ့ Germany နိုင်ငံတွေ မှာ ဒေသခံအစိုးရတွေက တားမြစ်ခဲ့ပြီးတဲ့နောက် တူရကီနဲ့ EU နိုင်ငံတွေကြား တင်းမာမှုတွေ ရှိနေတာ ရက်ပေါင်းတော်တော်ကြာပါပြီ။ ဂျာမနီမြို့တွေမှာ မဲဆွယ်ပွဲတွေလုပ်ခွင့်မရတော့ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က Hamburg မြို့က တူရကီကောင်စစ်ဝန်ရုံးဝန်းထဲကို ထောက်ခံသူတွေကို ဖိတ်ခေါ်ပြီး မဲဆွယ်ပွဲကျင်းပခဲ့ပါတယ်။

Netherlands နိုင်ငံ The Hague မြို့မှာ မတ်လ ၁၁ ရက်နေ့ စနေနေ့ကျရင် တူရကီမဲဆွယ်ပွဲကျင်းပဖို့ စီစဉ်ထားချိန်မှာ လက်ယာစွန်း နိုင်ငံရေးသမားတယောက်ဖြစ်တဲ့ Geert Wilders က ခုလိုပြောပြီးကန့်ကွက်နေပါတယ်။

"ဒါဟော်လန်နိုင်ငံထဲမှာပါ။ တူရကီနိုင်ငံ မဟုတ်ပါဘူး။ တူရကီသမ္မတလို အာဏာရှင် ဆန်ဆန် လူတယောက် အတွက် တူရကီဝန်ကြီးကလာပြီး မဲဆွယ်စရာ နေရာမရှိပါဘူး။"

တူကရီပြင်ဆင်လိုတဲ့ဖွဲ့စည်းပုံအပေါ် ထောက်ခံမှုရရေး မဲဆွယ်ပွဲတွေကို EU နိုင်ငံတွေမှာ ဆန့်ကျင်နေကြတာကြောင့် ဥရောပမှာ ဖက်ဆစ်ဝါဒထောက်ခံသူတွေများလာပြီလို့ တူရကီအစိုးရက ပြစ်တင်ပြောဆိုခဲ့ပါတယ်။ ဧပြီ ၁၆ ရက်နေ့လုပ်မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒခံယူပွဲ ရလာဒ်တွေ အပြောင်းအလဲဖြစ်အောင် ဥရောပက လုပ်နေတယ်လို့လည်း စွပ်စွဲနေပါတယ်။

အနောက်နိုင်ငံတွေနဲ့ ကမ္ဘာတဝန်းမှာ အတားအဆီးခံခဲ့ရတဲ့ ကျွန်တော်တို့ရဲနိုင်ငံသားတွေ အလာအရှင်မြတ်ရဲ့အလိုတော်အတိုင်း April လ ၁၆ ရက်နေ့ကျရင် အောင်ပွဲခံကြတော့ မှာဖြစ်ပါတယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan ပြောခဲ့တာပါ။

ဂျာမနီမှာ တူရကီဝန်ကြီးတွေသွားလုပ်မယ့် မဲဆွယ်ပွဲတွေကိုခွင့်မပြုတာကို နာဇီတို့ရဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ သမ္မတအာဒိုဝမ်က အစောပိုင်းမှာ ပြောခဲ့ပါသေးတယ်။ ဒီပြောကြားမှုဟာ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီအစိုးရက တုံ့ပြန်ခဲ့ပါတယ်။ အခုလို EU အစိုးရတချို့နဲ့ သဘောထားကွဲမှုတွေကနေ အကျိုးအမြတ် ထွက်အောင် တူရကီအစိုးရကလုပ်နေတယ်လို့ ဗြိတိန်နိုင်ငံ Sussex တက္ကသိုလ်က သံတမန်ရေးနဲ့ နိုင်ငံတကာဆက်ဆံံရေးဆိုင်ရာပညာရှင် Kamran Matin က သုံးသပ်ပါတယ်။

"ဂျာမနီမှာနေထိုင်နေကြတဲ့ တူရကီနိုင်ငံသားတော်တော်များများက Kurd လူမျိုးတွေဖြစ်ကြတော့ ဂျာမန်တွေနဲ့ Kurd လူမျိုးတွေရဲ့ ဆက်ဆံရေးအတွက် ဂျာမနီအာဏာပိုင်တွေရဲ့ စိုးရိမ်မှုကနေ ဖြစ်လာတာပါ။ တူရကီအစိုးရ၊ အထူးသဖြင့် သမ္မတအာဒိုဝမ်က ဒါကိုအခွင့်ကောင်းယူပြီး သူတို့နိုင်ငံရဲ့အုပ်ချုပ်ရေးပုံစံကိုပြောင်းလဲမယ့် ကိစ္စအတွက် စည်းရုံးမှုတွေလုပ်လာပါတယ်။"

တူရကီအစိုးရသွားနေတဲ့ လမ်းကြောင်းကို စိုးရိမ်တယ်လို့ ဥရောပက ပြတ်ပြတ် သားသား ပြော ထားပြီးဖြစ်ပါတယ်။ တူရကီမှာ ပြီးခဲ့တဲ့နှစ် ဂျူလိုင်လ အာဏာသိမ်းမှုဖြစ်ပွားပြီးထဲက တူရကီမှာ ဖမ်းဆီးခံရသူ ၄ သောင်းကျော်ရှိသွားပါပြီ၊ ပြီးခဲ့တဲ့လကပဲ တူရကီမှာနေတဲ့ ဂျာမန်သတင်းထောက်တယောက် ဖမ်းဆီးခံခဲ့ရပါတယ်။ တူရကီသမ္မတအာဏာပိုရလာမယ်ဆိုရင် ဒီမိုကရေစီစနစ်ကို ပိုပြီးထိခိုက်လိမ့်မယ်လို့ EU စိုးရိမ်နေတာပါ။ ဒါပေမဲ့ EU အထူးသဖြင့် ဂျာမနီက တူရကီကို လက်တွဲထားဖို့လိုတယ် လို့ လေ့လာသူတချို့က သုံးသပ်ကြပါတယ်။

"ဒုက္ခသည်အရေးနဲ့ပါတ်သက်လို့ တူရကီနဲ့ EU ကြားရထားတဲ့သဘောတူညီမှုမှာ အထူးသဖြင့်ဂျာမနီနဲ့ဆိုရင် တူရကီဖက်က အသာရထားတဲ့အချက်က အရေးကြီးပါတယ်။ ဒုက္ခသည်တွေအများကြီးဝင်လာမယ်ဆိုရင် ဂျာမနီရဲ့ ပြည်တွင်းနိုင်ငံရေးအပေါ် ချက်ချင်း သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ပထဝီအနေအထားအရ တူရကီဟာ ဥရောပနိုင်ငံတွေအတွက်တင်မဟုတ်ဘူး၊ အနောက်ဖက်တခြမ်းလုံးအတွက် အရေးပါတဲ့အနေအထားမှာရှိနေပါတယ်။ ရုရှားခေါင်းထောင်လာနေချိန်မှာ တူရကီရဲ့ အခန်းဏ္ဍကလည်း အဓိကကျတဲ့နိုင်ငံတခုအဖြစ်ရှိလာနေပါတယ်။"

တူရကီရဲ့ ဖွဲ့စည်းပုံဆန္ဒခံယူပွဲပြီးသွားရင်တော့ သံတမန်ဆက်ဆံရေး ပြန်တိုးတက် လာဖို့မျှော်လင့်တယ်လို့ ဂျာမနီအစိုးရဘက်က ပြောကြားခဲ့ပါတယ်။

တူရကီ-ဥရောပ ဆက်ဆံရေး အဖုအထစ်
please wait

No media source currently available

0:00 0:04:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG