သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီသမ္မတ လုပ်ပိုင်ခွင့်ပိုရတော့မည်


တူရကီသမ္မတ Recep Tayyip Erdogan ကို ကျယ်ပြန့်တဲ့ လုပ်ပိုင်ခွင့်အာဏာတွေ တိုးချဲ့ပေးမယ့် လူထုဆန္ဒခံယူပွဲမှာ လက်ရှိအာဏာရ ပါတီက အနိုင်ရသွားကြောင်း အာဏာပိုင်တွေက တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ကြေညာပါတယ်။

စုစုပေါင်း မဲအရေအတွက် ၉၉% လောက်ကို ရေတွက်ပြီးတဲ့အချိန်မှာတော့ ထောက်ခံမှုပေးတဲ့ မဲအရေအတွက် ၅၁% ရရှိထားပြီး ကန့်ကွက်မဲကတော့ ၄၉% အောက်မှာ ရှိနေတယ်လို့ တူရကီ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ အဲဒီလို ဖော်ပြနေမှုတွေကို တူရကီ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက အတည်ပြုလိုက်ပြီး တရားဝင် မဲရလဒ်တွေကို လာမယ့် ၁၂ ရက်အတွင်း ကြေညာပေးသွားမယ်လို့ ပြောပါတယ်။

သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို အကြီးအကျယ် ပြောင်းလဲ တိုးချဲ့ပေးမယ့် လူထုဆန္ဒခံယူပွဲကို ကန့်ကွက်တဲ့သူတွေထက် မဲအရေအတွက် ၁.၃ သန်း ပိုပြီး ထောက်ခံမဲ ၂၅ သန်း ရရှိခဲ့ပြီးဖြစ်ကြောင်း သမ္မတ အိမ်တော်အပြင်မှာ ထောက်ခံကြောင်း ကြွေးကြော်နေကြသူတွေကို သမ္မတ Erdogan က ပြောကြားခဲ့ပါတယ်။ တူရကီ နိုင်ငံရေးမှာ ဆယ်စုနှစ်ပေါင်းများစွာ ဝင်ရောက် စွက်ဖက်နေမှုတွေကို ဒီ လူထုဆန္ဒခံယူပွဲကနေ အဆုံးသတ်ပေးလိုက်ပြီဖြစ်ကြောင်းလည်း သမ္မတ Erdogan က ပြောပါတယ်။

တိုင်းပြည်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အုပ်ချုပ်ရေးစံနစ်ကို အရပ်ဖက် နိုင်ငံရေး စံနစ်နဲ့အညီ ပြောင်းလဲလိုက်နိုင်ပြီလို့ လူထုကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ သမ္မတ Erdogan က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ပြောင်းလဲမှုတွေကို ထောက်ခံကြောင်း မဲပေး ဆုံးဖြတ်လိုက်တဲ့အတွက် တူရကီ လွှတ်တော်ဟာ အရေးမပါတော့တဲ့သဘော သက်ရောက်သွားပါတယ်။ ဝန်ကြီးချုပ်နဲ့ အစိုးရဝန်ကြီးအဖွဲ့ကို ဖျက်သိမ်းပစ်မှာဖြစ်ပြီး ဝန်ကြီးတွေကိုလည်း သမ္မတက တိုက်ရိုက် ခန့်ထားမှာဖြစ်သလို အဲဒီ ဝန်ကြီးတွေဟာလည်း သမ္မတအတွက်ပဲ အလုပ်လုပ်ပေးကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အထက်တရားရုံးနဲ့ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးတို့အတွက် တရားသူကြီးတွေ ခန့်အပ်ရေးမှာလည်း သမ္မတက လုပ်ပိုင်ခွင့်အာဏာ ပိုရှိစေမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG