သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ့်ဆန်မြို့နယ် တိုက်ပွဲအတွင်း အရပ်သား ၂ ဦး သေဆုံး


နမ့်ဆန်မြို့တွင်း လက်နက်ကြီးကျည်ကျလို့ ဒဏ်ရာရကျေးရွာသား။ ( သတင်းဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
နမ့်ဆန်မြို့တွင်း လက်နက်ကြီးကျည်ကျလို့ ဒဏ်ရာရကျေးရွာသား။ ( သတင်းဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက ကျေးရွာ ရှိ နေအိမ်တလုံးပေါ်မှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တဦး အပါအဝင် လူ၂ယောက်သေဆုံးပြီး ၈ယောက် ထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာတော့ အစိုးရတပ်မတော်ဘက်က ပလောင်လက်နက်ကိုင် တပ်ဖွဲ့ကပစ်ခတ်တာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသလို ဒေသခံတွေကတော့ တပ်မတော်က ပစ်ခတ်တာလို့ ပြောဆိုတာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နမ့်ဆန်မြို့နယ်အတွင်းက တိုက်ပွဲတွေဟာ ဒီလ ၁၀ရက်နေ့တည်းက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မနေ့က ပစ်ခတ်မှုမှာတော့ နေ့ခင်း ၂နာရီကျော်လောက်မှာ ဟိုချောင်းကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ တာကြောင့် ဒေသခံတွေ ထိခိုက်သေကျေခဲ့ပါတယ်။

အခင်းဖြစ်ပွားတဲ့အခြေအနေကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်က အခုလို ပြောပါတယ်။

" လက်နက်ကြီးနဲ့ပစ်တာ သေတာ နှစ်ယောက်၊ ဒဏ်ရာရတာ ရှစ်ယောက်။ သေသွားတဲ့ ကလေးက ၈နှစ်။ နောက်သေသွားတဲ့ယောကျ်ားလေးက မန္တလေးက စက်လာတင်ဖို့ပြုဖို့ စက်ဆရာနောက်ကနေ လိုက်တာ အသက်(၄၀)။"

ဒဏ်ရာရသူ တွေကို မနေ့ညနေ ၅နာရီလောက်မှာ လားရှိုးဆေးရုံကို ပို့ခဲ့ပါတယ်။

လူနာတွေရဲ့အခြေအနေကိုတော့ ဟိုနားရွာက လူနာစောင့်လိုက်ပါလာသူ အမျိုးသမီးတဦးက အခုလို ပြောပါတယ်။

"အကုန်ခွဲစိတ်ပြီးပြီရှင့်။ သက်သာပါတယ်ရှင့်။ ဗိုက်ထိတဲ့တယောက်ကတော့ အခြေအနေ မသိသေးဘူးရှင့်။ ခွဲစိတ်တာ သုံးနာရီခွဲလောက်ကြာတယ်။ အခုမှ ထုတ်တာဆိုတော့ အခြေအနေ မသိသေးဘူးရှင့်။"

ဒီပစ်ခတ်တာနဲ့ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ရာမှာ TNLAခေါ် ပလောင်လက်နက်ကိုင်တပ်ဖွဲ့က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ၄လုံး ဟိုချောင်းကျေးရွာတွင်းကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသား ၂ဦးသေဆုံးပြီး အမျိုးသား၅ဦးနဲ့ အမျိုးသမီး၃ဦး ထိခိုက်ဒဏ်ရာရ ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒေသခံအများစုကတော့ လက်နက်ကြီးကျည်ဟာ နမ့်ဆန်မြို့ဘက်က လာတဲ့ ကျည်ဖြစ်ကြောင်းပြောဆိုကြသလို ဒေသခံတဦးကတော့ အခုလို ပြောပါတယ်။

" တပ်ကနေ သူတို့မရှင်းတဲ့နေရာကို လက်နက်ကြီးနဲ့ လှမ်းလှမ်းပစ်တာ။ ဟိုဘက်ပစ်၊ ဒီဘက်ပစ်၊ တပ်ကပစ်တာ ၁၂၀ ကျည်တွေလို့ပြောတယ်။ ထိခိုက်ခံရတဲ့အိမ်ရှင်လေ။"

တပ်မတော်ဘက်ကတော့ TNLA တပ်ဖွဲ့တွေက နမ့်ဆန်မြို့ အနောက်ဖက် မြတ်တောင်ရိုး ဘုရားကုန်းနဲ့ အနီးဝန်းကျင်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင်းလို့ သတင်းထုတ်ပြန်ထားသလို ပြီးခဲ့တဲ့ ရက်ကလည်း TNLA တပ်ဖွဲ့က နမ့်ဆန်မြို့တွင်းနဲ့ တပ်မတော်လက်ဖက်ခြောက် စက်ရုံနေရာကို ပစ်ခတ်တာတွေရှိကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG