သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးမျိုးရန်နောင်သိမ်းအမှု NLD ခုခံ ကာကွယ်မည်


ဦးမျိုးရန်နောင်သိမ်း
ဦးမျိုးရန်နောင်သိမ်း

တပ်မတော်ဘက်က စွဲချက်တင်ခံထားရပြီး ထိန်းသိမ်းခံထားရတဲ့ NLD ပါတီရဲ့ ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင် ကိုမျိုးရန်နောင်သိမ်း အမှုအတွက် ဥပဒေနည်းလမ်း အတိုင်းခုခံကာကွယ်ဖို့ ပြင်ဆင်ထားကြောင်း NLD ပါတီ တာဝန်ရှိသူတွေဘက်က ပြောကြားလိုက်ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝေဖန်ပုပ်ခတ်ရေးသားခဲ့တဲ့အတွက် တပ်မတော်က ကိုမျိုးရန်နောင်သိမ်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ စွဲချက်တင်ပြီး လှိုင်ရဲစခန်းမှာ ချုပ်နှောင်ထားတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က နောက်ဆုံးအခြေအနေတွေကို ပြောပြမှာပါ။

ကိုမျိုးရန်နောင်သိမ်းရဲ့ အမှုနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘက်က တရားဥပဒေနဲ့အညီ ခုခံကာကွယ်သွားမှာဖြစ်တယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“သူ့ကို လှိုင်ရဲစခန်းမှာ ရမန်နဲ့ တင်ထားတယ် ဆက်သွယ်ရေးဥပဒေနဲ့ တင်ထားတယ်လို့သိရတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ရုံးတက်လာတဲ့အခါကျရင် ကျနော်တို့ သူ့ကို ဥပဒေအရ ခုခံကာကွယ်ဖို့ အဆင်သင့်လုပ်ထားပါတယ်။

နိုဝင်ဘာလ (၃)ရက်နေ့လယ်ပိုင်း ယုဇနဟိုတယ်ကော်ဖီဆိုင်မှာ မိတ်ဆွေနှစ်ဦးနဲ့ ထိုင်နေတဲ့ ကိုမျိုးရန်နောင်သိမ်းကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က တပ်မတော်အရာရှိဦးဆောင်တဲ့ ရဲတပ်ဖွဲ့ကနေ လာရောက် ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူ့ကို လက်ရှိထိန်းသိမ်းထား တဲ့အခြေအနေနဲ့ပတ်သက်လို့ လှိုင်ရဲစခန်းက တာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“လှိုင်ရဲစခန်းချုပ်မှာပဲ ရမန်ယူပြီး ချုပ်ထားတယ်။ ၄ ရက်ပေါ့ ၄ ရက်ရှိပြီ ဒီနေ့မနက်နဲ့ ဆိုရင် သူ့ရုံးချိန်းက ၉ ရက်နေ့”

ပြီးခဲ့တဲ့ လဆန်းပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာရှိတဲ့ နယ်စပ်လုံခြုံရေး ကင်းစခန်းသုံးခု အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် (၉)ဦးသေဆုံးခဲ့ရတဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်ပြီး တာဝန်ကနေ နှုတ်ထွက်ပေးဖို့ ကိုမျိုးရန်နောင်သိမ်းက သူရဲ့ Facebook စာမျက်နှာမှာ ဝေဖန်ရေးသားခဲ့ပါတယ်။

ဒီရေးသားချက်အပေါ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အသေရေပျက်စေပြီး ထိခိုက်နစ်နာစေတဲ့အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒု ဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်ပြီး လှိုင်ရဲစခန်းမှာ အောက်တိုဘာလ (၃၁)ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)ဟာ နိုင်ငံသားတဦးရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်ထားတာဖြစ်ပြီး ဒီမိုကရေစီ စံနှုန်းစံထားတဲ့ မကိုက်ညီဘူးလို့ နိုဝင်ဘာလ (၄)ရက်နေ့က လှိုင်မြို့နယ်တရားရုံးမှာ လာရောက်ပြီး ရမန်ယူချိန်အတွင်း ကိုမျိုးရန်နောင်သိမ်းက အခုလိုပြောသွားပါတယ်။

“နိုင်ငံသားတယောက်ရဲ့ လွတ်လပ်စွာ ပြောဆိုဖော်ထုတ်ပိုင်ခွင့်ပေ့ါနော် ဒါက ဒီမိုကရေစီမှာ အရေးအကြီးဆုံးပဲ ဘယ်နိုင်ငံမဆိုပဲ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီကို ရောက်စေချင်တယ်ဆိုရင် ဒီအခွင့်အရေးကို နိုင်ငံသားတိုင်းကို ပေးရမယ်။ ဒါအရမ်းအရေးကြီးပါတယ်။ ဘယ်လိုအခြေအနေဖြစ်ပလေ့စေ နိုင်ငံသားတယောက်က သူ့ဆန္ဒကို ဖော်ထုတ်ခွင့်ရှိရမယ်။ သပြောပိုင်ခွင့်ရှိရမယ်၊ သူမြင်တာကို သူမြင်တဲ့ရှု့ထောင့် ကနေပြောပိုင်ခွင့်ရှိရမယ် ဒါဒီမိုကရေစီရဲ့ အရမ်း အခြေခံကျတဲ့ စံနှှုန်းပဲဖြစ်တယ်လို့ ကျနေ်ာမြင်တယ်။”

ပုဒ်မ ၆၆(ဃ) မှာတော့ မည်သူမဆို ဆက်သွယ်ရေး ကွန်ရက် တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တဦးဦကို ခြောက်လှန့် တောင်း ယူခြင်း၊ အနိုင်အထက် ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်လျှင် ထိုသူကို ၃ နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ရမည် ဟု ပြဌာန်းထားပါတယ်။ ဒါပေမဲ့ ဒီပုဒ်မနဲ့ စွဲချက်တင်ခံရသူတွေကို အမာခံမပေးပဲ ချက်ချင်းဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ လုပ်ရပ်ကြောင့် စွပ်စွဲခံရသူတွေကို နစ်နာစေတဲ့အတွက် ပုဒ်မ ၆၆ (ဃ)ကို ပြင်ဆင်ဖို့ လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူတွေက တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG