သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးတင်ဦး နိုင်ငံရေး စည်းရုံးရေးခရီးထွက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိပေမဲ့ နိုင်ငံရေးပါတီအဖြစ်နဲ့ ဆက်လက် တည်ရှိနေပြီး နိုင်ငံရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ ဦးတင်ဦးနဲ့ NLD ခေါင်းဆောင်တချို့ မြစ်ဝကျွန်းပေါ်ဒေသ ခရီးစဉ်အတွင်း ပုသိမ်မြို့ကို ရောက်နေတဲ့အချိန်မှာ အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုကော်မီတီဝင်တချို့ ပုသိမ်မြို့နဲ့ အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ မြို့နယ်အသီးသီးက အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံအပြီးမှာ အဖွဲ့ချုပ်ဟာ နိုင်ငံရေး အဖွဲ့အစည်းအဖြစ်နဲ့ ဆက်လက် တည်ရှိနေသေးတဲ့အကြောင်း ဦးတင်ဦးက ပြောလိုက်တာပါ။

“အခုလောလောဆယ်မှာ အဖွဲ့ချုပ်က နိုင်ငံအရေး၊ ပါတီအရေးတွေနဲ့ ဘယ်သူတွေ ဘာပဲပြောပြော နိုင်ငံရေးအဖွဲ့အစည်းအရ ရှိတယ်။ သူတို့လည်းပဲ သူတို့ဘက်က ဒီဟာနဲ့ပတ်သက်တာကို လုံး၀ ခံယူထားတယ်။ အဲဒီတော့ နိုင်ငံရေး အဖွဲ့အစည်းတရပ် အနေနဲ့ နိုင်ငံရေးကိစ္စ အ၀၀ကို လုပ်ရမယ်။ ဆိုလိုတာကတော့ဗျာ နိုင်ငံရေးအဖွဲ့အစည်းကို အထူးသဖြင့် ပိုမို ကျစ်ကျစ်လျစ်လျစ်နဲ့ ပိုပြီး ဖြစ်သင့်တာဖြစ်အောင် လုပ်နိုင်မယ့်ကိစ္စကို ပိုပြီးတော့ ဝိုင်းဝန်းကြမယ်ပေါ့။ နောက်ပြီးတော့ အခြားအခြားသော အင်အားစုတွေကိုလည်း သူတို့အားလုံးနဲ့ ပိုမို ညှိနှိုင်းဆောင်ရွက်ဖို့အကြောင်းပေါ့။ ကျနော်တို့ အဖွဲ့ချုပ်က အခုလုပ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံရေးကိစ္စအ၀၀တွေ ရှိပါတယ်။”

အဖွဲ့ချုပ် လုပ်ဆောင်နေတဲ့ နိုင်ငံရေးကိစ္စ အရပ်ရပ်ဆိုတာကတော့ နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ လူမှုအထောက်အကူပြု လုပ်ငန်းတွေကို ဆိုလိုတာဖြစ်တဲ့အကြောင်း ဦးတင်ဦးက ပြောပါတယ်။ ဒါ့အပြင် နေရာအရပ်ရပ်မှာ လယ်ယာမြေ အတင်းအဓမ္မ သိမ်းဆည်း ခံနေရတာတွေ ကိုလည်း ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်နဲ့ ညှိနှိုင်း တိုင်ပင်ပြီး ဥပဒေနည်းလမ်းအရ ကူညီ လုပ်ဆောင်ပေးသွားဖို့ စီစဉ်နေတဲ့ အကြောင်း ဦးတင်ဦးက ပြောပါတယ်။

“နေရာအရပ်ရပ်မှာရှိတဲ့ လယ်ယာမြေတွေကို သိမ်းသွင်းတဲ့ကိစ္စတွေ မိုးကုတ်ဘက်က ကိစ္စတွေ၊ ဧရာဝတီတိုင်းဘက်က ကိစ္စတွေ ဒါတွေအပေါ်မှာလည်း ပြည်သူတွေဘက်ကနေပြီးတော့ ရပ်တည်ပြီးတော့ ဖြေရှင်းဆောင်ရွက်သွားမယ် ဆိုတာတွေကို ကျနော်တို့ လူထုအတွက် ဆောင်ရွက်နေတဲ့ကိစ္စအ၀၀ အဖြစ် ဆက်လက်ပြီး ဆောင်ရွက်သွားမှာတွေကိုလည်း လုပ်ငန်းတွေ ချမှတ်ပြီး ကျနော်တို့ ပြောကြဆိုကြ လုပ်ခဲ့တာပါ။ ဒါတွေအပေါ်မှာ အများကြီး ရှိပါတယ်။ သဘောကတော့ဗျာ နိုင်ငံရေးပါတီတရပ်အနေနဲ့ နိုင်ငံရေးအရကို ပြည်သူကြားထဲ ဝင်ပြီးတော့ လှုပ်ရှားမယ့်ကိစ္စရပ်တွေကို ကျနော်တို့က လုပ်ငန်းလမ်းစ ဖော်ပေးတဲ့အတွက် သူတို့ တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်ကြရမယ်ဆိုတဲ့အပိုင်းတွေမှာလည်း ဒီထက် တိုးတက်ပြီးတော့ လုပ်ရမယ်ဆိုတာတွေ ပါပါတယ်။ ဆောင်ရွက်နိုင်စွမ်း ရှိတဲ့ဟာတွေကိုလည်း ဥပဒေ အထောက်အကူပိုင်းနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်။”

နယ်တွေမှာရှိကြတဲ့ NLD အဖွဲ့ဝင်တွေဟာ မီဒီယာတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွန်ကြားချက်ကို အချိန်နဲ့တပြေးညီ ကြားသိရပြီး ဖြစ်တဲ့အကြောင်းနဲ့ အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှု အောက်မှာ ဆက်လက် ရပ်တည်သွားကြဖို့ ပြန်လည် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို တနေ့တုန်းက ဦးကဉာဏ်ဝင်း သွားတွေ့ပြီး ပြန်လာတဲ့ထဲမှာ ပြောတဲ့ တချို့အချက်အလက်တွေကိုလည်း သူတို့ သဘောပေါက်ကတယ်။ သူတို့သိတယ်။ သူတို့က ပြောပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့သိတယ်တဲ့။ သူတို့က မီဒီယာတွေနဲ့ ပတ်သက်တာကို အားလုံး နားထောင်တော့ ကျနော်တို့ပြောတဲ့ကိစ္စရပ်တွေကို သူတို့အားလုံး သိပြီးသားတွေပါပဲ။ အချက်အလက်တွေ အပေါ်မှာ သူတို့ ကြားပြီးပြီ။ ကြားနာပြီး သိပြီးပြီ။ နားလည်ပြီး သဘောပေါက်ပြီးပြီ။ အဓိပ္ပါယ်ကတော့ ခုနကပြောတဲ့ NLD ကို ပေးချင် တာကို ပေးစရာမရှိရင် မပေးနဲ့ပေါ့ဆိုတောတွေ သူတို့ အကုန်လုံး သိပါတယ်။ အဲဒီတော့ မီဒီယာရဲ့ ကျေးဇူးလည်း အများကြီး ရှိတယ် ပေါ့ဗျာ။ ကျနော်တို့ ပြောတာတွေအားလုံးကို မီဒီယာတွေကလည်း ကြားပါတယ်။ အထူးသဖြင့် ကျနော်တို့ အဖွဲ့ချုပ်က လူကြီးတွေ ပြောတဲ့ စကားကို သူတို့အားလုံးကြားတယ်။ သူတို့အားလုံး နားထောင်ပြီးတော့ သိသင့်သိထိုက်တာတွေ သိရတဲ့အတွက် ဆောင်ရွက်ရမယ့် တချို့ ကိစ္စတွေကိုလည်း နားလည်ပါတယ်တဲ့။ အဲဒီတော့ ကျနော်တို့ ခုနကပြောခဲ့တဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ ဘယ်လို သဘော သဘာဝနဲ့ ရပ်တည်ရမယ်ဆိုတာကလည်း အခု သူတို့ ရှင်းလင်းပြောပြတဲ့အထဲမှာ နားလည်ကြတယ် ဆိုတဲ့သဘော အတိုင်းအတာ တခု သူတို့ရှိကြတယ် ဆိုတဲ့သဘောမျိုး သူတို့ ပြောကြပါတယ်။”

ဦးတင်ဦးနဲ့အတူ အဖွဲ့ချုပ် ဗဟိုကော်မီတီဝင် ဦးဝင်းမြင့်နဲ့ ဦးလှဖေတို့လည်း လိုက်ပါ သွားကြတယ်လို့ သိရပါတယ်။

ဦးတင်ဦးဟာ ဇာတိမြေဖြစ်တဲ့ ပုသိမ်မြို့ကို နှစ်ပေါင်း ၂၄ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်ရောက်ခဲ့တာဖြစ်ပြီး အဲဒီကမှတဆင့် တခြား ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာရှိကြတဲ့ NLD အဖွဲ့ဝင်တွေကို သွားရောက် တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG