သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေး မဆွေးနွေးလို့ ယူကရိန်းပြော


ယူကရိန်းသမ္မတ Volodymyr Zelenskyy (ဝဲ)နှင့် တူရကီ သမ္မတ Recep Tayyip Erdogan (ယာ) တို့ အစ္စတန်ဘူမြို့မှာ တွေ့ဆုံစဉ် (မတ် ၈၊ ၂၀၂၄)
ယူကရိန်းသမ္မတ Volodymyr Zelenskyy (ဝဲ)နှင့် တူရကီ သမ္မတ Recep Tayyip Erdogan (ယာ) တို့ အစ္စတန်ဘူမြို့မှာ တွေ့ဆုံစဉ် (မတ် ၈၊ ၂၀၂၄)

Switzerland နိုင်ငံမှာ ယူကရိန်းငြိမ်းချမ်းရေးအတွက် ပထမဆုံးကျင်းပမယ့် ထိပ်သီးစည်းဝေးပွဲကျရင် ရုရှားကို ဖိတ်ကြားဖို့ အစီအစဉ်မရှိဘူးလို့ ယူကရိန်းသမ္မတ Volodymyr Zelenskiy က ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် ရုရှားနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ကိစ္စ လက်မခံဘူးဆိုတာ တူရကီနိုင်ငံမှာ တူရကီသမ္မတနဲ့ တွေ့ဆုံအပြီး သတင်းစာရှင်းပွဲမှာ သမ္မတ Zelenskiy က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အားလုံးကို သတ်ဖြတ်၊ ဖျက်ဆီးနေတဲ့နိုင်ငံက ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့ ဘယ်လို ဖိတ်နိုင်မလဲလို့ ယူကရိန်းသမ္မတ ပြောသွားတာပါ။ ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေးအတွက် အဖြေရဖို့ လိုအပ်တာကြောင့် ကမ္ဘာ့တခြားနိုင်ငံတွေနဲ့ အသေးစိတ် အစီအစဉ်တွေ၊ ရလာဒ်တွေရတော့မှ ငြိမ်းချမ်းရေးလိုလားတဲ့ ရုရှားကိုယ်စားလှယ်တွေ ပါဝင်လို့ရမယ်လို့ တူရကီနိုင်ငံမှာ သောကြာနေ့က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

တူရကီသမ္မတ Recep Tayyip Erdogan ကတော့ တူရကီမှာ ယူကရိန်း ရုရှား ငြိမ်းချမ်းရေး ထိပ်သီးစည်းဝေးပွဲ လက်ခံကျင်းပဖို့ အဆင်သင့်ပဲလို့ ပြောကြားခဲ့ပါတယ်။ ယူကရိန်းနိုင်ငံနဲ့ တသားတည်း ဆက်လက်ရပ်တည်နေတဲ့ တချိန်ထဲမှာ ဆွေးနွေးညှိနှိုင်းပြီး စစ်ပွဲအဆုံးသပ်၊ ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သမ္မတ Erdogan က ပြောကြားသွားခဲ့ပါတယ်။

NATO စစ်ရေးမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ တူရကီနိုင်ငံဟာ ရုရှားအစိုးရနဲ့ရော ယူကရိန်းအစိုးရနဲ့ပါ ဆက်ဆံရေးမပျက်အောင် ထိန်းထားတဲ့ နိုင်ငံဖြစ်တာနဲ့အတူ ရုရှား ယူကရိန်းစစ်မှာ ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်သူအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ သောကြာနေ့က တူရကီနဲ့ ယူကရိန်းသမ္မတ ၂ ယောက် တွေ့ဆုံပြီး ရုရှားကျူးကျော်စစ် တိုက်နေတဲ့ ကိစ္စ၊ ပင်လယ်နက်ကနေ ယူကရိန်း ကောက်နှံတွေ တင်ပို့နိုင်ရေးနဲ့ ၂ နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ၂ ဘက်လုံးက သတင်းထုတ်ပြန်ပါတယ်။

ယူကရိန်းအတွက် အသေးစားစစ်သင်္ဘော ၂ စီးတည်ဆောက်နေတဲ့ Istanbul မြို့ပြင်နားက သင်္ဘောကျင်းမှာ သမ္မတ ၂ ယောက် သောကြာနေ့က တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

Forum

XS
SM
MD
LG