သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလစွပ်စွဲချက် ခိုင်မာတဲ့ အထောက်အထားပြဖို့ မြန်မာလိုလား


ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်တွေ
ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်တွေ

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တဲ့ အထိဖြစ်နိုင်တယ်လို့ လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကပြောဆိုလိုက်ပါတယ်။

ဒါပေမယ့် မြန်မာအစိုးကတော့ အခုလို စွပ်စွဲရုံနဲ့ မလုံလောက်ပဲ သက်သေအထောက်အထားတွေနဲ့ ပြနိုင်ဖို့လိုအပ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ရှားဖောင် က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင် လူမှုအသွင်းအဝိုင်းပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မကြာခင်က ထုတ်ပြန်လိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံး OHCHR ရဲ့အစီရင်ခံစာပါ အထောက်အထားတွေအရ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ် အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Adama Dieng က အင်္ဂါနေ့မှာပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်အတွင်းက အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ မွတ်စလင်တွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ စနစ်တကျ ကျူးလွန်မှုတွေရှိနေတယ်လို့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ထုတ်ပြန် လိုက်တဲ့ OHCHR ရဲ့ လေ့လာတွေ့ရှိချက်အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါတယ်။

သူတို့ရဲ့ မျိုးနွယ်အခြေခံအပေါ်မှာတည်ပြီးတော့ အခုလို ညှင်းပမ်းနှိပ်စက်ခံရတယ်၊ သတ်ဖြတ်ခံရတယ်၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ် ဆိုရင်တော့ ဒါဟာ လူသားမျိုးနွယ် အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့အကြောင်း၊ ဒါဟာ နိုင်ငံတကာမှာ လည်း တော်တော်ကို ဆိုးဆိုးဝါးဝါး ရာဇဝတ်မှုမြောက်တဲ့ အကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ Adama Dieng က ပြောဆိုထားပါတယ်။ ဒါတွေဟာ အခုချက်ခြင်း ရပ်ဆိုင်းဖို့ လိုတယ်လို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ စနစ်တကျ ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက လူ့အခွင့်အရေးစောင့်ကြည့်လေ့လာ တဲ့ အဖွဲ့တွေရဲ့ စွပ်စွဲပြောဆိုချက်တွေဟာ မှန်ကန်မှု ရှိမရှိ သက်သေအထောက်အထား နဲ့ ပြဖို့လိုကြောင်း မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ က အခုလိုတုံ့ပြန်ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ Position က very clear ပါ ဒီလိုမျိုး စွပ်စွဲချက်တွေ က very serious ပါ။ အင်မတန်မှ တော်တော်ပြင်းထန်ပါတယ်၊ တကယ်တမ်း စွပ်စွဲတယ်ဆိုတာနဲ့ is not enough ပေါ့လေ ၊ ဒါတွေကို အထောက်အထား ရှိရင်ပြ ဒါတွေကို ကျနော်တို့ စစ်ဆေးပေးမယ်။ ဒါကျနော်တို့ရပ်တည်ချက်ပဲ ၊ ဒီရပ်တည်ချက်က ခုနကပြောတဲ့ ဒီလူ့အခွင့်အရေး commissioner မင်းကြီးပြောတဲ့ statement လည်းဒီအတိုင်းပဲ ၊ နောက် Human Right Watch နောက်ပြီး whatever organization တွေ ဘယ်အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့ position မှာ အခု စွပ်စွဲချက်တွေအကုန်လုံးက တကယ့်ကို very serious ပဲ၊ တကယ်ကို ပြင်းပြင်းထန်ထန်ဖြစ်တယ်၊ တကယ်တမ်းမှန်တယ်ဆိုရင် ကျနော်တို့ဆီက စစ်ဆေးသွားမယ်၊ လိုအပ်တဲ့ အရေးယူမှုတွေလုပ်ပါမယ်။ ဒါပေမယ့် သူူတို့ စွပ်စွဲချက်နောက်မှာတော့ အထောက်အထားတွေ နောက်ကထည့်ပေးဖို့တော့ လိုမှာပေါ့နော်။ ပါးစပ်ကနေ ပြောနေလို့တော့ မလုံလောက်ဘူးပေါ့နော်။”

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတဲ့အပေါ် စုံစမ်းစစ်ဆေးဖို့အတွက် အစိုးရက ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့တခု ဖွဲ့စည်းခဲ့ပေမယ့်လည်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ်မှာ အသေအချာလေ့လာစုံစမ်းမှု မလုပ်နိုင်ခဲ့ဘူးလို့လည်း ဝေဖန်ထားပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ကတော့ ဒီအခြေအနေတွေ အပေါ်မှာ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေ ပါတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ ကတော့ အခုလို ပြောပါတယ်။

“အဲဒါ ကျနော်အခုပြောတဲ့ အချက်ထဲမှာပဲလေ၊ ၁ အချက် ကျနော်တို့တွေက ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဟိုး ကနဦးကတည်းကနေပြီးတော့ ဒုတိယသမ္မတ ဦးဆောင်တဲ့ စစ်ဆေးရေးကော်မရှင်က ရှိပြီးသား၊ ဆက်ပြီးစစ်ဆေးနေသေးတယ်။ စစ်ဆေးတဲ့ လုပ်ငန်းစဉ်တွေက မပြီးသွားသေးဘူး။ အဲဒီတော့ အဓိကအချက်ကတော့ ကျနော်တို့ကို အခုလို စွပ်စွဲတာတွေက တော်တော့်ကို ပြင်းထန်ပါတယ်၊ ဘာပဲပြောပြော ကျနော်တို့ ဒါတွေကိုလည်း စစ်မှန်သလား ၊ ကျနော်တို့လည်း လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေရှိတယ်၊ ကျနော်တို့ ဒီဘက်က စုံစမ်းစစ်ဆေးရေးကော်မရှင် ဘက်ကလည်း သူ့အလုပ်ကို ဆက်လုပ်နေတာပဲလေ၊ ဆက်ပြီးတော့ စုံစမ်းစစ်ဆေးမှုလုပ်နေမှာပါ။”

ရခိုင်ပြည်နယ်အတွင်း ကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းနှစ်ခု ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် အထောက်အကူပေးနိုင်မယ့် အခြေအနေတရပ် မဖန်တီးပေးနိုင်ခြင်း၊ ရိုဟင်ဂျာ မူဆလင်လူမှုအသိုင်းအပေါ် ခွဲခြားဆက်ဆံတဲ့ မူဝါဒနဲ့ ကျင့်ထုံးတွေ ရေရှည်ကတည်းကကျင့်သုံးလာခြင်းနဲ့ ဟိုးအရင်ကတည်းကနက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ နောက်ခံ အကြောင်းအရင်းတွေ အပေါ်ကို ဖြေရှင်းဖို့ စောင့်ဆိုင်းနေဖို့ အချိန်မရှိတော့ဘူးလို့လည်း လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Adama Dieng က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG