သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်များ အကူအညီပေးရေးဆုံးဖြတ်ချက် ကုလထုတ်ပြန်


ဒုက္ခသည်အရေး ကုလ ထိပ်သီးဆွေးနွေးပွဲ
ဒုက္ခသည်အရေး ကုလ ထိပ်သီးဆွေးနွေးပွဲ

ကမ္ဘာအနှံ့က ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေ အရေး ကိုင်တွယ်ဆောင်ရွက်ရာမှာ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ဖို့ နိုင်ငံတကာ အသိုင်းဝိုင်းက ကတိပြုခဲ့ကြပါတယ်။ ဒါပေမဲ့ အစီအစဉ်ဟာ လုံလောက်မှုရှိမရှိ ဆိုတာကို တချို့က မေးခွန်းထုတ်နေကြပါတယ်။

ကုလသမဂ္ဂမှာ တနင်္လာနေ့ ကျင်းပခဲ့တဲ့ ထိပ်သီးအဆင့် ဆွေးနွေးပွဲမှာ ကုလအဖွဲ့ဝင်နိုင်ငံတွေက ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အခွင့်အရေးကို အကာကွယ်ပေးဖို့ သဘောတူညီခဲ့ကြသလို ကမ္ဘာ့အနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ အခြေအနေအပေါ် တာဝန်ယူလုပ်ဆောင်ရေးနဲ့ ပတ်သက်ပြီး အတွေ့ကြုံတွေ ဖလှယ်ခဲ့ကြပါတယ်။

ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ အရေးကိစ္စကို ဝန်ထုတ်ဝန်ပိုးတခုအဖြစ် မမြင်သင့်ကြောင်း ကုလအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။ သူတို့ကို အခွင့်အလမ်းတွေ ဖန်တီး ပေးမယ်ဆိုရင် သူတို့မှာ စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေ အများကြီးရှိကြပါတယ်လို့လည်း သူကပြော ပါတယ်။

မကြုံစဖူး ကမ္ဘာအနှံ့ လူပေါင်း ၆၅ သန်းဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ တချို့ဟာ ပဋိပက္ခတွေကြောင့် ထွက်ပြေးနေကြရပြီး တချို့ကတော့ ဆင်းရဲကျပ်တည်းမှုကြောင့် ထွက်ပြေးနေကြရတာပါ။ တခြားတော်တော်များများ ကတော့ ရာသီဥတု ဆိုးရွားမှုကြောင့် နေရပ် စွန့်ခွာထွက်ပြေးနေကြရတာပါ၊

နယူးယောက်မှာ သဘောတူခဲ့တဲ့ ကြေညာချက်မှာ ပဋိပက္ခဒဏ်ခံကြရတဲ့ နိုင်ငံတွေအတွက် အထောက်အကူတိုးပေးဖို့အပြင် အိုးအိမ်မဲ့ ဖြစ်နေကြတဲ့ကလေးတွေအတွက် ပညာသင်ခွင့် ရရှိစေဖို့နဲ့ လူသားချင်းစာနာမှုရန်ပုံငွေ တိုးမြှင့်ဖို့အပြင် ဒုက္ခသည်တွေ ပြန်လည် အခြေချနိုင်ရေးတို့ပါဝင်ပါတယ်။

နှစ်စဉ် ကမ္ဘာ့ဒုက္ခသည်တွေရဲ့ ၁၀% ပြန်လည်အခြေချဖို့ အစိုးရတွေကို တောင်းခံတဲ့အစီအစဉ်ကိုတော့ ဖျက်သိမ်းလိုက်ပြီး နိုင်ငံတွေအနေနဲ့ လက်ခံနိုင်မယ့် ဒုက္ခသည်ဦးရေ အတိကျကိုတော့ သတ်မှတ်ခြင်းလည်း မပြုတဲ့အတွက် အထူးသဖြင့် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အပါဝင် NGO တွေ က ပြစ်တင် ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG