သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ လူ့အခွင့်အရေးမဟာမင်းကြီး တိုက်တွန်း


ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein

ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ချိုးဖောက်မှုတွေကို စုံစမ်းရေး ကုလသမဂ္ဂ ကော်မရှင်ဖွဲ့စည်းဖို့နဲ့ မြန်မာနိုင်ငံတွင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံး ဖွင့်လှစ်ခွင့်ပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၃၄ ကြိမ်မြောက် ကုလ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုသွားတာဖြစ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေဟာ စိုးရိမ်စရာ အနေအထား ရှိနေတာကြောင့် ကုလ သမဂ္ဂ အနေနဲ့ စုံစမ်းရေး ကော်မရှင် တရပ် ဖွဲ့စည်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein က ဒီကနေ့ ကုလ လူ့အခွင့်အရေး ကောင်စီညီလာခံမှာ တိုက်တွန်းလိုက်တာပါ။

“ဆိုးရွားပြီး နှစ်ပေါင်းများစွာဖြစ်လာတဲ့ နှိပ်စက်ညှဉ်းပန်းမှု အခြေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုးဆိုးဝါးဝါး သတင်းတွေဟာ ကျနော့်အတွက်တော့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဆင့်ထိ မြောက်နိုင်ဖွယ်ရှိပြီး ဒါဟာ နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC က ကိုင်တွယ်လုပ်ဆောင်ခွင့် ရှိတဲ့အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်မှုတွေ အထူးသဖြင့်၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ နောက်ပိုင်း လုံခြုံရေး ဆောင်ရွက်ချက်တွေကို အနည်းဆုံးတော့ စုံစမ်းရေး ကော်မရှင် တရပ် ဖွဲ့စည်းဖို့ လူ့အခွင့်အရေး ကောင်စီကို ကျနော် တောင်းဆိုပါတယ်။ နောက် နိုင်ငံတွင်းမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရုံး ဖွင့်လှစ်ခွင့်ရဖို့ကိုလည်း ထပ်ပြီး တောင်းဆိုပါတယ်။”

နှစ်ပေါင်းများစွာ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က မွတ်စလင်တွေ အရေး ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ မြန်မာ အစိုးရဘက်က ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေး ကော်မရှင်ကို ဖွဲ့စည်းထားသလို ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုလည်း ဖွဲ့ဏည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein ရဲ့ ကုလ စုံစမ်းရေး ကော်မရှင် တရပ် ဖွဲ့စည်းဖို့ တိုက်တွန်းချက်ကိုတော့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေး ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်က သဘောထား မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေး ကော်မရှင်က ရခိုင် အရေး ဖြေရှင်းရေး အကြံပြုချက် အစီရင်ခံစာကို ဒီရက်ပိုင်း အတွင်းမှာဘဲ မြန်မာ အစိုးရကို တင်ပြဖို့ ရှိတဲ့ အကြောင်း ပြောပါတယ်။

“ကျနော်တို့ကတော့ သဘောထားဘာမှ မပေးသေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ကြားဖြတ်အစီရင်ခံစာထွက်ဖို့ရှိပါတယ်။ အဲဒီတော့ ကြားဖြတ်အစီရင်ခံစာလေးထဲမှာ မျှမျှတတနဲ့ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မယ်ဆိုတာကိုအကြံပေးဖို့ရှိပါတယ်။ အဲဒါရက်ပိုင်းအတွင်းထွက်မှာပါ။ အဲဒါမထွက်ခင်အချိန်အထိတော့ ဘာမှ comment ပေးဖို့မရှိပါဘူး။ ရခိုင်ပြည်ကြီးတခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ဘယ်လိုကျနော်တို့ လုပ်ရင်ကောင်းမယ်ဆိုတာကို အဲဒါကို ကျနော်တို့ ခြုံငုံပြီးတော့ အစိုးရကို အကြံပြုမှာပါခင်ဗျာ။”

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၃၄ ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံမှာ တင်သွင်းတဲ့ မြန်မာနိုင်ငံ ရခိုင်ဒေသ အခြေအနေ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ နှစ်ပတ်လည် အစီရင်ခံစာကိုတော့ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့် မရတဲ့ အခြေအနေကြောင့်ဘင်္ဂလားဒေရှ့် နိုင်ငံကို သွားရောက်ပြီး ပြုစုရေးသားခဲ့တာလို့ ပြောဆိုသွားတာပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရဲ့ နှစ်ပတ်လည် အစီရင်ခံစာနဲ့ ပတ်သက်လို့တော့ မြန်မာ အစိုးရဘက်က တုံ့ပြန်ချက် ထွက်ပေါ်မလာသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG