သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံညီလာခံ နိုင်ငံရေးမူဘောင်မှာ တန်းတူရေး UNFC တိုက်တွန်း


UNFC ပြောခွင့်ရသူ ခူဦးရယ် ( ဓါတ်ပုံ-Htet Aung Hkant)
UNFC ပြောခွင့်ရသူ ခူဦးရယ် ( ဓါတ်ပုံ-Htet Aung Hkant)

၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးမယ့် နိုင်ငံရေးမူဘောင်ရေးဆွဲရာမှာ အားလုံးတန်းတူမပါဝင်နိုင်ဘူးဆိုရင် ကျင်းပမယ့် ၂၁ရာစုပင်လုံညီလာခံ ဟာ အောင်မြင်ဖို့ ခက်ခဲမယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)ကပြောဆိုလိုက်ပါတယ်။ မနေ့က နိုင်ငံတော် အတိုင်ပင်ခံနဲ့တွေ့ဆုံတာမှာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေ တောင်းဆိုသမျှကို လိုက်လျောဖို့ အစိုးရအနေနဲ့ အာမ မခံနိုင်ဘူးလို့ တုန့်ပြန်ခဲ့တဲ့အကြောင်းလည်းသိရပါတယ်။UNFC သတင်းစာရှင်းလင်းပွဲကိုကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့မေခကပေးပို့ထားပါတယ်။

(ဓါတ်ပုံ-ကို စည်သူ)
(ဓါတ်ပုံ-ကို စည်သူ)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)တို့ မနေ့က တွေ့ဆုံမှုဟာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းတလှမ်းအဖြစ် ရှေ့ဆက်ဖို့ လမ်းစပွင့်ခဲ့တယ်လို့ တိုင်းရင်းသားတွေဖက်က ယူဆပါတယ်။ မနေ့က ဒီတွေ့ဆုံဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့ ယူအန်အက်စီဖက်က ရန်ကုန် ချက်ထရီယန်ဟိုတယ်မှာ သတင်းစာရှင်းလင်းခဲ့တာပါ။ ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးမယ့် နိုင်ငံရေးမူဘောင် ကြိုတင်ရေးဆွဲရာမှာ အားလုံး တန်းတူပါဝင်နိုင်ခြင်းမရှိဘူးဆိုရင်တော့ ၂၁ ရာစု ပင်လုံညီလာခံဟာ အခက်အခံတွေ ကြုံရနိုင်တယ်လို့ UNFC ပြောခွင့်ရသူ ခူဦးရယ်က သတိပေးခဲ့ပါတယ်။

“Framework က အားလုံးသဘောတူ လက်ခံနိုင်တဲ့ Framework ဖြစ်ဖို့လိုပါတယ်။ အဲဒါကြောင့်မို့လို့ Framework review မှာ အားလုံး တန်းတူညီမျှပါဝင်နိုင်ခြင်း မရှိရင် အားလုံးက လက်ခံသဘောတူထားတဲ့ Framework ဖြစ်မလာဘူးဆိုရင် ညီလာခံကို ကျင်းပတဲ့အခါမှာ ကျနော်တို့ကိုယ်စားလှယ် အနေအထားနဲ့ပတ်သက်လို့ ကျနော်တို့ ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့အခါမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်တယ်။ အဲဒီကိစ္စကိုလည်း မနေ့က ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့တဲ့အခါမှာလည်း အဲဒီစိုးရိမ်မှုကိုလည်း ကျနော်တို့ ထည့်သွင်းတင်ပြပါတယ်။ အဖွဲ့တွေအားလုံးပုံစံတခုထဲအောက်မှာ အတူတကွသွားနိုင်ဖို့ကြိုးစားပေမယ့်လို့ တကယ်လို့ မတူကွဲပြားတဲ့အနေအထားနဲ့ ကျနော်တို့သွားရမယ်ဆိုရင်တော့ ဒါဖြစ်ပေါ်လာမယ့်အခြေအနေပေါ်မှာပဲ ကျနော်တို့ စောင့်ကြည့်ရမယ့်သဘောဖြစ်ပါတယ်။”

အစိုးရဘက်က နိုင်ငံရေးမူဘောင်ပြန်လည်ဖြည့်စွက်နိုင်ဖို့ လက်ရှိအချိန်မှာ တိုင်းရင်းသားတွေတဖွဲ့ချင်းကိုဖိတ်ခေါ်ထားပါတယ်။ အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေက နိုင်ငံရေးမူဘောင်ဆွေးနွေးမှု ပါဝင်ဖို့ကိစမှာ ယူအန်အက်စီ တပ်ပေါင်းစုအနေနဲ့ တက်မလား၊ တဖွဲ့ချင်းက ဆုံးဖြတ်မလားဆိုတာကိုလည်း တိုင်းရင်းသားတွေ အကြား ပြန်လည်ညှိုနှိုင်း ဖို့ရှိနေပါတယ်။

မနေ့ကတွေ့ဆုံပွဲမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေ တောင်းဆိုသမျှကို အစိုးရအနေနဲ့ အားလုံးအ ကုန်ရာနှုန်းပြည့်လုပ်ပေးဖို့ ခက်တယ်လို့ပြောဆိုခဲ့ပြီး ကိုယ်ဘက်ကတောင်းဖို့ထက် ပေးဖို့စဉ်းစားဖို့ကိုလည်း တိုင်းရင်း သားတွေကို ပြောခဲ့တယ်လို့ ခူးဦးရယ်က ပြောပါတယ်။ ဒီအပေါ်မှာ ခူဦးရယ်ကတော့ အခုလိုပြန်ပြောပါတယ်။

“ကျနော်တို့ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေ ကျနော်တို့ပြည်နယ်တွေမှာ သွားကြည့်လိုက်ပါ။ တောင်တွေဟာ မြေပြန့်ဖြစ်ကုန်ပြီ။ မြေပြန့်တွေဟာ ကန္တာရ ဖြစ်ကုန်ပြီ။ မြစ်ချောင်းအင်းအိုင်တွေဟာ ခမ်းခြောက်ကုန်ပြီ။ ကျနော်တို့ လူထုတွေရဲ့ကျေးရွာတွေဟာ ပျက်စီးပြီးတော့ တောထဲတောင်ထဲရောက်နေ ကြပြီ။ မြေအောက်က သံယံဇာတဆိုရင် ကုန်ပြီ ထုတ်လို့။ သစ်ပင်ဝါးပင်တွေမရှိတော့ဘူး။ ကဲ ကျနော်တို့ဆီမှာ ဘာတွေလိုချင်သေးသလဲ။ ကျနော်တို့ဘာတွေ ထက်ပေးရအုန်းမလဲ။ ကျနော်တို့နားလည်တာက ဒီတိုင်းပြည်ကြီးဟာ ကျနော်တို့အတူတကွ လက်တွဲပြီးတော့ လွတ်လပ်ရေးယူခဲ့ကြတာ။ ဒါကြောင့်မို့လို့ ဒီတိုင်းပြည်ဟာ ကျနော်တို့ အတူတကွပိုင်ဆိုင်တယ်။ ကျနော်တို့ ပြောနေတဲ့ တန်းတူညီတူအခွင့်အရေးဆိုတာ ဒါပဲ။ အဲဒါကြောင့်မို့လို့ ကျနော်တို့မှာ တောင်းစရာလည်း မရှိသလို၊ ပေးစရာလည်းမရှိဘူး။ အတူတကွ ယှဉ်တွဲနေထိုင်ခြင်းကို ငြိမ်းချမ်းသာယာအောင်၊ တိုးတက်အောင် ဘယ်လိုအတူတကွလုပ်ကြမလဲ၊ လူတိုင်းလူတိုင်းတာဝန်ရှိတယ်။”

တက်လာတဲ့ အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးကိုဦးတည်လုပ်ဆောင်နေပေမယ့် တပ်မတော်ဘက်ကကောဒီငြိမ်းချမ်းရေးအပေါ် အစိုးရနဲ့ အတူ တကွလုပ်ဆောင်နေသလား မနေဘူးလားဆိုတာကိုတော့ တိုင်းရင်းသားတွေဘက်ကမေးခွန်းထုတ်နေဆဲပါ။ တိုက်ပွဲအရှိန်လျော့ဖို့ တိုင်းရင်းသား တွေဘက်က တောင်းဆိုတာတွေရှိခဲ့ပါတယ်။

အစိုးရသစ်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် မွန်ပြည်သစ်ပါတီ (NMSP) မှ နိုင်ထောမွန်က ခုလိုမှတ်ချက်ပေးပါတယ်။

“သူဟာအစိုးရအသစ်ဖြစ်တယ်။ စစ်အစိုးရမဟုတ်ဘူး။ အလားအလာ သူ့အခြေအနေကလည်း အခြေအနေပေါင်းစုံကနေဖြတ်ပြီးတော့လာရတာကို ၊ နိုင်ငံရေးပါတီအစိုးရကို အပြောင်းအလဲတော့ဖြစ်နိုင်တယ်လို့ ကျနော်တို့မြင်တယ်လေ။ ခုနကပြောသလို ပြည်ထောင်စုပြန်လည် တည်ဆောက်မယ် ၊ ရေရှည်တည်တန့်တဲ့ငြိမ်းချမ်းရေးလည်း ရအောင်လုပ်မယ်ဆိုရင်တော့ မျှော်မှန်းချက်နဲ့ ကိုက်ညီတယ်ပေါ့။ ဖြစ်နိုင်မယ်လု့ိ ၂ ဘက်စလုံးကြိုးစားရင်တော့ ဖြစ်နိုင်မယ်လို့ အဲဒီလိုမြင်တယ်လေ။”

လာမယ့် ဇူလိုင် ၂၀မှာ အစိုးရရဲ့ပင်လုံညီလာခံကျင်းပရေးကော်မတီနဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေ ထပ်မံတွေ့ဆုံ ဦးမှာပါ။ ဒီပြင် လာမယ့် ၂၆ရက်မှာတော့ ကချင်ပြည်နယ်မိုင်ဂျာယန်မှာ ကျင်းပမယ့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များညီလာခံမှာ ၂၁ရာစု ပင်လုံညီလာခံ တက်ဖို့အတွက် အကြိုညှိုနှိုင်းဖို့ ရှိနေသလို အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောင်ဖို့အတွက် ဘုံသဘောတူညီချက်တွေ ကိုစုစည်းသွားမယ်လို့ တိုင်းရင်းသားတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG