သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFC ၅ဖွဲ့ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်မည်


UNFC အစည်းအဝေး (NMG)
UNFC အစည်းအဝေး (NMG)

UNFCခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် (၅)ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ ရခိုင်အမျိုးသားကောင်စီANC၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့တို့ဟာ NCAလမ်းကြောင်း ကိုလက်ခံကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ UNFC ခေါင်းဆောင်တွေက အတည်ပြုပြောဆိုခဲ့ပါတယ်။ UNFCနိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေးအဖွဲ့အနေနဲ့ အစိုးရငြိမ်း ချမ်းရေးကော်မရှင်နဲ့ မကြာခင်မှာတွေ့ဆုံသွားမှာဖြစ်သလို UNFCအဖွဲ့တွေအနေနဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ ဆွေးနွေး တင်ပြခွင့်မရှိရင် တက်ရောက်ဖို့မသေချာဘူးလို့ လဲဆိုပါတယ်။ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိမ်က သတင်း ပေးပို့ထားပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)အဖွဲ့ထဲက ရခိုင်အမျိုးသားကောင်စီANC နဲ့ လား ဟူဒီမိုကရက်တစ်အစည်းအရုံး LDU ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အဖွဲ့တို့လဲ UNFCမူအတိုင်း NCAလမ်း ကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းသွားဖို့ သဘောတူညီခဲ့ကြတယ်လို့ UNFCဒုတိယဥက္ကဌ နိုင်ဟံသာက VOA ကိုပြောပါတယ်။

“ANC ကလည်း UNFCရဲ့ NCA လမ်းကြောင်းကိုလိုက်ဖို့အတွက် သူတို့လည်းသဘောတူတယ်လေ။ SSPPလည်း NCA လမ်းကြောင်းကနေပြီးတော့မှ UNFC နဲ့အတူ သူတို့လည်း ဆက်လက်ညှိနှိုင်းဖို့ရှိတယ်။”

NCAလမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းသွားဖို့ မေလ ၁၃ရက်နေ့မှာကျင်းပခဲ့တဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးအစည်းအဝေးကနေဆုံးဖြတ်တာဖြစ်တယ်လို့ LDUဒုတိယဥက္ကဌ ဦးဆော်လမွန်က ပြောပါတယ်။

“ကျနော်တို့လည်း ဒီလ ၁၂ ၊ ၁၃ မှာ ဗဟိုကော်မတီဝင်တွေအစည်းအဝေးလုပ်တယ်။ UNFCရဲ့ မူလ NCA လမ်းကြောင်းကိုလိုက်ဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့တယ်။ NCA လမ်းကြောင်းကိုလိုက်ဖို့ ဆုံးဖြတ်ချက်ချပြီးပြီ။”

မွန်ပြည်သစ်ပါတီနဲ့ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPတို့အနေနဲ့ မေလဒုတိယအပါတ်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ UNFC ရပ်တည်ချက်အတိုင်း NCAလမ်း ကြောင်းကိုဆက်လက်လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်တာကြောင့် UNFCအဖွဲ့ (၅)ဖွဲ့ကနေ NCAလမ်းကြောင်းကိုသဘောတူရွေးချယ်ခဲ့ပြီးဖြစ်ပါတယ်။

NCAလက်မှတ်ရေးထိုးရေးကိစ္စနဲ့ပက်သက်လို့ကတော့(UNFC)အဖွဲ့တွေကနေတင်ပြထားတဲ့ အချက်(၉)ချက်ကို မြန်မာအစိုးရကနေ မူအရလက်ခံတယ်လို့ဆိုပေမဲ့ ဆက်လက်ညိျှနှိုင်းသွားရမဲ့ အခြေအနေမှာရှိနေပါတယ်။

UNFCရဲ့ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ကြား ၂၁ရာစု ဒုတိယပင်လုံညီလာခံမတိုင်ခင်တွေ့ဆုံဖို့ရှိတယ်လို့ UNFCအဖွဲ့ဝင် LDUဒုတိယဥက္ကဌ ဦးဆော်လမွန် ကပြောပါတယ်။

“UNFCကတော့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ၂၀ ရက်နေ့လောက်မှပဲ တွေ့နိုင်မယ်လို့ မျှော်လင့်တယ်။ ကျနော်တို့ကတော့ တွေ့ဖို့စောင့်နေပြီ ဒါပေမယ့် ကျနော်တို့ DPA ညှိနှိုင်းဆွေးနွေးတဲ့ခေါင်းဆောင် ခူးဦးရယ်က မအားဘူးဖြစ်နေတယ် သူတို့ KNPPမှာ ညီလာခံရှိလို့ ညီလာခံကတော့ ကျနော်ထင်တာ ၁၉ လောက်မှ ပြီးမယ်ထင်တယ်။ အဲဒီအချိန်မှ သူတို့ပြန်ခေါ်မှ ကျနေ်ာတို့အစည်းအဝေးတက်ဖို့ အဲဒီနောက်ပိုင်းမှ ကျနော်တို့ တွေ့ဖို့အစီအစဉ်တော့ရှိမယ်ထင်တယ်။”

လာမဲ့မေလ(၂၄)ရက်နေ့မှာ အစိုးရကနေ ၂၁ရာစု ဒုတိယ ပင်လုံညီလာခံကျင်းပသွားဖို့ စီစဉ်နေပါတယ်။ ညီလာခံတက်ရောက်ဖို့ တိုင်းရင်းသားအဖွဲ့အားလုံးကိုဖိတ်ကြားသွားမယ်လို့ဆိုပေမဲ့ UNFCအဖွဲ့တွေအနေနဲ့ကတော့ ဆွေးနွေးတင်ပြခွင့်မရှိရင် တက်ရောက်ဖို့ကမသေချာဘူးလို့ UNFCဒုတိယဥက္ကဌ နိုင်ဟံသာကပြောပါတယ်။

“တကယ်လို့ ကျနော်တို့ကို ဆွေးနွေးခွင့်မရှိတဲ့အနေအထား၊ လေ့လာသူအနေအထား ဒါမှမဟုတ် အထူးဧည့်သည်အနေအထားတခုတခုပေါ့နော် ဆွေးနွေးခွင့်မပြုဘူးဆိုရင်တော့ ကျနော်တို့ကတော့ မတက်ဖို့ အဲဒီလိုရှိတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လက်ရှိအခင်းအကျင်းအရ ၂၁ရာစု ဒုတိယ ပင်လုံညီလာခံမှာလဲ ထူးခြား မှု ရှိမှာမဟုတ်ဘူးလို့နိုင်ဟံသာကသုံးသပ်ထားပါတယ်။

“ဒီ ဒုတိယ ပင်လုံညီလာခံအနေအထားကတော့ UNFC လည်း တက်မယ်၊ မတက်ဘူးဆိုတာက မသေချာဘူး ၊ နောက်ပြီးမြောက်ပိုင်း ဝအဖွဲ့တွေလည်း တက်ဖို့အလားအလာနည်းတယ်လို့ပဲ ကျနော်တွေ့ရတယ်။ ဒီအဖွဲ့တွေမပါဘူးဆိုရင် လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့ကနေပဲလုပ်မယ်ဆိုရင်တော့ ဒါက ဘာမှ ထိရောက်မှာမဟုတ်ဘူးလို့ ကျနေ်ာတို့က မြင်တယ်။ ဒီ ဒုတိယ ပင်လုံညီလာခံကလည်း ဆုံးဖြတ်လို့မရတဲ့ အဓိပ္ပါယ်နည်းနည်း သက်ရောက်မှုအနေအထား မျိုးမှာပဲ ရှိနေမယ်လို့ ကျနော်မြင်တယ်။”

UNFCအဖွဲ့ဝင်တွေထဲက ကချင်လွတ်လပ်ရေးအဖွဲ့KIOနဲ့ဝ အမျိုးသားအဖွဲ့ချုပ် (WNO)တို့ကနေနှုတ်ထွက်ကြောင်း တင်ပြထားပေမဲ့ နုတ်ထွက်ခွင့် ပြုရေး၊ မပြုရေးကိုတော့ လာမဲ့ဇွန်လဆန်းမှာကျင်းပမဲ့ညီလာခံမှာ ဆုံးဖြတ်သွားမယ်လို့ နိုင်ဟံသာကပြောပါတယ်။

UNFCအဖွဲ့အတွင်းမှာ NCAလမ်းကြောင်းကိုလက်ခံတဲ့ အဖွဲ့ရယ် NCAလမ်းကြောင်းကို လက်မခံတဲ့အဖွဲ့ရယ် အမြင် ကွဲပြားနေတဲ့အထဲမှာ မွန်ပြည်သစ်ပါတီ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP ရခိုင်အမျိုးသားကောင်စီANC လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSAစတဲ့အဖွဲ့(၅)ဖွဲ့ဟာ NCAလမ်း ကြောင်းကိုသဘောတူခဲ့တာပါ။

‘ဝ’ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ဦးဆောင်ပြီးတော့ ဖေဖော်ဝါရီ နောက်ဆုံးပတ်ကကျင်းပခဲ့တဲ့ ပန်ခမ်း ညီလာခံအပြီးမှာ UWSAဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ ၊ KIOကချင်လွတ်လပ်ရေးအဖွဲ့ ၊ TNLA တအာန်း ပလောင် တပ်ဖွဲ့မိုင်းလားတပ်ဖွဲ့(NDAA)၊ ရခိုင်တပ်မတော်(AA)၊ ကိုးကန့်အဖွဲ့(MNDAA) တို့ဟာ NCAကိုလက်မခံဘဲ ငြိမ်းချမ်း ရေးလမ်းကြောင်း သစ်တခုကို ဖော်ဆောင်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG