သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

United လေကြောင်းလိုင်း အကြီးအကဲ ခရီးသည်ကို တောင်းပန်


FILE - United Airlines CEO Oscar Munoz is pictured prior to an interview in New York, June 2, 2016. Munoz said in a note to employees April 11, 2017, that a United flight crew "followed established procedures" when a passenger was forcibly removed from an
FILE - United Airlines CEO Oscar Munoz is pictured prior to an interview in New York, June 2, 2016. Munoz said in a note to employees April 11, 2017, that a United flight crew "followed established procedures" when a passenger was forcibly removed from an

အမေရိကန်နိုင်ငံက United လေကြောင်းလိုင်း လေယာဉ်ပေါ်ကနေ ခရီးသည်တဦးကို Chicago မြို့ လေဆိပ်မှာ ဧပြီလ ၉ ရက်နေ့က လေယာဉ်ပေါ်က အဓမ္မ ဒရွတ်တိုက် ဆွဲချခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ - အဲဒီလို ပြုမူ ဆက်ဆံမှုမျိုး ဘယ်သူ့ကိုမှ မလုပ်သင့်ဘူးလို့ လေကြောင်းလိုင်းရဲ့ အကြီးအကဲ Oscar Munoz က အင်္ဂါနေ့မှာ ကြေညာချက်အသစ် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ ခရီးသည် ဗီယက်နမ် နွယ်ဖွား အမေရိကန်နိုင်ငံသား David Dao ဟာ ဆရာဝန်တဦးဖြစ်ပြီး သူ့ရဲ့ လေယာဉ် ထိုင်ခုံပေါ်က လုံခြုံရေးတွေက အဓမ္မ ဆွဲချတဲ့အတွက် ထိခိုက်ဒဏ်ရာရပြီး သွေးထွက်သံယို ဖြစ်သွားခဲ့ပါတယ်။

လေယာဉ်ပေါ်ပါလာတဲ့ တခြား ခရီးသည်တွေက လက်ကိုင်ဖုန်းတွေနဲ့ ဗွီဒီယို ရိုက်ထားတဲ့အတွက် အဲဒီ ဖြစ်ရပ်ဟာ အင်တာနက် လူမှုကွန်ယက်တွေပေါ်မှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ - Chicago ကနေ Kentucky ပြည်နယ်၊ Louisville မြို့ကို ပျံသန်းမယ့် United လေကြောင်းလိုင်း ခရီးစဉ်အတွက် ခရီးသည်တွေကို သတ်မှတ်ထားတဲ့ ထိုင်ခုံအရေအတွက်ထက် ပိုပြီး ရောင်းချထားတာမှာ နောက်ပိုင်း လေယာဉ်ဝန်ထမ်းတချို့ Louisville မြို့ကို သွာစရာ ရှိတဲ့အတွက် ခရီးသည် ၄ ဦးကို ဆင်ပေးဖို့ တောင်းဆိုတာမှာ David Dao က ဆင်းမပေးတဲ့အတွက် လေဆိပ် လုံခြုံရေး တပ်ဖွဲ့တွေက သူ့ကို အတင်း ဒရွတ်တိုက် ဆွဲချသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကြောင့် လေယာဉ်လက်မှတ်တွေ သတ်မှတ်ထားတဲ့ ထိုင်ခုံအရေအတွက်ထက် ပိုပြီး ရောင်းတဲ့ သူတို့ရဲ့ ပေါ်လစီကို ပြန်လည် သုံးသပ်သွားမယ်လို့ လေကြောင်းလိုင်း အကြီးအကဲ Munoz ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အင်တာနက် လူမှုကွန်ယက်တွေပေါ်မှာ ပြန့်နေတဲ့ အဲဒီ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ရပ်ကို သမ္မတ Donald Trump လည်း ကြည့်ရှုခဲ့ပြီး ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ Sean Spicer က အင်္ဂါနေ့မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ် နိုင်ငံတကာက သတင်းဌာနတွေက ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်နေတဲ့ တချိန်ထဲမှာပဲ United လေကြောင်းလိုင်းကို မစီးရေး ဆန္ဒပြကြဖို့ ပြောဆိုမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အင်္ဂါနေ့က အစုရှယ်ယာ ဈေးတွေ ပိတ်ချိန်မှာတော့ United လေကြောင်းလိုင်း ရဲ့ အစုရှယ်ယာဈေးဟာ ၁% နီးပါးလောက် ကျသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG