သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ လူ့အခွင့်အရေးချိုးဖောက်မှု ကုလသမဂ္ဂထုတ်ပြန်


ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီးရုံး OHCHR က သောကြာ ဒီကနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာ။
ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီးရုံး OHCHR က သောကြာ ဒီကနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာ။

ရခိုင်ပြည်နယ်မြောက်ဖက်ခြမ်း မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာမူဆလင်တွေကို ရိုက်နှက် သတ်ဖြတ်တာအပါအဝင် မူဆလင် အမျိုးသမီးတွေကိုလည်း အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံး OHCHR က သောကြာ ဒီကနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖေါ်ပြလိုက်ပြီး၊ လူသားထုပေါ် ရာဇဝတ်မှု ကျူးလွန်သလို ဖြစ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ OHCHR ရဲ့စွပ်စွဲချက်တွေ မှန်မမှန်ဆိုတာကို မြန်မာအစိုးရက ရခိုင်စုံစမ်းရေးကော်မရှင်က တဆင့် ပြန်လည် စိစစ်သွားမှာဖြစ်ပြီး ကျူးလွန်ကြောင်းထင်ရှားရင် အရေးယူဆောင်ရွက်သွားမယ်လို့ သမ္မတရုံးက တုံ့ပြန်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံး OHCHR ရဲ့ စုံစမ်းရေးအဖွဲ့တဖွဲ့ဟာ မကြာသေးခင်က မြန်မာ-ဘင်္ဂလားဒေ့ချ်နယ်စပ် ဘင်္ဂလားဒေ့ချ် နိုင်ငံဘက်ခြမ်းကိုသွားပြီး မြန်မာပြည်ဖက်က ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်ဆိုသူ ၂၀၄ ဦးနဲ့ တွေ့ဆုံမေးမြန်းမှုပေါ် အခြေခံပြီး အစီရင်ခံစာကို ပြုစုထားတာလို့ OHCHR ရဲ့ပြောခွင့်ရပုဂ္ဂိုလ် Rupert Colville ကပြောပါတယ်။

“ကျနော်တို့ရတဲ့ အချက်အလက်တွေဟာ မကြာသေးခင်က ဘင်္ဂလားဒေ့ချ်နယ်စပ်ကို ရောက်လာတဲ့ ဒုက္ခသည်တွေကို ကျနော်တို့အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့တဲ့ အချက်တွေဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ရခိုင်ဒေသထဲကို သွားရောက်ပြီး မေးမြန်းနိုင်ခွင့် မရခဲ့ပါဘူး။ ဒါဟာ အဲဒီဒေသအတွက် ကျနော်တို့ဖက်က ပထမဆုံးအကြိမ် စနစ်တကျလေ့လာမေးမြန်းခဲ့တာမျိုး ဖြစ်ပါတယ်”

အစီရင်ခံစာထဲမှာ လသားကလေးနဲ့ ကလေးငယ်တွေလည်း အသတ်ခံရပြီး၊ အကြမ်းဖက် ရိုက်နှက်တာတွေ လူမသိသူမသိ ပျောက်ဆုံးသွား တာတွေနဲ့ အခြားသော လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို မြန်မာအစိုးရလုံခြုံရေးတပ်ဖွဲ့တွေက ကျုးလွန်ခဲ့ကြောင်း OHCHR ရဲ့အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

OHCHR စုံစမ်းရေးအဖွဲ့က မေးမြန်းခဲ့သူတွေထဲမှာ သတ်ဖြတ်မှုကို ကိုယ်တိုင်မြင်ခဲ့သူတွေပါသလို တွေ့ဆုံမေးမြန်းခဲ့တဲ့ ၂၀၄ ယောက်ထဲက ထက်ဝက်နီးပါးဟာ သူတို့ရဲ့မိသားစုဝင်တဦးဦး အသတ်ခံရတာ ဒါမှမဟုတ် ပျောက်ဆုံးနေတာမျိုးတွေ ထွက်ဆိုခဲ့ကြတယ်လို့ OHCHR အစီရင် ခံစာကဆိုပါတယ်။ ဒါ့အပြင် တွေ့ဆုံမေးမြန်းခဲ့တဲ့ထဲပါတဲ့ အမျိုးသမီး ၁၀၁ ဦးထဲကတဝက်ကျော်ဟာ မုဒိန်းအကျင့်ခံရတာ ဒါမှမဟုတ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခံရတယ်လို့ ထွက်ဆိုခဲ့ကြကြောင်း OHCHR အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နယ်မြေ ရှင်းလင်းရေးအတွင်း ဒေသခံတွေကို ကာကွယ်ရမယ့်အစား နို့စို့ကလေးတဦးကိုသတ်ခဲ့တာမျိုး မိခင်အမျိုးသမီးကိုပါ ဝိုင်းပြီး အဓမ္မကျင့်ခဲ့ ကြောင်းကိုလည်း သူတို့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ရခိုင်ဒေသအခြေအနေကို ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံးက စိုးရိမ်ကြောင်းနဲ့ တရားဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ပေးဖို့ OHCHR အဖွဲ့ကတောင်းဆိုလိုက်ပါတယ်။

“ အခုလုပ်ရပ်တွေကို ကြည့်ရင် လူသားထုပေါ် ရာဇဝတ်မှု ကျူးလွန်သလိုဖြစ်နေပါတယ်။ မြန်မာအစိုးရက ဒီလိုလုပ်ရပ်မျိုးတွေကို ရပ်သင့်ပြီဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေကိုလည်း တရားဥပဒေအရ အရေးယူဖို့တိုက်တွန်းပါတယ် ”

OHCHR အဖွဲ့က ထုတ်ပြန်တဲ့အစီရင်စာနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်းနဲ့ မြေပြင်မှာ ပြန်လည်စိစစ်မှုတွေလုပ်ပြီး လူ့အခွင့်ရေးချိုးဖေါက်မှု ကျူးလွန်တာတွေရှိပါက အရေးယူသွားမှာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

“ တော်တော်လေးကို ပြင်းပြင်းထန်ထန် ပြောကြားထားတဲ့ အချက်တွေဖြစ်ကြောင်း တွေ့ရတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ကျနော်တို့အနေနဲ့ တော်တော်လေး စိုးရိမ်ပူပန်ရပါတယ်။ ကျနော်တို့အနေနဲ့ ဒီစွပ်စွဲမှုတွေ မှန်မမှန်ကို ဦးမြင့်ဆွေဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကနေ တဆင့် ကျနော်တို့အမြန်ဆုံး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင် ကနေပြီးတော့ ဒီလိုချိုးဖေါက်မှုတွေ ဒီလိုမျိုး လုပ်ဆောင်ချက်တွေ ရှိတယ်ဆိုတဲ့ ခိုင်မာတဲ့သက်သေ အထောက်အထားတွေ ရှိရင်တော့ ကျနော်တို့အနေနဲ့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက် မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ် ”

ရခိုင်ပြည်နယ် မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေ့ရဲ့ နယ်မြေရှင်းလင်းရေး ဆိုတာဟာ ဘယ်လို စီမံချက်မျိုးလဲဆိုတာနဲ့ အဲဒီ စီမံချက်ဟာ နိုင်ငံတော်လုံခြုံရေးအတွက် ဘယ်လိုရည်မှန်းချက်တွေထားပြီး လုပ်ဆောင်နေတာလဲဆိုတာကို လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad Hussein ကမေးခွန်းထုတ်လိုက်ပါတယ်။

၂၀၁၆ အောက်တိုဘာ ၉ ရက် မောင်တော အကြမ်းဖက်တိုက်ခိုက်ခံရမှုနောက်ပိုင်း ဘင်္ဂလားဒေ့ချ်နယ်စပ်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ သောင်း ၆ ထောင်လောက် ရှိတယ်လို့ ကုလသမဂ္ဂရဲ့စာရင်းတွေမှာ ဖေါ်ပြပါတယ်။ အဲဒီထဲက မြန်မာနိုင်ငံနဲ့ သက်ဆိုင်သူတွေကို ပြန်လည်စိစစ် လက်ခံသွားရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ချ်နဲ့ မြန်မာအစိုးရတို့ကြား မကြာသေးခင်က ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG