သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ်သစ် Guterres ဖြစ်ဖို့ သေချာ


ပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Antonio Guterres ကို နောက်တက်လာမယ့် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ်သစ်အဖြစ် ရွေးချယ် သတ်မှတ်ခံထားရပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ တရားဝင်တော့ မဟုတ်သေးပါဘူး။

လာမယ့်ရက်ပိုင်းအတွင်းမှာပဲ မစ္စတာ Guterres ကို ကုလအတွင်းရေးမှူးချုပ်အဖြစ် တရားဝင် အသိအမှတ်ပြု ကြေညာလိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Margaret Besheer ရဲ့ သတင်းလွှာကို ဦးစံမိုေ၀ က တင်ပြထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သံတမန်တွေကြား ရေပန်းစားနေတဲ့ အသက် ၆၇ နှစ်အရွယ် Guterres ဟာ ၆ ကြိမ်တိတိ သီးသန့်ပြုလုပ်တဲ့ မဲခွဲဆုံးဖြတ်မှုတွေအတွင်း မဲအများစု ရရှိခဲ့သလို ဗီတိုအာဏာ အသုံးပြုခွင့်ရှိတဲ့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံ ၅ နိုင်ငံကလည်း ဗီတိုအာဏာ အသုံးပြု ကန့်ကွက်တာမျိုး မလုပ်ခဲ့ကြပါဘူး။

ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးလည်းဖြစ် အခုလအတွက် ကုလလုံခြုံရေးကောင်စီ ဥက္ကဌတာဝန်ယူရသူ Vitaly Churkin က တခြား ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံရဲ့ သံတမန်တွေနဲ့အတူ သတင်းထောက်တွေကို အခုလို ကြေညာခဲ့ပါတယ်။

“အတွင်းရေးမှူးချုပ်အသစ် ဘယ်သူဖြစ်မယ်ဆိုတာ ဒီကနေ့ သဲသဲကွဲကွဲ ထွက်ပေါ်လာပါပြီ၊ သူ့ရဲ့ အမည်က Antonio Guterres ဖြစ်ပါတယ်။ မနက်ဖြန်မနက် ၁၀ နာရီမှာ တရားဝင် မဲခွဲဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်ပါပြီ။ အဲဒီမှာ တခဲနက် အားပေးကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

Guterres ဟာ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိ ပေါ်တူဂီနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ကုသမဂ္ဂအဖွဲ့ကြီးရဲ့ ဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းမှာ ဆယ်စုနှစ်တစုအဖြစ် ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် အထိ ဦးဆောင်ခဲ့ပါတယ်။

မစ္စတာ Guterres ဟာ အခုလို ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အကြီးမားဆုံးတာဝန် ထမ်းဆောင်နိုင်ဖို့အတွက် ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ၁၂ ဦးကို ယှဉ်ပြိုင် အနိုင်ရရှိခဲ့တာပါ။

ကုလလုံခြုံရေးကောင်စီအနေနဲ့ ကြာသာပတေးနေ့မှာ တရားဝင် မဲခွဲဆုံးဖြတ်ပြီး သူတို့အနေနဲ့ ဘယ်သူ့ကို ရွေးချယ်လိုက်ပြီဆိုတာကို လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာ ထည့်သွင်းမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ရဲ့ ထောက်ခံချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံထံ ပေးပို့မှာဖြစ်ပြီး၊ အထွေထွေညီလာခံကနေ သူ့ရဲ့ခန့်အပ်လွှာကို အသိအမှတ်ပြုပေးမှာ ဖြစ်ပါတယ်။

မစ္စတာ Guterres ဟာ လက်ရှိ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံကနေ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ တရားဝင် တာဝန်လွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ကမ္ဘာ့အရေးကိစ္စ အခက်အခဲတွေ အဖြေရှာရာမှာ လိုအပ်ချက်တွေကို ဝင်ရောက် ဆောင်ရွက်လိုတဲ့အတွက် ဒီကုလအတွင်းရေးမှူးချုပ် ရာထူးဝင်ရောက် ယှဉ်ပြိုင်တာဖြစ်တယ်လို့ မဲဆွယ်စည်းရုံးမှု ပြုလုပ်နေချိန်ကာလအတွင်း မစ္စတာ Guterres က ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ဖူးပါတယ်။

မစ္စတာ Guterres ဟာ ၉ ဦးမြောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်လာမှာဖြစ်ပြီး၊ မြန်မာနိုင်ငံသား ဦးသန့် ကတော့ တတိယမြောက် ကုလအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG