သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ခြိမ်းခြောက်မှုကြောင့် လေကြောင်းတင်းကျပ်


IS ခြိမ်းခြောက်မှုကြောင့် လေကြောင်းတင်းကျပ်
IS ခြိမ်းခြောက်မှုကြောင့် လေကြောင်းတင်းကျပ်

IS စစ်သွေးကြွတွေ ထုတ်လုပ်မယ့်တဲ့ဗုံးကြောင့် အမေရိကန် အာဏာပိုင်တွေ စိုးရိမ်ပူပန်ရာက အရှေ့အလယ်ပိုင်းဒေသ ၆ နိုင်ငံကလာမယ့် လေယာဉ်ခရီးစဉ်တွေမှာ၊ အီလက်ထရောနစ်ပစ္စည်း ကြီးကြီးတွေ သယ်ဆောင်ခွင့်မပြုဖို့ တားမြစ်လိုက်တာလို့ အမေရိကန် သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ခရီးဆောင် Laptop ကွန်ပြူတာ ဘက်ထရီထဲမှာ ဝှက်ထည့်ထားနိုင်လောက်အောင် အရွယ်အစား သေးငယ်တဲ့ ဗုံးအမျိုးအစားကို IS အစွန်းရောက်တွေ ထုတ်လုပ်ဖို့ စီစဉ်နေတာကို တန်ပြန်ကာကွယ်တဲ့ အနေနဲ့ ညွှန်ကြားချက် ထုတ်ပြန်လိုက်တာ ဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တွေကို ကိုးကားပြီး New York Times သတင်းစာက ဖော်ပြပါတယ်။

အမေရိကန်ကိုလာမယ့် လေယာဉ်တွေပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ လျို့ဝှက်သယ်ယူနိုင်အောင် IS စစ်သွေးကြွတွေ ကြိုးပမ်းနေတဲ့အကြောင်း အမေရိကန်က ထောက်လှမ်းရေး သတင်းတွေ ရရှိထားကြောင်းလည်း ABC သတင်းက ပြောပါတယ်။ ရရှိထားတဲ့ သတင်းတွေဟာ ခိုင်မာပြီး၊ ယုံကြည်လောက်တဲ့ အချက်အလက်တွေ ပါဝင်ကြောင်းလည်း အစိုးရတာဝန်ရှိသူတဦးက ABC သတင်းဌာနကို ပြောဆိုခဲ့တာပါ။

အမေရိကန် သယ်ယူပို့ဆောင်ရေး လုံခြုံရေးအေဂျင်စီ TSA ကတော့ ခြိမ်းခြောက်မှုတစုံတရာ ရှိတာကြောင့် တားမြစ်ချက် ထုတ်ပြန်တာမဟုတ်ပဲ၊ အရပ်ဖက် လေကြောင်းလိုင်းတွေကို အကြမ်းဖက်ဝါဒီ အုပ်စုတွေက တိုက်ခိုက်ဖို့ ဆက်လက် ကြံစည်နေဆဲဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းတွေအရ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ခရီးသွားတွေ အနေနဲ့ လက်ကိုင်ဖုန်းထက် အရွယ်အစား ပိုကြီးတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို လူနဲ့အတူသယ်ယူခွင့်မပြုပဲ ခရီးဆောင်အိတ်ထဲမှာထည့်ပြီး အပ်နှံကြရမှာပါ။ လက်ကိုင်ဖုန်းတွေကိုတော့ လိုအပ်ချက်အရ တားမြစ်မှုမလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းလည်း TSA ကပြောပါတယ်။

တားမြစ်မိန့် ထုတ်ပြန် လိုက်တဲ့ လေဆိပ်တွေ ကတော့ ဂျော်ဒန်နိုင်ငံက Queen Alia အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အီဂျစ်နိုင်ငံက ကိုင်ရိုအပြည်ပြည်ဆိုင်ရာလေဆိပ်၊ တူရကီနိုင်ငံက Ataturk အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆော်ဒီနိုင်ငံက King Abdul-Aziz အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ကူဝိတ် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မော်ရိုကိုနိုင်ငံက Mohammed V လေဆိပ်၊ မြန်မာနိုင်ငံသားတွေ သွားလာလေ့ရှိတတ်တဲ့ ကာတာနိုင်ငံက Hamad အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ UAE က Abu Dhabi အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG