သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ မြန်မာအစိုးရ နေပြည်တော်မှာ နှစ်နိုင်ငံအရေး ဆွေးနွေး


(Credit: MOFA)
(Credit: MOFA)

အမေရိကန်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးတိုးချဲ့ဖို့နဲ့ လက်ရှိ ပူးပေါင်းဆောင်ရွက်မှုတွေ၊ နောင်အလားအလာရှိတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေအကြောင်းကို အမေရိကန်-မြန်မာ မိတ်ဘက်ဆက်ဆံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ ရခိုင်ပြည်နယ်အရေး၊ ဒီမိုကရေစီ အသွင်ပြောင်းရေးနဲ့ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးတို့မှာ ရှိနေဆဲဖြစ်တဲ့ စိန်ခေါ်မှုတွေကို အပြန်အလှန် အမြင်ဖလှယ် ဆွေးနွေးနိုင်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးပိုင်းမှာ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်းတွေကို ၂ ဘက် ဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။ နေပြည်တော်မှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ပထမဆုံး အမေရိကန်-မြန်မာ မိတ်ဘက်ဆက်ဆံရေး ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး၊ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က ဦးဆောင်ပါတယ်။

အမေရိကန်အဖွဲ့မှာ ဝါရှင်တန်ကလာတဲ့ နိုင်ငံခြားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ နိုင်ငံတကာဖွံ့ဖြိုးရေးနဲ့ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးဌာနတွေက ကိုယ်စားလှယ်တွေ ပါဝင်ကြပါတယ်။ ဒီမိုကရေစီစနစ် ခိုင်မာအောင်ကြိုးစားနေတဲ့ မြန်မာနိုင်ငံက တိုးတက်မှုတွေကို အမေရိကန် သံတမန်အဖွဲ့က အသိအမှတ်ပြုခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့မူဝါဒနဲ့ အခုဆက်ဆံရေး ကဏ္ဍသစ်ရဲ့ အဓိကရည်မှန်းချက်ဟာ မြန်မာနိုင်ငံ အောင်မြင်ဖို့ဖြစ်တယ်လို့ အလေးထား ပြောခဲ့တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ နေပြည်တော်မှာ အမေရိကန်သံတမန်တွေ အနာဂတ်မှာ ထားရှိရေးကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ ပြောထားပါတယ်။ အမေရိကန်နဲ့ မြန်မာပြည်သူတွေကြား ဆက်ဆံရေးတိုးမြှင့်ဖို့အတွက် အစိုးရအချင်းချင်းသာ မဟုတ်ဘဲ ပညာရေးနှင့် နှီးနှောဖလှယ်ရေး အစီအစဉ်တွေကတဆင့် ဆောင်ရွက်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG