သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စီးပွားရေးအသိုင်းအဝိုင်း ပိတ်ဆို့မှုအပေါ် တုံ့ပြန်ချက်


US Asean Business Council ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Anthony Nelson (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
US Asean Business Council ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Anthony Nelson (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်တဲ့ဥပဒေကို ပြင်ဆင် ဖြည့်စွက်ပြီး တနှစ်သက်တမ်း ထပ်တိုးလိုက်တာဟာ ယေဘုယျအားဖြင့် မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ကိုင်ဖို့အတွက် ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတခုဖြစ်တဲ့ The National Emergencies Act အမေရိကန်အမျိုးသားအရေးပေါ် အက်ဥပဒေကို ပြင်ဆင်ဖြည့်စွက်မှုတွေနဲ့အတူ သမ္မတ Barack Obama က နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးတဲ့အနေနဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေပါ အချက်အလက်တချို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ပြင်ဆင်ဖြည့်စွက်မှုတွေ လုပ်ခဲ့တာမှာ - OFAC လို့ခေါ်တဲ့ နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးအဖွဲ့က အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ပြဌာန်းချက်ကို ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်ပြီး SDN ခေါ် ပိတ်ဆို့အရေးယူခံ စာရင်းကိုလည်း ပြင်ဆင် ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

Anthony Nelson ဟာ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီအဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားရေးမှူးတဦးပါ။ သူက အခုလို သက်တမ်းတိုးလိုက်တဲ့အတွက် မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ဆောင်ဖို့ သိသိသာသာ လွယ်ကူသွားစေတယ်လို့ ပြောပါတယ်။

“ဒါဟာ ယေဘုယျအားဖြင့် ကောင်းမွန်ပြီး မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ဖို့ အခြေခံကျတဲ့ အချက်တွေ သိသိသာသာ လွယ်ကူသွားစေတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ အထွေထွေ လိုင်စင် (၂၀) ကို အချိန် အကန့်အသတ်မရှိ တိုးချဲ့ပေးလိုက်တာဟာလည်း မြန်မာနိုင်ငံက တရားဝင် စီးပွားရေး လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး သွင်းကုန်၊ ပို့ကုန်လုပ်ငန်း လုပ်ဆောင်လိုသူတွေအတွက် လမ်းကြောင်း ရှင်းပေးလိုက်သလို ဖြစ်သွားစေပါတယ်။”

အဲဒီ ပြဌာန်းချက်အရ မြန်မာနိုင်ငံအတွင်း OFAC ရဲ့ ကန့်သတ်မှုနှင့် ဒဏ်ခတ်ခံရဆဲ လူပုဂ္ဂိုလ်၊ လုပ်ငန်းတွေနဲ့ ဆက်နွယ်မှုကလွဲလို့ သာမန် သွင်းကုန်၊ ပို့ကုန် လုပ်ငန်းတွေကို အကန့်အသတ်မရှိ လုပ်ဆောင်နိုင်ကြတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ရောက်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေအတွက်လည်း အခြေခံ နေမှုထိုင်မှုကိစ္စတွေဖြစ်တဲ့ အိမ်လခပေးတာ၊ အင်တာနက်အကောင့်ဖွင့်တာ၊ ခရီးသွားတာနဲ့ တခြား လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူတဲ့နေရာတွေမှာ အဟန့်အတားတွေ ကင်းလွတ်ပြီး လွယ်ကူစွာ လုပ်ဆောင်နိုင်ကြမှာ ဖြစ်တဲ့အပြင် အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံအတွင်း အလုပ်လုပ်ဖို့အတွက် ပိုပြီး အဆင်ပြေ ချောမွေ့သွားစေတယ်လို့ Anthony Nelson က ပြောပါတယ်။

နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေး ရုံးအဖွဲ့ရဲ့ ဘဏ်လုပ်ငန်းနဲ့ဆိုင်တဲ့ ပြုပြင်မှုတွေကို ပြဌာန်းလိုက်တဲ့အပေါ်မှာလည်း သူ့အနေနဲ့ ကျေနပ် အားရမိတယ်လို့ Anthony Nelson က ပြောပါတယ်။

“အမေရိကန်ဘဏ်တွေနဲ့ မြန်မာနိုင်ငံက ဘဏ်တွေနဲ့ ထိတွေ့ ဆက်ဆံနိုင်တဲ့ အရေအတွက်ကို တိုးမြှင့်လိုက်တဲ့အပေါ်မှာလည်း ကျနော့်အနေနဲ့ ကျေနပ် အားရပါတယ်။ အဲဒီလို ဖွင့်ပေးလိုက်တဲ့အတွက် လုပ်ငန်း လုပ်ကိုင်ခွင့် နယ်မြေ ပိုပြီး ကျယ်ပြန်လာမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားလုပ်ကိုင်ကြတဲံ အမေရိကန်ကုမ္ပဏီတွေအတွက် အခက်အခဲဆုံး နေရာတခုက ငွေ အထုတ်အသွင်း လုပ်တဲ့နေရာမှာ မပြေလည်မှုတွေ ရှိနေတဲ့ကိစ္စ ဖြစ်တာကြောင့် အခုလို ပြင်ဆင်ချက် ပြဌာန်းလိုက်တဲ့အတွက် လုပ်ငန်းလုပ်ဖို့ ပိုပြီး လွယ်ကူသွားစေမယ်လို့ ထင်ပါတယ်။”

အခု တိုးချဲ့ ပြုပြင်ပြဌာန်းမှုတွေ စတင် အသက်ဝင်တဲ့ မေလ ၁၈ ရက်နေ့ကစလို့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ဘဏ္ဍာရေးဌာနတွေ အားလုံးနဲ့ ငွေအလွှဲအပြောင်း ကိစ္စအများစုကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ကြတော့မှာ ဖြစ်ပါတယ်။ ဒီ ပြဌာန်းချက်အသစ်တွေအရ မြန်မာပြည်သူတွေအတွက်လည်း စီးပွားရေး အခွင့်အလမ်းတွေနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ ပိုပြီး ပွင့်လန်းလာမှာ ဖြစ်ပါတယ်။

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီအဖွဲ့ဟာ အာဆီယံနိုင်ငံတွေအတွင်း စီးပွားရေး လုပ်ကိုင်နေတဲ့ အမေရိကန်နိုင်ငံက ကုမ္ပဏီကြီး ၁၅၀ ကို ကိုယ်စားပြုပြီး အဲဒီ ကုမ္ပဏီတွေ အာဆီယံနိုင်ငံတွေအတွင်း စီးပွားရေးလုပ်ဆောင်မှု အခြေအနေတွေ တိုးတက် ကောင်းမွန်အောင် အောင်ရွက်ပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ဒဏ်ခတ်ပိတ်ဆို့မှု ပြင်ဆင်မွမ်းမံချက်

XS
SM
MD
LG