သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ မြန်မာ စစ်ဘက်ဆက်ဆံရေး ကန်စိုးရိမ်


မြောက်ကိုရီးယား နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့ အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးပွဲတရပ်ကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ရာမှာ မြန်မာနဲ့ မြောက်ကိုရီးယားကြား စစ်ဘက်ဆက်ဆံရေးမှာ ပူးပေါင်းဆောင်ရွက်မှု လက်ကျန်တွေ ရှိနေနိုင်တဲ့ အလားအလာတွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ သမ္မတ အိုဘားမားရဲ့ ကြေညာချက်နဲ့ပတ်သက်လို့လည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ တုံ့ပြန်မှုအကြောင်း အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ဆပ်ကော်မတီက ကြားနာစစ်ဆေးပွဲတရပ်ကို စက်တင်ဘာ ၂၈ ရက် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ရာမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့မှု ပေါ်လစီ ညှိနှိုင်းရေးမှူး Daniel Fried တို့ သက်သေတွေအဖြစ် ထွက်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ကြားနာစစ်ဆေးပွဲကို ဦးစီးကျင်းပခဲ့သူ ကော်လိုရာဒိုပြည်နယ် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Cory Gardner က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ် တက်လာခဲ့ပြီးနောက်ပိုင်း မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေအကြောင်း မေးမြန်းခဲ့ရာမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel က စစ်ဘက်ဆက်ဆံရေး လက်ကျန်တွေရှိနိုင်တဲ့ အလားအလာနဲ့ ပတ်သက်လို့ ဖြေကြားခဲ့ပါတယ်။

“မြန်မာအစိုးရနဲ့ မြောက်ကိုရီးယားအစိုးရကြား ဆက်ဆံမှုမှာ အပြောင်းအလဲတွေ မရှိပါဘူး။ ပြောင်းခဲ့တယ်ဆိုရင်တော့ အခြေအနေက ပိုကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ပြဿနာ ဆက်တွေ့နေရတာက မြောက်ကိုရီးယားနဲ့ မြန်မာစစ်တပ်အကြားမှာပါ။ ဒါကြောင့်လည်း မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်ကို လွန်ခဲ့တဲ့ သီတင်းပတ်မှာ ရောက်လာစဉ်က သမ္မတအပါအဝင် အမေရိကန်ထိပ်တန်း အစိုးရအရာရှိတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ လက်တွဲပြီး ကျန်ရှိနေသေးတဲ့ မြောက်ကိုရီးယားနဲ့ လုပ်ကိုင်နေကြတဲ့ လူတွေကို ဖော်ထုတ်တားမြစ်ဖို့ အရေးကြီးတဲ့အကြောင်း ပြောခဲ့ပါတယ်။”

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှုတွေအပြင် ပဲ့ထိန်းဒုံးတွေ မကြာခဏ ပစ်လွှတ်မှုတွေကြောင့် ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ခံထားရတာ ဖြစ်တဲ့အတွက်ကြောင့်လည်း မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆက်ဆံရေး ထားရှိခဲ့ရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရင်ဆိုင်ရဖွယ်ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိ မြန်မာစစ်ဘက် ခေါင်းဆောင်တွေအနေနဲ့ နားလည် သဘောပေါက်တဲ့အကြောင်းလည်း လက်ထောက်ဝန်ကြီး Russel က ထွက်ဆိုခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ မြန်မာစစ်ခေါင်းဆောင်ပိုင်းနဲ့လည်းပဲ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ စကားပြောခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်လည်း မြန်မာနိုင်ငံ ရောက်စဉ်က တပ်ချုပ်နဲ့ ပြောဆိုခဲ့သလို လက်ရှိ သံအမတ်ကြီး Scot Marciel လည်း သူနဲ့တွေ့ဆုံခဲ့ပါတယ်။ ကျနော်တို့အထင်က မြန်မာစစ်တပ်အတွင်းမှာ မြောက်ကိုရီးယားနဲ့ ဆက်လက် လုပ်ကိုင်နေတဲ့သူတွေ ရှိနေသေးတယ် ဆိုတာပါပဲ။ ဒီလူတွေဟာ ဆက်ပြီး မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေကို ပြုလုပ်နေဆဲရှိပြီး၊ ဒါဟာ လွန်ခဲ့တဲ့ ၅ နှစ် စစ်အာဏာရှင်လက်ထက်တုန်းက လက်ကျန်တွေပါ။ ဒါပေမဲ့ လက်ရှိအစိုးရရော၊ စစ်တပ်ကပါ ဒါကို တားမြစ်ရမယ်ဆိုတာကို နားလည်သဘောပေါက်ကြတယ်လို့ ကျနော် မြင်ပါတယ်။”

အခုလို နားလည်သဘောပေါက်ပေမဲ့လို့လည်း မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆက်ဆံရေး အကြွင်းအကျန်တွေ ရှိနေသေးတဲ့အတွက်ကြောင့် နိုင်ငံတကာရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခံရဖို့ အန္တရာယ်ရှိတဲ့အကြောင်းလည်း လက်ထောက်ဝန်ကြီးက ထွက်ဆိုသွားပါတယ်။

“မြောက်ကိုရီးယားနဲ့ စစ်တပ်ဆက်ဆံမှု ပြုလုပ်နေတဲ့ လုပ်ရပ်မှန်သမျှဟာ အမေရိကန်အစိုးရက ချမှတ်ထားတဲ့အမိန့်အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေရာ ရောက်မှာမို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ရမှာ ဖြစ်ပါတယ်။ ဒါကို မြန်မာအစိုးရနဲ့ စစ်တပ်ကပါ သဘောပေါက်ပြီး မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆက်ဆံရေး လုပ်နေတာတွေရှိရင် ဟန့်တားဖို့ အရေးယူ ဆောင်ရွက်ကြရမှာပါ။”

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ လက်ကျန်ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးမှုနဲ့ ပတ်သက်လို့ အခြေအနေကို လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီထံ နိုင်ငံခြားရေးဌာနက ပုံမှန်အစီရင်ခံရမှာဖြစ်ပါတယ်။ အခုတကြိမ် ဝါရှင်တန်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပြီး မကြာမီ ရုပ်သိမ်းပေးဖို့ သမ္မတ အိုဘားမားက ကြေညာခဲ့တာနဲ့ ပတ်သက်လို့လည်း အထက်လွှတ်တော်အမတ် Gardner က မေးခွန်းထုတ်ခဲ့ပါတယ်။ လက်ထောက်ဝန်ကြီး Russel က ဖြစ်ရပ်မှန်ကို အစီရင်ခံခဲ့တာကတော့ -

“သမ္မတ အိုဘားမားအနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရေးအတွက် အရေးပေါ် အက်ဥပဒေကို ဖျက်သိမ်းပေးဖို့ ဆုံးဖြတ်ချက် ချခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်ရောက်ပြီး တရက် ဒါမှမဟုတ် ရက်အနည်းငယ်အတွင်းမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို မကြေညာခင် သူ့ရဲ့သဘောတူညီချက်ကို အရင်ရယူဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့ပါတယ်။ ကျနော် ဒီအကြောင်းကို သိသိချင်းပဲ ကော်မတီဥက္ကဌဆီ တယ်လီဖုန်းဆက်ပြီး အသိပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ အိုဘားမားနဲ့ တွေ့ဆုံတဲ့နေ့ မနက်ပိုင်းမှာ သူဟာ ဒုတိယသမ္မတ Joe Biden အပြင် အထက်လွှတ်တော်ကော်မတီဥက္ကဌ Bob Corker၊ အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် Mitch McConnell တို့အပြင် တခြား လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး သူတို့တွေဟာ ပွင့်ပွင့်လင်းလင်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ သဘောတူသလားလို့ မေးခဲ့ပါတယ်။ သူက သဘောတူတယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ဒါဟာ သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ဘဲဥပုံရုံးခန်းမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ ဆုံးဖြတ်ချက်ကို သတင်းထောက်တွေကို ကြေညာခဲ့တာ ဖြစ်ပါတယ်။”

မြန်မာနဲ့ မြောက်ကိုရီးယားကြား သံတမန်ဆက်ဆံရေးဟာ ၁၉၈၃ ခုက အာဇာနည်ဗုံးဖောက်ခွဲမှုဖြစ်ပွားပြီး ပျက်သုဉ်းခဲ့ရာမှာ ၂၀၀၇ ခုနှစ်မှာ ပြန်လည်ထားရှိခဲ့တာ ဖြစ်ပါတယ်။ စစ်ဘက်ဆက်ဆံရေးနဲ့ ပတ်သက်လို့တော့ ၂၀၀၈ ခုနှစ်မှာ ထိုစဉ်က ဗိုလ်ချုပ်ကြီး သူရရွှေမန်းဦးဆောင်တဲ့ စစ်ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားထံကနေ မြန်မာနိုင်ငံက စစ်လက်နက်ပစ္စည်း ဝယ်ယူမှုနဲ့ ပတ်သက်လို့တော့ ၂၀၁၃ ခု ဇူလိုင်လက ကာကွယ်ရေးဌာန ပစ္စည်းထုတ်လုပ်ရေးရုံးရဲ့ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို မြောက်ကိုရီးယားထံက စစ်သုံးပစ္စည်းတွေ မဝယ်ယူဖို့ ကန့်သတ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး အမေရိကန်ဘဏ္ဍာရေးဌာနက အရေးယူဒဏ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG