သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စောင့်ကြည့်သူအားနည်းတဲ့ ကန်ရွေးကောက်ပွဲ


ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump က ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးမှုတွေ ရှိတယ်လို့ ပြောဆိုခဲ့တာကြောင့် အမေရိကန်နဲ့ ပြည်ပက လူအများစုကို ထိတ်လန့်စေခဲ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဟာ အမေရိကန် ဒီမိုကရေစီရဲ့ အခြေခံဖြစ်ပြီး ကမ္ဘာတဝှမ်းလုံးကလည်း စံအဖြစ် သတ်မှတ်ထားကြတာပါ။

အမေရိကန်မှာ မဲလိမ်မဲခိုးမှုတွေ ထင်ထင်ရှားရှား မရှိဘူးလို့ ကျွမ်းကျင်သူ အများက သဘောတူထားပေမဲ့ ဒီနှစ်ကတော့ အကြောင်းမျိုးမျိုးကြောင့် ပုံမှန်မဟုတ်ဘူးလို့ သတိပေးထားပါတယ်။ ပြဿနာဖြစ်နိုင်တယ်လို့ သတိပေးထားတဲ့အကြောင်း Jeff Swicord သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး လူထုစစ်တမ်းတွေမှာ ထောက်ခံမှုတွေ လျော့ကျလာနေတဲ့နောက်မှာ Donald Trump က အမေရိကန် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ မဲလိမ်မဲခိုး ရှိတယ်လို့ တိုးပြီး ပြောလာပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို တိုက်ခိုက်တဲ့အတွက် အမေရိကန်သမ္မတ အပါအဝင် ရီပတ်ဘလစ်ကန်တွေရော ဒီမိုကရက်တွေကပါ သူ့ကို ရှုတ်ချကြပါတယ်။ အမေရိကန်သမ္မတ Barack Obama ကဆိုရင် -

"ဘယ်ပါတီကပဲဖြစ်ဖြစ်၊ Conservative ဒါမှမဟုတ် Liberal ဘယ်ဝါဒကိုပဲ ယုံယုံ ဒီကိစ္စတွေကို သေသေချာချာ လေ့လာဖူးတဲ့ သူဆိုရင် ပြောမှာကတော့ ထင်ရှားတဲ့ မဲလိမ်မဲခိုးတာမျိုးတွေ မရှိဘူး ဆိုတာပါ။"

မဲပေးတဲ့လုပ်ငန်းစဉ်တွေမှာ မဲလိမ်မဲခိုးမှုတွေ မရှိဘူးလို့ သဘောတူပေမဲ့ ပြဿနာတွေ ရှိနိုင်တယ်လို့ မဲပေးခွင့် အခွင့်အရေး ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဗဟိုတရားရုံးချုပ်က ပယ်ချခဲ့တဲ့အတွက် ၁၉၆၄ မဲပေးခွင့်ဥပေဒထဲက အကာအကွယ်ပေးထားတဲ့ ကိစ္စတချို့မပါဘဲ ကျင်းပမယ့် ပထမဦးဆုံး ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ အတိအကျပြောရရင် ရွေးကောက်ပွဲ စောင့်ကြည်ရေး အစီအစဉ်ပါ။ နိုင်ငံသားအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က Kristen Clarke ကတော့ -

"တရားရေးဌာနက စေလွှတ်တဲ့ ဗဟိုအစိုးရ ရွေးကောက်ပွဲ စောင့်ကြည်သူတွေ မပါတဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဦးဆုံး ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲ ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံအနှံ့က အားအနည်းဆုံး နေရာတွေကို သွားပြီး ရွေးကောက်ပွဲစောင့်ကြည့်ဖို့ လေ့ကျင့်ထားသူတွေပါ။"

တရားရေးဌာနက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲအတွင်း ပြည်နယ် ၂၃ ခုကို စောင့်ကြည်သူပေါင်း ၇၈၀ ကျော် စေလွှတ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ပြည်နယ် ၅ ခု လောက်ကိုပဲ စောင့်ကြည့်သူတွေ ပို့နိုင်တော့မှာပါ။ ပြည်နယ် ၁၄ ခုမှာ မဲဆန္ဒရှင်တွေကို ကန့်သတ်တဲ့ ဥပဒေတွေ ပြဌာန်းတော့မှာဖြစ်ပြီး တချို့ပြည်နယ်တွေမှာ မဲဆန္ဒရှင် သက်သေခံကဒ်ပြား တိတိကျကျ လိုအပ်တာမျိုးပါ။ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရဲ့လားဆိုတာကို လေ့လာမယ့် ဗဟိုအစိုးရ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ မရှိတဲ့အတွက် နိုင်ငံသား အခွင့်အရေး လုပ်ဆောင်တဲ့ အဖွဲ့တွေဟာ မဲဆန္ဒရှင်တွေ ဆက်သွယ်နိုင်မယ့် တယ်လီဖုန်းနေရာတွေ စီစဉ်နေပါတယ်။

"ကျမတို့ အခုစောင့်ကြည်နေတာက မဲဆန္ဒရှင်တွေ မဲစာရင်းထဲက ထုတ်လိုက်တာမျိုးနဲ့ မဲဆန္ဒရှင်တွေကို ကြိုတင်အကြောင်းမကြားဘဲ ၁၁ နာရီလောက်အလိုမှ မဲပေးမယ့် နေရာပြောင်းလိုက်တာမျိုးတွေအပြင် မဲပေးမယ့် နေ့မှာမှ မဲပေးချင်သူတွေ မဲပေးခွင့် ရှိ မရှိ ဆိုတာတွေပါ။"

အခုလာမယ့် ရွေးကောက်ပွဲဟာ ပုံမှန်မဟုတ်ဘူးလို့ စောင့်ကြည်သူအများက သဘောတူပါတယ်။ ဒါဟာ မဲပေးမယ့်နေ့မှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အထိ သက်ရောက်နိုင်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG