သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်မှာ တရားမဝင်နေထိုင်သူတွေ အိမ်နီးချင်း ကနေဒါကိုထွက်ပြေး


အမေရိကန် လူဝင်မှု မူဝါဒသစ်အပေါ် ကန့်ကွက်သူများ (Feb. 15, 2017)
အမေရိကန် လူဝင်မှု မူဝါဒသစ်အပေါ် ကန့်ကွက်သူများ (Feb. 15, 2017)

အမေရိကန် ပြည်ထောင်စုမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒသစ်ရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတခုအဖြစ်၊ ခိုလှုံခွင့်ရဖို့ ကြိုးစားသူတွေ အိမ်နီးချင်း ကနေဒါနိုင်ငံကို တရား မဝင် ဖြတ်ကျော်ရာမှာ ဖမ်းဆီးခံနေကြရတဲ့အကြောင်း သတင်းဓာတ်ပုံဆရာ တယောက် က မှတ်တမ်းတင် ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ တရားဝင် နေထိုင်ခွင့်ရဖို့ ကြိုးစားနေမယ့်အစား ကနေဒါမှာ အဖမ်းခံရတာ ပိုကောင်းတယ်လို့ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားနေသူတွေက ပြောပါတယ်။ ကနေဒါနိုင်ငံ Quebec ပြည်နယ်ထဲကို နယ်စပ်ဖြတ်ကျော် ဝင်ရောက် သူတွေကြား ရေပမ်း စားတဲ့ နယူးယောက်ပြည်နယ် နယ်စပ်ဒေသမှာ လူဝင်မှုကြီးကြပ်ရေး အရာရှိတဦး လက်က လွတ်အောင် ထွက်ပြေးကြသူတွေကို သောကြာနေ့မှာပဲ Reuters ဓာတ်ပုံဆရာက မှတ်တမ်းတင် ရိုက်ကူးခဲ့တာပါ။

တရားမဝင် နယ်စပ်ဖြတ်ကျော်ကြတဲ့ နေရာတခုမှာ တားဆီးခံခဲ့ရတဲ့ တက္ကစီကား တစင်း ရှေ့ခန်းမှာ လိုက်ပါလာတဲ့ ခရီးသည်တယောက်ကို အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေး အရာရှိတွေက မေးမြန်းနေစဉ်မှာပဲ၊ တခြားလူကြီး ၄ ယောက်နဲ့ ကလေး ၄ ယောက်တို့ဟာ မြောင်းတခုတည်းကနေ နယ်စပ်ဖြတ်ဝင်ရောက် သွားတာကို သတင်းထောက်တွေ တွေ့ခဲ့ကြပါတယ်။

နယ်စပ်ဖြတ်ကျော် သူတွေထဲက အနည်းဆုံး တယောက်ဟာ ဆူဒန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတာကိုလည်း ဓာတ်ပုံတပုံမှာ တွေ့ရပါတယ်။ ကနေဒါ နိုင်ငံဘက်ခြမ်း မှာ စောင့်နေကြတဲ့ ကနေဒါ တော်ဝင်ရဲတပ်ဖွဲ့ဝင်တွေကတော့ နှင်းတွေကြားက နယ်စပ် ဖြတ်ပြီး ရောက်လာကြတဲ့ ကလေးတွေကို ကူညီခေါ်ဆောင်ခဲ့ကြပြီး၊ ကျန်းမာရေး ပြုစုေ စာင့်ရှောက်မှု ပေးခဲ့ကြပါတယ်။ အမေရိကန် အရာရှိတွေ စစ်ဆေးမေးမြန်းတာ ခံခဲ့ရတဲ့ သူဟာလည်း နောက်ပိုင်းမှာ လွတ်မြောက်လာပြီး၊ နယ်စပ်တဖက်ရောက်သွားကြတဲ့ ဒုက္ခသည်တွေနဲ့ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ကြောင်းလည်း Reuters သတင်းက ဖော်ပြ ပါတယ်။

နောက်ပိုင်းမှာတော့ ကနေဒါရဲတပ်ဖွဲ့က တရားမဝင် နယ်စပ်ဖြတ်ကူးလာသူတွေကို ဖမ်းဆီး ခဲ့တာပါ။ အမေရိကန်နဲ့ ကနေဒါ ၂ နိုင်ငံ သဘော တူညီချက်အရ အမေရိကန်မှာ ခိုလှုံခွင့်လျှောက် ထားဖူးတဲ့ သူတွေဟာ ကနေဒါနိုင်ငံကို တရားမဝင် ဖြတ်ကျော်ပြီး ဒုက္ခသည်အဖြစ် လျှောက်ထားခွင့် မရှိသလို၊ ဒီလိုကြိုးစားခဲ့တယ် ဆိုရင်လည်း နယ်စပ်မှာတင် နှင်ထုတ်ခံရလေ့ ရှိတတ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG