သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ဆုံးကျန် အမေရိကန် တပ်မဟာ အီရတ်က ခွာပြီ


အီရတ်က အမေရိကန် တိုက်ခိုက်ရေး တပ်တွေကို သြဂုတ်လ ၃၁ ရက်နေ့ မတိုင်ခင် ပြန်ရုပ်မယ်လို့ အမေရိကန် အစိုးရ သတ်မှတ်ထားတဲ့အတိုင်း နောက်ဆုံးပြန်ရုပ်ဖို့ ကျန်တဲ့ တပ်မဟာက စစ်သားတွေ ဒီကနေ့ပဲ အီရတ်ကနေ ထွက်ခွာသွားကြပါပြီ။

Stryker တပ်မဟာ ၄ နဲ့ ဒုတိယ ခြေမြန်တပ်ရင်းက တပ်သားတွေနဲ့အတူ အမေရိကန် သတင်းနဲ့ ရုပ်သံဌာနတွေက သတင်းထောက်တွေလည်း လိုက်ပါ သတင်းယူခဲ့ကြပါတယ်။

ဒီနေ့ ကြာသပတေးနေ့မှာ တပ်မဟာ နောက်ဆုံးယာဉ်တန်းတွေ ကူဝိတ်နယ်စပ်ကို ဖြတ်ကျော်သွားပြီ ဆိုတာကို သတင်းတွေ ထုတ်ပြန်ပါတယ်။ အခုလို တိုက်ခိုက်ရေး တပ်တွေကို ရုပ်သိမ်းလိုက်ပေမဲ့ အီရတ်နိုင်ငံထဲက တိုက်ခိုက်ရေး လုပ်ငန်းတွေကိုတော့ အဆုံးမသတ်သေးဘူးလို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

အီရတ်မှာ တိုက်ခိုက်ရေး တပ်ဖွဲ့လေးတွေ အနည်းအကျဉ်း ကျန်ပါသေးတယ်။ ဒီလကုန်ကျမှ အီရတ်ကနေ အပြီးသတ် ထွက်ခွာမယ့် တပ်သား ၆,၀၀၀ လောက်နဲ့အတူ ဒီတပ်ဖွဲ့လေးတွေ အီရတ်ကနေ ရုပ်မှာ ဖြစ်ပါတယ်။

အမေရိကန်စစ်သား ၅၀,၀၀၀ ကတော့ ဒီလကုန် ကျော်သွားရင်လည်း အီရတ်စစ်သားတွေကို သင်တန်းပေးဖို့နဲ့ အကြမ်းဖက်မှု တန်ပြန် စစ်ဆင်ရေးတွေအတွက် အီရတ်နိုင်ငံထဲမှာ ရှိနေဦးမှာ ဖြစ်ပါတယ်။

အရင် အမေရိကန် သမ္မတဟောင်း ဂျော့ချ် ဒဗလျူ ဘုရှ် (George W Bush) လက်ထက် အီရတ်လွတ်မြောက်ရေး စစ်ပွဲကို စတင်ကတည်းကစပြီး အီရတ်မှာ အမေရိကန် တိုက်ခိုက်ရေးတပ်တွေ ၇ နှစ်ကျော် ရှိခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG