သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-မြန်မာ ပူးပေါင်းကူးသန်းရောင်းဝယ်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး


အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနနဲ့ မြန်မာ UMFCCI တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး
အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနနဲ့ မြန်မာ UMFCCI တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာန နဲ့ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI တို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ဒီကနေ့လက်မှတ်ရေးထိုးပါတယ်။ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် အခုလိုလက်မှတ်ရေးထိုးတာဖြစ်ပြီး မြန်မာလူထုအပါအဝင် လုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းတွေ ပိုကောင်းလာမယ်လို့ UMFCCI တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုအောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။

အမေရိကန်ကူးသန်းရောင်းရေးဌာန ဒုတိယ လက်ထောက်ဝန်ကြီး Diane Farrell နဲ့ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်းတို့ဟာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ရန်ကုန်မြို့မှာ ဒီကနေ့ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အမေရိကန် အစိုးရဝန်ကြီးဌာနတခုနဲ့ ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးခဲ့တာမှာ ပါဝင်တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်လို့ UMFCCI ရဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာ မောင်မောင်လေးက အခုလိုပြောပါတယ်။

“ ပါဝါတို့၊ Energy တို့ ၊ Aviation တို့ကို ဆက်လက်ပြီးတော့ ပူးပြောင်းဆောင်ရွက်ပြီးတော့ ကုန်သွယ်ရေးဌာနနဲ့ UMFCCI တို့နဲ့အတူတူ လက်တွဲပြီးတော့ ရှေ့ဆက်လုပ်ဖို့ပေါ့နော်။ ဒါကိုStatement of Intent (SOI) ထိုးတာပါ။”

မကြာသေးခင်လပိုင်းတွေအတွင်းကပဲ အမေရိကန်သမ္မတ Barack Obama က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွါးရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖြေလျှော့ပေးခဲ့ပြီးနောက် ကုန်သွယ်ရေးဆိုင်ရာအထူးကင်းလွတ်ခွင့် (GSP) လည်း ရရှိခဲ့ပါတယ်။ ဒီလိုအခြေအနေအောက်မှာ အခုလိုလက်မှတ်ရေးထိုးနိုင်တာဟာ ၂ နိုင်ငံကြား ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ရလဒ် ဖြစ်ကြောင်း ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Farrell က ပြောပါတယ်။ ခုလို သဘောတူစာချုပ်တွေ ချုပ်ဆိုပြီးတဲ့နော်မှာ ပွင့်လင်းမြင်သာမှုရှိတဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေ ဝင်ရောက်လာမှာဖြစ်သလို အရည်သွေးကောင်းတဲ့ ပြည်ပပို့ကုန်တွေ ထုတ်လုပ်သွားနိုင်အောင် ကြိုးစားသွားမယ်လို့ ဒေါက်တာ မောင်မောင်လေးကပြောပါတယ်။

“Infrastructure ပေါ့ အခြေခံအဆောက်အအုံတွေမှာ အမေရိကန်နိုင်ငံက ထုတ်လုပ်တဲ့ပစ္စည်းတွေ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေ ၊ တာဝန်သိမှုရယ်၊ တာဝန်ယူမှုလုပ်ငန်းတွေပေါ့နော် Responsible နဲ့ Ethical ပစ္စည်းတွေ မြန်မာနိုင်ငံကို ဝင်လာဖို့ ရည်ရွယ်ပါတယ်။ သူ့တို့ကမှ တဆင့် မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးလာပြီးတော့ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေ ကိုရမယ်၊ ရပြီးရင် မြန်မာနိုင်ငံက ပူးပေါင်းထုတ်လုပ်ဖို့ တွေဖြစ်လာမယ်။ နောက်ပိုင်းကျရင်လည်း poverty alleviation ဆိုတာ ဆင်းရဲမှုကို လျော့နည်းအောင်လို့ တဖြေးဖြေး ဖန်တီးသွားမယ်လို့ ယူဆပါတယ်။”

ဒါပေမယ့်လည်း ၁၀ စုနှစ်အတော်ကြာ နိုင်ငံတကာအသိုင်းအဝန်းနဲ့ အဆက်အဆံပြတ်တောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုလို အလားအလာကောင်းတွေရှိလာပေမယ့်လည်း အခြေခံအဆောက်အအုံပိုင်းနဲ့ ကျွမ်းကျင်လုပ်သားတွေ လိုအပ်နေမှုအပိုင်းမှာတော့ အတော်အားနည်းနေသေးတယ်လို့ လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေက ထောက်ပြကြပါတယ်။ အရောင်းအဝယ်လုပ်ရာမှာ အဓိကကျတဲ့ ငွေပေးချေမှုစနစ်နဲ့ ပါတ်သတ်လို့ လိုအပ်ချက်တွေရှိနေသေးကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာကျော်ထင်က အခုလိုထောက်ပြပါတယ်။

“အဓိကတော့ ကျနော်တို့ ဒီလိုမျိုး ကုန်သွယ်မှုလုပ်တဲ့နေရာမှာ ကျနော်တို့ ဘဏ်စနစ်တွေပေါ့၊ ဘဏ်စနစ်က အခုအချိန်အထိ ကျနော်တို့ အမေရိကန်ပြည်ထောင်စုကို တိုက်ရိုက်လွဲနိုင်ဖို့ အခွင့်အရေးမရသေးဘူးပေါ့နော်။ အဓိက အဲဒါမျိုး မြန်မာနိုင်ငံကနေပြီးတော့ အမေရိကန်ပြည်ထောင်စုကို တိုက်ရိုက်လွဲနိုင်ဖို့ Banking system တွေ ဘဏ် နဲ့ ပတ်သက်တဲ့ အချင်းချင်း ချိတ်ဆက်မှုတွေရှိဖို့လိုတယ်ပေါ့နော်။ ဒါမှ ကျနော်တို့က ကုန်ကျတာ ပိုသက်သာလာနိုင်တယ်၊ ကျနော်တို့ ၂ ဆင့်လောက်။ တခြားနိုင်ငံတခုက ဥပမာဆိုရင် စင်္ကာပူ နေကျနော်တို့ လွှဲရတယ် ၊ နောက်တခုက ပြည်တွင်းဘဏ်နဲ့ အချိတ်အဆက်ဖြစ်ဖို့က နောက်တခုလုပ်ရတယ်ဆိုတော့ ကျနော်တို့က အဲဒီလိုမျိုး လုပ်နေရတာတွေဖြစ်နေရတယ်ပေါ့လေ။ အဆင့်တွေရှိနေတယ်ပေါ့နော် ၊ တကယ်လို့ တိုက်ရိုက်လုပ်လို့ရမယ်ဆိုရင် အဲဒီအဆင့်တွေ ပျောက်သွားတာပေါ့နော်။”

ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Farrell နဲ့အဖွဲ့ မြန်မာနိုင်ငံကိုရောက်ရှိနေစဉ်မှာပဲ အမေရိကန်အာဆီယံ စီးပွါးရေးကောင်စီ ဥက္ကဌ Alexander Feldman နဲ့ အမေရိကန်စီးပွါးရေးလုပ်ငန်းရှင်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့ကတွေ့ဆုံပြီး ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG