သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြဿသနာ ဇာစ်မြစ် ဖြေရှင်းရေး ကန် ပူးပေါင်းဆောင်ရွက်မည်


မောင်တောအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာကို ရှောင်တိမ်းနေတဲ့ ရခိုင်ဒုက္ခသည်များ (MOI)
မောင်တောအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာကို ရှောင်တိမ်းနေတဲ့ ရခိုင်ဒုက္ခသည်များ (MOI)

မောင်တော အကြမ်းဖက် တိုက်ခိုက်မှုကို အမေရိကန်အစိုးရက အနီးကပ်စောင့်ကြည့်နေပြီး အခြေခံအကြောင်းရင်းတွေကို ဖြေရှင်း ရာမှာ မြန်မာအစိုးရ ကို ကူညီပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက ဗွီအိုအေကိုပြောပါတယ်။ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ Aqa Mul Mujahidin (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့ဟာ အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေဖြစ်တဲ့ တာလီဘန်၊ အယ်လ်ကိုင်းဒါး၊ ISIS စတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ နည်းဗျူဟာအတိုင်း ဝါဒဖြန့်ချိ တိုက်ခိုက် နေကြောင်း မြန်မာအစိုးရက မနေ့ သောကြာနေ့ က ပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ဆက်မှာပါ။

အရှင်ဖမ်းဆီးရမိတဲ့ အကြမ်းဖက်သမား (၄)ဦးရဲ့ ထွက်ဆိုချက်တွေ အရ အောက်တိုဘာလ (၉)ရက်နေ့က ရခိုင်ပြည်နယ် မောင်တောခရိုင်တွင်း နယ်စပ်လုံခြုံရေးစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့ဟာ RSO ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး လက်နက်ကိုင် အဖွဲ့နဲ့ဆက်နွယ်နေ တဲ့ မောင်တောဒေသ တွင်း လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပြီ အကြမ်းဖက်တိုက်ခိုက်ဖို့ အချိန်ယူပြီး စနစ်တကျပြင်ဆင်ခဲ့ကြောင်း သမ္မတရုံးရဲ့ မနေ့က သတင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် Aqa Mul Mujahidin အဖွဲ့ဟာ ကမ္ဘာအနှံမှာရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ နည်းဗျူဟာအတိုင်းကျင့်သုံး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့ကို ဦးဆောင်သူဟာ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာမှာနေတဲ့ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တဦးဖြစ်တဲ့ အသက် (၄၅)နှစ်အရွယ် ဟာဗစ်တူဟာရ်ဖြစ်ပြီး ပါကစ္စတန်နိုင်ငံ က တာလီဘန်တွေဆီမှာ (၆)လ သင်တန်းတက်ရောက်ခဲ့သူဖြစ်ပါတယ်။ သူတို့အဖွဲ့မှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် ဒုက္ခသည်စခန်းတွေမှာနေထိုင်နေသူတွေ အပါအဝင် အင်အား (၄၀၀)ခန့်ရှိကြောင်းနဲ့ အရှေ့အလယ်ပိုင်းမှာ အခြေစိုက်တဲ့ မောင်တောဒေသအနွယ်တွေဆီက ငွေကြေးထောက်ပံမှုတွေရရှိနေကြောင်း သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မောင်တောခရိုင်တွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ဖြေရှင်းရာမှာ အမေရိကန်ဘက်က မြန်မာအစိုးရကို ဆက်လက်ပြီး အကူအညီပေးသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ပြောခွင့်ရအမျိူးသမီး Alicia Edwards က ဗွီအိုအေကိုပြောပါတယ်။

"အခြေအနေတွေကို အနီးကပ်ဆက်ပြီး အမေရိကန်နိုင်ငံခြားရေး ဌာနက စောင့်ကြည့်နေပါတယ်။ နောက်ထပ်အကြမ်းဖက်မှုတွေ ထပ်ပြီးမဖြစ်အောင် ပါဝင်ပတ်သက်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ ကျမတို့တိုက်တွန်းပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်ရတဲ့ အခြေခံ အကြောင်း ရင်းတွေကို ဖြေရှင်းဖို့ မြန်မာအစိုးရနဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

နိုင်ငံတကာမှာရှိနေတဲ့ အစ္စလာမ်မစ်အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် အမေရိကန်အစိုးရမှာ သတင်းအချက်အလက် အပြည့်အစုံရှိနေတဲ့ အတွက် မြန်မာအစိုးရရော တပ်မတော်ကိုပါ အသေအချာ အကူအညီပေးနိုင်မှာဖြစ်တယ်လို့ အမေရိကန် အခြေစိုက် မြန်မာ့စစ်ရေးလေ့လာ သုံးသပ်နေသူ ထောက်လှမ်းရေးအရာရှိဟောင်း ဦးအောင်လင်းထွဋ်က ပြောပါတယ်။

" အမေရိကားမှာ အကြမ်းဖက်မှု IS ပဲဖြစ်ဖြစ် အယ်လ်ကိုင်းဒါးပဲဖြစ်ဖြစ် ဒီဟာနဲ့ ပတ်သက်ပြီးတော့ကာ သတင်းက အင်မတန်မှ ပြည့်စုံပါတယ်။ အမေရိကန် မှာ သူတို့ရဲ့ Movements တွေ အားလုံးဟာ အမေရိကန်ဟာ မြန်မာအစိုးရ အတွက်ကိုရော မြန်မာတပ်မတော်အတွက်ကိုပါ Informations တွေ သတင်းတွေ ကောင်းကောင်း ပံ့ပိုးပေးနိုင်တဲ့အနေအထားမျိုး ရှိတယ်။ လူ့အခွင့်အရေး နဲ့ ပတ်သက်လို့ကတော့ အခုစဖြစ်ကတည်း ကိုက ဒေါ်အောင်ဆန်း စုကြည် အမိန့်ထုတ်တာတွေ့ပါလိမ့်မယ်။ ဥပဒေအတိုင်းသွားဖို့ အတွက်ကိုပဲ ဦးတည်ပြီးတော့ သွားတယ်။ လက်လွတ်စပါယ် မဆိုင်တဲ့ ရွာသူရွာသားတွေ မူဆလင်တွေကို အကြောင်းမဲ့ သတ်တာဖြတ်တာ မလုပ်ဖို့ကို ကြိုပြီးတော့မှ ပြောပြီးတော့မှ လုပ်တဲ့ အနေအထားမျိုး ရှိပါတယ်။ အဲ့ဒီ့တော့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့မှ အခုအချိန်အခါမှာတော့ အရင်လို လက်လွတ်စပါယ်ဖြစ်စရာအကြောင်းမရှိဘူး။ စစ်တပ်ကလည်း စစ်တပ်အလျောက် ရဲကလည်း ရဲအလျောက် ထိန်းထိန်းသိမ်းသိမ်း လုပ်သွားမယ်။ ဒီ့အပြင်မှာ ပြည်ပရော ပြည်တွင်းရော သတင်းသမား အဖွဲ့တွေကိုပါ ပေါ်ပေါ်တင်တင် ပွင့်ပွင့်လင်းလင်း လုပ်ခြင်းအားဖြင့်တော့ ကျနော်တို့ ဒီ့ပြသနာဟာ တဖက်ကလည်း လူ့အခွင့်အရေးကို မချိုးဖောက်ဘူးဆိုတာ ပြနိုင်သလို တဖက်ကလည်း ဒီအန္တရာယ်ကို ကာကွယ်ဖို့အတွက်ကို ပြည်ပရဲ့ အကူအညီ လိုတယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်ပါတယ်ခင်ဗျ။ "

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံကို အောက်တိုဘာလ (၁၂) ရက်နေ့ကနေ (၁၄)ရက်နေ့ထိ သုံးရက်ကြာခရီးစဉ်အဖြစ်သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူး၊ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာစတီဗင် အိုဘရိုင်ယန် ကလည်း ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ အရပ်သားတွေကို ဦးစားပေးကာကွယ်ပေးဖို့ မြန်မာအစိုးရကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဒါနဲ့ပတ်သက်လို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"ရခိုင်ပြည်နယ်မှာ မကြာသေးခင်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ ကြီးမားတဲ့ပြဿနာပါ။ နောက်ထပ်အကြမ်းဖက်မှု တွေမဖြစ်အောင်တားဆီးဖို့နဲ့ အရပ်သားအားလုံး ကာကွယ်ပေးဖို့ မဖြစ်မနေ ချက်ချင်းဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီအခြေအနေတွေဟာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ အသိုင်းအဝိုင်းအားလုံးကို ရိုက်ခတ်နေပါတယ်။ အထူးသဖြင့် ကန့်သတ်ခံထား ရတဲ့ မွတ်စလင် အသိုင်းအဝိုင်းက အကာအကွယ်မဲ့နေသူ တချို့အတွက် ကျန်းမာရေး၊ ပညာရေးနဲ့ အခြားလိုအပ်တဲ့ ဝန်ဆောင်မှုတွေပေးနေတဲ့ ထောက်ပံကူညီမှုကို ဒီအခြေအနေဟာ ထပ်ပြီး တားဆီးခဲ့တာဖြစ်ပါတယ်။"

မြန်မာအစိုးရဘက်က မနေ့ကသတင်း ထုတ်ပြန်ချက်မှာတော့ မောင်တော အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အခြားလုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ ထိထိရောက်ရောက် တန်ပြန်အရေးယူ တိုက်ဖျက်သွားမယ်လို့ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG