သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် Peace Corps မြန်မာနိုင်ငံမှာ လုပ်ငန်းစတော့မည်


Peace Corps
Peace Corps

မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ လိုအပ်သလို တဘက်တလမ်းက အကူအညီပေးဖို့အတွက် အမေရိကန်ပြည်ထောင်စု က စေတနာ့ဝန်ထမ်း ငြိမ်းချမ်းရေး စေတမန် Peace Corps အဖွဲ့ဟာ ဒီနှစ်ကစပြီး ဝင်ရောက်ကာ လုပ်အားပေး လုပ်ငန်းတွေ လုပ်ကိုင်တော့မယ် လို့ မြန်မာနိုင်ငံ ဆိုင်ရာ တာဝန်ခံက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးမှာပါ။

Peace Corps
Peace Corps

မြန်မာအစိုးရရဲ့ တောင်းဆိုချက်အရ ပညာရေး၊ ကျန်းမာရေး၊ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ ပြည်သူလူထုဖွံ့ဖြိုးတိုးတက်ရေး နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် စေတနာ့ဝန်ထမ်း ငြိမ်းချမ်းရေး စေတမန် Peace Corps အဖွဲ့ဟာ ၂၀၁၅ ခုနှစ် နှစ်စပိုင်းကစပြီး စီမံကိန်းတွေ စတင်တော့မယ်လို့ Peace Corps အဖွဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ Ms Penny Fields က ပြောလိုက်ပါတယ်။

Peace Corps အဖွဲ့က စေတနာ့ဝန်ထမ်းတွေဟာ အကူအညီ လိုအပ်နေတဲ့ နိုင်ငံတွေမှာပြည်သူလူထုတွေနဲ့ အတူကတွနေထိုင်ပြီး ကဏ္ဍအသီးသီးက လူတစ်ဦးချင်းစီရဲ့ စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်အောင် သင်ကြားပေးနေတာပါ။ တချိန်တည်းမှာပဲ သူတို့တွေ လုပ်အား လာပေးတဲ့ နိုင်ငံရဲ့ယဉ်ကျေးမှု ဓလေ့စရိုက်တွေကိုလည်း ပြန်လည် သင်ယူသွားကြမှာဖြစ်ပါတယ်။

အခု စတင်လုပ်အားပေးတော့မယ့်မြန်မာနိုင်ငံအတွက် ဘယ်လို အကျိုးအမြတ်တွေ ရှိအောင် ကူညီသွားမလဲဆိုတာကို မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Ms Penny Fields က အခုလိုပြောပါတယ်။

“ကျွန်မတို့ အဖွဲ့အစည်းက လူထုအခြေပြုအဖွဲ့အစည်းဖြစ်ပါတယ်။ အလှူဒါနပြုလုပ်နေတဲ့ အဖွဲ့အစည်းမဟုတ်တာကြောင့် လူသားအရင်းအမြစ်တွေပဲ အဓိက ဖလှယ်ပါတယ်။ စေတနာ့ဝန်ထမ်းတွေက သူတို့နဲ့ အတူအလုပ်လုပ်ကိုင်သူတွေရဲ့ စွမ်းရည်တွေကို တိုးတက်လာအောင် ပျိူးထောင်ပေးတယ်။ ဒါကြောင့် ပြည်သူတွေပေါ်မှာ အများကြီး မူတည်ပါတယ်။ ပြည်သူတွေက ကျွန်မတို့ စေတနာ့ဝန်ထမ်းတွေနဲ့ အရင်ဆုံး ပူးပေါင်းပြီး လုပ်ကိုင်ရမယ်၊ သူတို့ ဘာတွေ လိုအပ်နေသလဲ ဆိုတာကို ပြောပြရမယ်၊ ပြီးတော့ သူတို့ရဲ့ ကိုယ်စွမ်းကိုယ်စတွေ တိုးတက်လာအောင် ကြိုးစားရပါမယ်။ အဓိကကတော့ ပြည်သူတွေရဲ့ တစ်ဦးချင်းစီနဲ့ အုပ်စုလိုက် ဘဝတွေ တိုးတက်လာစေဖို့ပဲ ဖြစ်ပါတယ်။ ဒါမှာသာလည်း နိုင်ငံအဆင့်ထိ တိုးတက်လာမှာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နိုင်ဝင်ဘာလလယ်မှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက်ခဲ့တဲ့ သမ္မတအိုဘားမား ကလည်း ဒီ Peace Corps ငြိမ်းချမ်းရေးစေတမန်အဖွဲ့ကို စေလွှတ်ဖို့ ပြောခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှ မြန်မာနိုင်ငံကို တရားဝင် ရောက်လာတော့မယ့် Peace Corps အဖွဲ့အနေနဲ့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ အချိန်တော့ တော်တော်လိုအပ်ခဲ့တယ်လို့ ဖွင့်ဟပါတယ်။

“နှစ်ဦးနှစ်ဖက် နားလည်မှုနဲ့ ပတ်သက်ပြီးတော့ မေးခွန်းလေးတွေ ရှိပါတယ်။ ထည့်စဉ်းစားရမှာက ဒီ Peace Corps ဆိုတာက ဘယ်လိုနိုင်ငံတကာ အဖွဲ့အစည်းလဲဆိုတာကို အကြမ်းဖျင်းနားလည်ထားရမယ်။ ဒီအဖွဲ့အစည်းက ကိုယ့်နိုင်ငံကိုယ်ရော တစ်ဖက်နိုင်ငံကပြည်သူတွေပါ နှစ်ဦးနှစ်ဖက် ဘယ်လို အကျိုးအမြတ်တွေရမလဲဆိုတာလည်း သိထားရမယ်။ လုပ်ငန်းတွေ စတင်တဲ့အခါလည်း တကယ်လက်တွေ့မှာ ဘယ်လိုတွေဖြစ်လာမလဲ၊ ဘယ်လိုတွေ တကယ်လုပ်ကိုင်ကြလဲ စတဲ့ အသေးစိပ်လုပ်ငန်းစဉ်တွေကိုလည်း နားလည်ကြရပါမယ်။ လုပ်ငန်းစဉ်တွေက ခက်ခဲတာမဟုတ်ဘဲ တာဝန်ရှိသူ အားလုံးနားလည်အောင် သေချာရှင်းပြဖို့ အချိန်တော်တော် လိုအပ်ခဲ့ပါတယ်။ ကျွန်မတို့ ဒီလုပ်ငန်းစဉ်တွေ လုပ်ကိုင်တဲ့အခါမှာလည်း အမေရိကန် အခြေစိုက်အဖွဲ့အစည်းတွေနဲ့ သံအမတ်ကြီးတို့ကလည်း ကူညီအားပေးခဲ့ပါတယ်။”

Peace Corps ငြိမ်းချမ်းရေး စေတမန်အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေ စတင်တဲ့အခါ အမေရိကန်နိုင်ငံသား စေတနာ့ဝန်ထမ်း အယောက် ၂၀ ကနေ ၃၀ ကြား အရင်ဆုံး ဝင်ရောက်လာမှာဖြစ်ပြီး လုပ်ရမယ့် လုပ်ငန်းစဉ်ပေါ်မူတည်ပြီးတော့ တဖြည်းဖြည်းနဲ့ အရေအတွက် များလာမှာဖြစ်ပါတယ်။

Peace Corps လုပ်ငန်းစဉ်တွေလုပ်ကိုင်တဲ့အခါ အိမ်ရှင်တွေရဲ့ အကူအညီလည်း လိုအပ်တာဖြစ်လို့ မြန်မာနိုင်ငံသားတွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိတဲ့အကြောင်းကိုလည်း တာဝန်ခံက ရှင်းပြပါတယ်။

“Peace Corps အစီအစဉ်တွေကို လုပ်ကိုင်ဖို့ အမေရိကန်နိုင်ငံသား ဝန်ထမ်းတွေ အနည်းငယ်ပါမှာဖြစ်ပြီး အများစုကတော့ မြန်မာနိုင်ငံသား ဝန်ထမ်းတွေဖြစ်မှာပါ။ အိမ်ရှင်နိုင်ငံတွေမှာတော့ အိမ်ရှင်ဝန်ထမ်းတွေကသာ ဒီအစီအစဉ်တွေကို တကယ်လုပ်ကိုင်တာပါ။ စေတနာ့ဝန်ထမ်းတွေကို ကြီးကြပ်သူတွေက လည်း မြန်မာဝန်ထမ်းတွေဖြစ်မှာပါ၊ ဘာလို့လဲဆိုတော့ အိမ်ရှင်တွေကသာ သူတို့နိုင်ငံနဲ့ ယဉ်ကျေးမှုတွေကို သူတို့ အသိဆုံးပဲလေ။ ကျွန်မကတော့ မြန်မာနိုင်ငံ တာဝန်ခံအနေနဲ့ Peace Corps အဖွဲ့အစည်းက ဘာတွေ လုပ်မလဲဆိုတာ ရှင်းပြပါမယ်။ တကယ်တန်း စေတနာ့ဝန်ထမ်းတွေက လုပ်ငန်းခွင်ထဲ သွားမယ်၊ နေ့စဉ် လုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါတော့ အိမ်ရှင်တွေရဲ့ အကူအညီကို လိုအပ်တယ်လေ။ ဒါကြောင့် လာမယ့်လအနည်းငယ်မှာ ကျွန်မတို့ မြန်မာနိုင်ငံသားဝန်ထမ်းတွေကို ခန့်သွားမှာပါရှင်။”

စေတနာ့ဝန်ထမ်း ငြိမ်းချမ်းရေး စေတမန်လုပ်ငန်းစဉ်တွေကို ၁၉၆၁ ခုနှစ်ကတည်းက အမေရိကန်သမ္မတဟောင်း John F. Kennedy က တက္ကသိုလ်ကျောင်းသားတွေကို ကမ္ဘာ့နေရာ အသီးသီးကိုစေလွှတ်ခဲ့တာပါ။ လုပ်အားပေး လုပ်ငန်းစဉ်တွေလည်း လုပ်ကိုင်ရင်း နှစ်နိုင်ငံ လူသားအရင်းအမြစ်တွေ ဖလှယ်တဲ့အစီအစဉ်တွေကို လည်း လုပ်ကိုင်နေပါတယ်။

သက်တမ်း ၅၄ နှစ်ရှိပြီဖြစ်တဲ့ Peace Corps အဖွဲ့အစည်းအနေနဲ့ နိုင်ငံပေါင်း ၁၄၀မှာ လုပ်အားပေးခဲ့ပြီး အခုလက်ရှိ ၆၅ နိုင်ငံမှာ ကူညီနေတဲ့ စေတနာ့ဝန်ထမ်းတွေဟာ ဒီ ၂၀၁၅ ခုနှစ်မှာတော့ မြန်မာနိုင်ငံမှာ စတင် လုပ်အားပေးတော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG