သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် ကုလဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းပေးရေး ပိုနီးစပ်


ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Samantha Power
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Samantha Power

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အီရန်ရဲ့ နျူကလီယားအစီအစဉ်နဲ့ပတ်သက်တဲ့ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းဖို့ရှိတဲ့ ဆုံးဖြတ်ချက်မူကြမ်းအဆိုကို အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့က ဖြန့်ဝေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအဆိုပြုချက် ကုလသမဂ္ဂက အီရန် အပေါ် စစ်လက်နက်ရောင်းဝယ်မှု ပိတ်ဆို့တာကိုတော့ ငါးနှစ်အထိ ဆက်ပြီးရှိနေမှာဖြစ်ပြီး တာဝေးပစ် ဒုံးလက်နက်တွေအပေါ် ပိတ်ဆို့မှုကတော့ (၈) နှစ်အထိ ဆက်လက်ထားရှိမှာဖြစ်ပါတယ်။

အမေရိကန်ရဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီး ကန့်ကွက်မှုရှိလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။ ဘာကြောင့်လဲဆိုတော့ အီရန်နျူကလီယား အစီအစဉ် ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနဲ့ အမေရိကန် ငါးနိုင်ငံစလုံးတို့ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာဗီတိုအာဏာကိုင်ထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ရက်အနည်းငယ်အတွင်းမှာ မဲခွဲဆုံးဖြတ်လိမ့်မယ်လို့ မျော်လင့်ရပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အဆိုပြုချက်မူကြမ်းကို အင်အားကြီးငါးနိုင်ငံအပြင် ဂျာမနီနဲ့ ဥရောပသမဂ္ဂကိုယ်စားတင်သွင်းမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power က ပြောပါတယ်။

ဒီအဆိုပြုချက်ဟာ အီရန်နဲ့ရရှိထားတဲ့ ဒီသဘောတူညီမှုကို ထောက်ခံမှာဖြစ်တဲ့အပြင် လက်ရှိလုံခြုံရေးကောင်စီမှာချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အစားထိုးမယ့် ဗီယက်နာမှာ ရရှိခဲ့တဲ့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက် သဘောတူညီမှုအသစ်တွေအပါအဝင် အရေးကြီးတဲ့ အခြားအချက်တွေကို ထည့်သွင်းဖေါ်ပြမှာဖြစ်တယ်လို့ သူကပြောပါတယ်။ ဒီအဆိုပြုချက်ကို အတည်ပြုခဲ့ပြီးနောက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချက်ချင်းရုပ်သိမ်းပေးမှာမဟုတ်သေးဘဲ အကောင်အထည်ဖေါ်ဖို့သတ်မှတ်တဲ့ရက်ကျမှ ရုပ်သိမ်းပေးဖို့ရှိတယ်လို့ အဆိုပြုချက်နဲ့နီးစပ်မှုရှိတဲ့ အမေရိကန်အရာရှိတဦးကပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး Vitaly Churkin က ဒီအဆိုပြုချက်မူကြမ်းဟာ လုံခြုံရေးကောင်စီမှာ လေ့လာစဉ်းစားခဲ့တဲ့ အခက်ခဲဆုံး စိတ်ဝင်စားစရာအကောင်းဆုံးအဆိုပြုချက်တွေအနက် တခုဖြစ်တယ်လို့ သတင်းထောက်တွေကိုပြောပါတယ်။

XS
SM
MD
LG