သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံအဖြစ် USCIRF ထပ်မံသတ်မှတ်


အမေရိကန် ပြည်ထောင်စု ဘာသာရေး လွတ်လပ်မှုကော်မရှင် - USCIRF ၂၀၁၇ ခုနှစ် အစီရင်ခံစာ
အမေရိကန် ပြည်ထောင်စု ဘာသာရေး လွတ်လပ်မှုကော်မရှင် - USCIRF ၂၀၁၇ ခုနှစ် အစီရင်ခံစာ

မြန်မာနိုင်ငံမှာ အစိုးရအပြောင်းအလဲကို အခက်အခဲမရှိစွာ ဆောင်ရွက်နိုင်ခဲ့ပေမယ့် ရိုဟင်ဂျာ မွတ်ဆလင်တွေ အပါအဝင် ဘာသာရေး လူနည်းစုတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် ဘာသာရေးအရ ဖိနှိပ်ချုပ်ခြယ်မှုတွေ ရှိနေဆဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်အတွက် အထူး စိုးရိမ်ဖွယ်ရာနိုင်ငံ အဖြစ် သတ်မှတ်ကြောင်း အမေရိကန် ပြည်ထောင်စု ဘာသာရေး လွတ်လပ်မှုကော်မရှင် - USCIRF က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်း သမိုင်းဝင် အစိုးရအပြောင်းအလဲကို အခက်အခဲမရှိစွာ လုပ်ဆောင်နိုင်ခဲ့ပေမယ့် ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုတွေကတော့ ရှိနေဆဲဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ဘာသာရေး လွတ်လပ်မှုကော်မရှင် - USCIRF က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

လက်ရှိအစိုးရသစ်လက်ထက်မှာလည်း ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ ဘာသာရေး လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေ ဆက်လက် ဖြစ်ပေါ်နေသေးတဲ့အတွက် မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့်အရ အထူး စိုးရိမ်ဖွယ်ရာနိုင်ငံ - CPC Country of Particular Concern အဖြစ် ဆက်လက် သတ်မှတ်ထားကြောင်း ၂၀၁၆ ခုနှစ်အတွက် USCIRF က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီလို သတ်မှတ်ရတာဟာ မြန်မာနိုင်ငံအတွင်းက ဘာသာရေး လွတ်လပ်ခွင့် အခြေအနေတွေ တိုးတက်လာခြင်း မရှိတဲ့အတွက် ဖြစ်ကြောင်း USCIRF ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အကြီးတန်း မူဝါဒရေးရာ သုတေသီ Tina Mufford က ပြောပါတယ်။

“အစိုးရသစ် ပြောင်းသွားခဲ့သည့်တိုင် မြန်မာနိုင်ငံအတွင်းက ဘာသာရေး လွတ်လပ်ခွင့်အခြေအနေတွေဟာ အခုအစီရင်ခံစာ ထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အကြား တိုးတက် ပြောင်းလဲခြင်း မရှိခဲ့ပါဘူး။ တိုင်းရင်းသားတွေနဲ့ ဘာသာရေး လူနည်းစုတွေအပေါ် အရင်အစိုးရ လက်ထက်တုန်းကရော၊ အခုအစိုးရ လက်ထက်မှာပါ အကာကွယ်ပေးတာမျိုး မရှိခဲ့သလို နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး စံချိန် စံညွန်းတွေကိုလည်း လိုက်နာတာ မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း နိုင်ငံရေးနဲ့ အစိုးရပိုင်းမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့်ပိုင်းမှာ တိုးတက် ပြောင်းလဲမှု မရှိတာကို တွေ့နေရတာ ဖြစ်ပါတယ်။ အနာဂတ်အတွက် မျှော်လင့်ချက်ကောင်းတွေ ရှိပေမယ့် လက်ရှိ ရေတိုကာလမှာတော့ တိုးတက် ပြောင်းလဲမှုတွေ မတွေ့ရသေးပါဘူး။”

ဒါ့အပြင် ခရစ်ယာန်ဘာသာဝင်တွေဟာလည်း လူသိရှင်ကြား ဝတ်ပြုမှု တားမြစ်ခံရပြီး ဗုဒ္ဓဘာသာအတွင်း အဓမ္မ ကူးပြောင်း စေခိုင်းခံနေရကြောင်း၊ NLD အစိုးရအနေနဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်အပေါ် ချိုးဖောက်နေမှုတွေကို အခုချိန်ထိ ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်း မရှိတဲ့အတွက် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဥပဒေ IRFA အရ အမေရိကန် ပြည်ထောင်စု ဘာသာရေး လွတ်လပ်မှုကော်မရှင်က အခုလို အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံအဖြစ် သတ်မှတ်ရခြင်း ဖြစ်ကြောင်း USCIRF အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

USCIRF ရဲ့ အခန်းကဏ္ဍဟာ အမေရိကန် အစိုးရကို အကြံပေးရတဲ့အဖွဲ့သာဖြစ်တာကြောင့် ပေါ်လစီ ချမှတ်ရေးကိစ္စကိုတော့ အစိုးရပဲ လုပ်ဆောင်တယ်လို့လည်း Tina Mufford က ပြောပါတယ်။

USCIRF အနေနဲ့ကတော့ မြန်မာနိုင်ငံအတွင်းက ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာကို နှစ်စဉ် အမေရိကန်နိုင်ငံခြားရေးဌာနကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ ဘာသာရေး လွတ်လပ်မှုဆိုင်ရာ အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံအဖြစ် နိုင်ငံခြားရေးဌာနက နားလည် သဘောပေါက်ထားကြောင်းလည်း Tina Mufford က ပြောပါတယ်။ USCIRF က အခုနှစ်မှာ အမေရိကန်အစိုးရထံ အကြံပြုထားတဲ့ အချက်တွေကိုလည်း Tina Mufford က အခုလို ဆက်ပြောပြပါတယ်။

“မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ဘာသာရေး လွတ်လပ်ခွင့် ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးကြဖို့အတွက် အမေရိကန်အစိုးရထံ ကျမတို့ အကြံပြုထားပါတယ်။ အနာဂတ် မြန်မာနိုင်ငံအတွက် လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ ဘယ်လောက် အရေးပါတယ်ဆိုတာကို ကျမတို့ နားလည်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ အာမခံထားတဲ့အတိုင်း ဘာသာရေး လွတ်လပ်ခွင့်ဟာလည်း အခြေခံအကျဆုံး လူ့အခွင့်အရေး ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ပါဝင်လာအောင် ကျမတို့က ပြောနေတာပါ။ ဒါ့အပြင် တခြား အကြံပြုထားတဲ့ အချက်တွေကတော့ ပဋိပက္ခတွေ ဖြစ်နေတဲ့ ဒေသတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ပေးနိုင်ရေးနဲ့ ပြည်တွင်း၊ ပြည်ပက သတင်းမီဒီယာတွေ သွားခွင့်ပြုရေးအတွက် ထည့်သွင်း တောင်းဆိုထားသလို ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွက် သီးခြား လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ စေလွတ်မယ့် ကိစ္စကိုလည်း ကျမတို့ ထောက်ခံပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ဘာသာရေး လွတ်လပ်ခွင့်အပါအဝင် ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။”

မဘသနဲ့ တခြား အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်တဲ့ အုပ်စုတွေ ရှိနေတာကြောင့် Frank Wold International Religious Freedom Act - နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု အက်ဥပဒေအရ အစိုးရကို ဘာသာရေး လွတ်လပ်ခွင့်အရ အထူးစိုးရိမ်ဖွယ်ရာနိုင်ငံအဖြစ် သတ်မှတ်လို့ မရပေမယ့်လည်း လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်နဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတွေအပေါ် ချိုးဖောက်မှုတွေ ရှိနေတဲ့အတွက် အဲဒီ အဖွဲ့အစည်းတွေကိုလည်း အနီးကပ် စောင့်ကြည့်ဖို့ လိုအပ်ကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။

မနှစ် ၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာလည်း မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်အရ အထူး စိုးရိမ်ဖွယ်ရာနိုင်ငံအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေအားလုံး မိမိယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိတာကို မြင်တွေ့လိုကြောင်း Indiana ပြည်နယ်၊ Indianapolis မြို့က အမေရိကန်ပြည်ထောင်စု တောင်ပိုင်း နှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာ ဒေါက်တာ Hre Mang က ပြောပါတယ်။

“ကျနော်တို့ တိုင်းပြည် ပြည်သူပြည်သားတွေအားလုံး ဘာသာရေးကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ရှိရမယ်။ မဖြစ်နိုင်သေးတာက အစိုးရက ဥပဒေတွေပြင်ဆင်ပေးဖို့ အများကြီးလိုအပ်နေသေးတယ်။ ပြည်သူလူထုကိုလည်း ပညာပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ မွတ်စလင်ပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ်၊ ခရစ်ယာန်ပဲဖြစ်ဖြစ် အနှိမ်ခံရတာ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်မရှိတာက အတော်ဝမ်းနည်းစရာကောင်းပါတယ်။”

မြန်မာနိုင်ငံမှာ ထိပ်ပိုင်းက အစိုးရ ပေါ်လစီတွေ ပြုပြင် ပြောင်းလဲယုံနဲ့တင် မလုံလောက်ပဲ အောက်ခြေမှာပါ တရားဥပဒေ စိုးမိုးမှုရှိလာမှ ဘာသာတရား တခုနဲ့ တခုအပေါ် ဖိနှိပ် ချုပ်ခြယ်တာတွေ၊ လူများစုက အားနည်းတဲ့ သူတွေအပေါ် နှိမ်ချ ဆက်ဆံတာတွေ ကင်းဝေးနိုင်မယ်လို့လည်း ဒေါက်တာ Hre Mang က ပြောပါတယ်။

USCIRF အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုကော်မရှင်က နှစ်စဉ် ထုတ်ပြန်တဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံအဖြစ် ၁၉၉၉ ခုနှစ်ကစလို့ နှစ်စဉ် သတ်မှတ် ဖော်ပြလာခဲ့တာ ဖြစ်ပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG