သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားလေတပ်စခန်းကို အမေရိကန် တာဝေးပစ် ပဲ့ထိန်းတပ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်


အမေရိကန်ရေတပ်ရဲ့ ဖျက်သင်္ဘော USS Ross၊ USS Porter
(ဧပြီ ၇၊ ၂၀၁၇)
အမေရိကန်ရေတပ်ရဲ့ ဖျက်သင်္ဘော USS Ross၊ USS Porter (ဧပြီ ၇၊ ၂၀၁၇)

ဆီးရီးယားအစိုးက အရပ်သားတွေအပေါ် ဓါတုလက်နက်သုံးတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်စစ်တပ်က ဆီးရီးယားကို ဒီကနေ့ အစောပိုင်းမှာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်လိုက်ပါတယ်။

"အင်္ဂါနေ့က ဆီရီးယားသမ္မတ ဘရှားအယ်အာဆတ်က အပြစ်မရှိတဲ့ အရပ်သားတွေ အပေါ်မှာ ဆိုးရွားလှတဲ့ ဓါတုလက်နက်နဲ့ တိုက်ခိုက်မှုကိုလုပ်ခဲ့ပါတယ်။ ဒီကနေ့ညမှာတော့ အဲဒီဓါတုလက်နက်နဲ့ တိုက်ခိုက်ခဲ့မှုတွေကိုလုပ်ခဲ့တဲ့ ဆီးရီးယားနိုင်ငံက လေယာဉ်ကွင်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ဖို့ ကျနော်အမိန့်ပေးခဲ့ပါတယ်လို့ သမ္မတထရမ့်က ပြောသွားပါတယ်။

ဒါဟာ အမေရိကန်တပ်တွေဘက်က ဆီးရီးယားအစိုးရတပ်တွေကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဆီးရီးယားသမ္မတ ဘရှားအယ်အာဆတ်အစိုးရက အရပ်သားတွေအပေါ်မှာ ဓါတုလက်နက်နဲ့ တိုက်ခိုက်တာကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။ မြေထဲပင်လယ် အရှေ့ဘက်ပိုင်းမှာ တပ်ဖြန့်ထားတဲ့ အမေရိကန်ရေတပ်ရဲ့ ဖျက်သင်္ဘော USS Ross နဲ့ USS Porter တို့ကနေ သောကြာနေ့ မနက် ဒေသစံတော်ချိန် ၄ နာရီ ၄ မိနစ်မှာ Tomahawk တာဝေးပစ် ပဲ့ထိန်းဒုံးကျည် ၅၉ ခုကို ပစ်လွှတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်မှုဟာ ၃ မိနစ်ကနေ ၄ မိနစ်ကြား ကြာမြင့်ခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ ရုရှားနိုင်ငံကတော့ - အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး၊ ဒါဟာ အချုပ်အချာ အာဏာပိုင်တဲ့နိုင်ငံတခုကို ကျူးကျော်ရန်ပြုတာဖြစ်ကြောင်း၊ အမေရိကန် နဲ့ ရုရှား ဆီးရီးယားနိုင်ငံရဲ့ လေပိုင်နက်ထဲမှာ လေကြောင်းဘေးအန္တရာယ်ကင်းရှင်းစေဖို့ အတွက် ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာကိုလည်း ဆိုင်းငံ့ထားလိုက်တယ်လို့ ပြောလိုက်ပါတယ်။

ဆီးရီးယားအစိုးရက ဓါတုလက်နက်နဲ့ တိုက်ခိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်တပ်တွေက ဆီးရီးယားနိုင်ငံအနောက်ဘက်ခြမ်းက Shayrat လေယာဉ်ကွင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဆီးရီးယားအစိုးရဟာ သူပုန်တွေထိန်းချုပ်ထားတဲ့ မြို့ကို Sarin ဓါတုအဆိပ်ဓါတ်ငွေ့တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက မှတ်ယူနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG