သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump လူဝင်မှု ပိတ်ပင်ချက် ကမ္ဘာလှည့်ခရီးသွား ထိခိုက်


အမေရိကန်သမ္မတ Donald Trump ရဲ့ လူဝင်မှုကြီးကြပ်ရေး အမိန့်ထုတ်ပြန်ချက်ကြောင့် ခရီးသွားလုပ်ငန်းမှာ ထိခိုက်လာနိုင်တဲ့အတွက် စိုးရိမ်မှုတွေ ထွက်ပေါ်လာနေပါတယ်။ အစိုးရသစ်ရဲ့ မူဝါဒကြောင့် ဒေါ်လာသန်းပေါင်း သိန်း၊ သန်းချီ တန်ဘိုးရှိတဲ့ အမေရိကန် ပြည်ထောင်စုက ခရီးသွားလုပ်ငန်းတွေမှာ ရှေ့လာမယ့်လတွေအတွင်း ဘဏ္ဍာရေးအရ သိသိသာသာ ထိခိုက်လာနိုင်တဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Ramon Taylor ရဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ကိုအောင်လွင်ဦး က တင်ပြပေးမှာဖြစ်ပါတယ်။

အမေရိကန် ပြည်ဝင်ခွင့် ကန့်သတ်မယ့် သမ္မတ Donald Trump ရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒဟာ အငြင်းပွားစရာတွေနဲ့အတူ လတ်တလော ဆိုင်းငံ့ထားရပေမဲ့ - အမိန့်ထုတ်ပြန်လိုက်တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကမ္ဘာတဝန်းက ခရီးသွား လုပ်ငန်းတွေမှာ သိသိသာသာ ရိုက်ခတ်နေပါပြီ။ ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူ Henry Harteveldt ကတော့ အခုအချိန်မှာ အမေရိကန်ဟာ ခရီးသွားတွေကြား ရေပမ်းသိပ်မစားတဲ့ နေရာတခု ဖြစ်လာနေတယ်လို့ ပြောပါတယ်။

“နွေရာသီအားလပ်ရက်အတွက် ၃ လလောက်ကတည်းက လူတွေက ကြိုပြင်နေကြတာပါ။ ခရီးသွားဖို့ လေ့လာကြတဲ့အခါ ဆွဲဆောင်မှု သိပ်မရှိရတဲ့အထဲ ဒေါ်လာဈေးက အားကောင်းနေတာနဲ့ပါ ပေါင်းလိုက်တဲ့အခါ၊ အမေရိကန်ဟာ ခရီးသွားဖို့ကောင်းတဲ့ နေရာတခုအဖြစ် ဆွဲဆောင်မှုလည်း နည်းလာပါတယ်။”

ပြည်ဝင်ခွင့်ကန့်သတ်တဲ့အမိန့် ထုတ်ပြန်လိုက်တဲ့အချိန်ကစလို့ အမေရိကန်ကို ခရီးသွားဖို့ လေယာဉ်လက်မှတ် ကြိုတင်မှာယူထားသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က အလားတူ ကာလနဲ့ ယှဉ်မယ်ဆိုရင် ၆.၅% ကျဆင်းသွားကြောင်းလည်း ခရီးသွားလုပ်ငန်းတွေရဲ့ အချက်အလက်တွေကို မှတ်တမ်းပြုစုနေတဲ့ ForwardKeys ကုမ္ပဏီ ပြောပါတယ်။ ဝါရှင်တန်အခြေစိုက် ကမ္ဘာ့ခရီးသွား စီးပွားရေးလုပ်ငန်းရှင် အသင်းကတော့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေ ခရီးသွားလာရာမှာ သုံးစွဲတဲ့ နှစ်စဉ်ပမာဏရဲ့ ၁ ရာခိုင်နှုန်း လျော့ကျမယ် ဆိုရင်ပဲ၊ ပြည်တွင်းကုန်ထုတ်လုပ်မှုက သန်းပေါင်း ၅၀၀၀ လောက်နဲ့ အလုပ်အကိုင်ပေါင်း ၇၁,၀၀၀ လောက် ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ သမ္မတ Trump ကတော့ အမေရိကန်လေကြောင်းလုပ်ငန်းတွေက အမှုဆောင်အရာရှိတွေနဲ့ မကြာသေးခင်ကပဲ တွေ့ဆုံပြီး စိုးရိမ်မှုတွေ ပြေလျော့ဖို့ ကြိုးစားခဲ့တာပါ။

“ကျနော်တို့မှာ ခေတ်မမီတော့တဲ့ လေယာဉ်စနစ်တွေ၊ လေယာဉ်ကွင်းတွေ၊ ရထားတွေ ရှိနေပါတယ်။ လမ်းတွေကလည်း မကောင်းပါဘူး။ ဒါတွေအားလုံးကို ပြောင်းလဲပစ်မှာပါ။ ကျနော်နဲ့တွေ့ရင် ခင်ဗျားတို့အားလုံး စိတ်ချမ်းသာကြရမှာပါ။”

အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ရာက အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ပေမဲ့လည်း၊ လူဝင်မှုကြီးကြပ်ရေး အမိန့်ဟာ နည်းပညာလို ကဏ္ဍမျိုးက အလုပ်သမားတွေအတွက် ထိခိုက်နိုင်တယ်လို့ ဝါရှင်တန်အခြေစိုက် Cato Institute က ကုန်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ Dan Ikenson ကပြောပါတယ်။

“တားမြစ်ကန့်သတ်ချက်ရဲ့ ခြိမ်းခြောက်မှုဟာ စီးပွားရေးလောကနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် အရိပ်မိုးနေပါလိမ့်မယ်။ အမေရိကန်မှာ လုပ်ငန်းတွေလုပ်ဖို့ စဉ်းစားနေကြတဲ့ ကုမ္ပဏီတွေ၊ ပြည်ပမှာ လုပ်ငန်းခွဲတွေ ထူထောင်ချင်ကြတဲ့ အမေရိကန် လုပ်ငန်းတွေအနေနဲ့ အစီအစဉ်တွေကို ရွှေ့ဆိုင်းထားကြလိမ့်မယ်လို့လည်း ယူဆရပါတယ်။”

အမေရိကန်ကို အလည်အပတ်လာသူတွေကြား ရေပမ်းစားတဲ့ နယူးယောက်မြို့ရောက် အိန္ဒိယနိုင်ငံသူ Yuthicka Sirohi ကတော့ လွယ်လွယ်ကူကူ ခရီးသွားနိုင်တဲ့ နေရာမျိုးကိုပဲ သွားချင်တော့တယ်လို့ ဆိုပါတယ်။

(Yuthicka Sirohi - အိန္ဒိယနိုင်ငံသူ ကမ္ဘာလှည့်ခရီးသွား)

“နယူးယောက်နဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ လန်ဒန်ကိုသွားရတာ ပိုပြီးအဆင်ပြေပါလိမ့်မယ်။ လန်ဒန်မှာ ဒီလိုတားမြစ်ချက်မျိုး မရှိတာကြောင့် သွားရလာရလည်း လွယ်တယ်လေ။”

သူ့လိုပဲ နယူးယောက် Times Square ကိုရောက်လာတဲ့ ဥဇဘတ်နိုင်ငံသား ခရီးသွား Sergey Zusin ကတော့ တားမြစ်ချက်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်စရာမရှိဘူးလို့ ဆိုပါတယ်။

(Sergey Zusin - ဥဇဘက်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား)

“ရိုးရိုးသားသားပြောရရင်၊ ကျနော်ကတော့ သိပ်ဂရုမစိုက်ပါဘူး။ ခရီးသွားတယောက်အနေနဲ့ ကျနော့်အတွက်တော့ ဒီကိုလာရတာ အေးအေး ဆေးဆေးပါပဲ။”

သမ္မတအမိန့်ကို ပြည်ထောင်စု တရားသူကြီးတဦးက ဆိုင်းငံ့လိုက်ပြီးနောက် တရားရုံးမှာ အဆုံးအဖြတ်ခံယူရမယ့် အခြေအနေမျိုးနဲ့ ကြုံနေရချိန်မှာ ပဲ၊ အစိုးရသစ်ကတော့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားချက်အသစ်တွေကိုလည်း ထပ်မံထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG