သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် ပိုထိရောက်စွာ အရေးယူနိုင်ဖို့ ကန် ကြိုးပမ်း


အမေရိကန်ဒုသမ္မတ Mike Pence နဲ့ ဂျပန်ဒုဝန်ကြီးချုပ် Taro Aso နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်
အမေရိကန်ဒုသမ္မတ Mike Pence နဲ့ ဂျပန်ဒုဝန်ကြီးချုပ် Taro Aso နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်

ကိုရီးယားကျွန်းဆွယ်မှာ Nuclear လက်နက်ကင်းရှင်းသွားတဲ့အထိ အမေရိကန်က အားထုတ်လုပ်သွားမှာဖြစ်တယ်လို့ အမေရိကန်ဒုသမ္မတ Mike Pence က ဂျပန်နိုင်ငံမှာ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ Nuclear နဲ့ ပဲ့ထိန်းတပ် Missile ဒုံးအစီအစဉ်တွေကို စွန့်လွှတ်သွားတဲ့အထိ ဒေသတွင်းနိုင်ငံတွေက စီးပွားရေးနဲ့ သံတမန်ရေးဖိအားပေးနိုင်အောင် အမေရိကန်က ဆက်ပြီးကြိုးစားသွားမယ်လို့ ပြောခဲ့တာပါ။ မြောက်ကိုရီးယားအပေါ် စိတ်ရှည်သည်းခံတဲ့ မဟာဗြူဟာခေတ်ကုန်သွားပြီလို့ ပြောကြားခဲ့ပြီးနောက်တရက်မှာပဲ ဖိအားပေးတဲ့နည်း လမ်းနဲ့မြောက်ကိုရီးယားကိစ္စကို ကိုင်တွယ်မယ်လို့ အမေရိကန်ဒုသမ္မတက ပြောကြားခဲ့တာပါ။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

မြောက်ကိုရီးယားရဲ့ ရန်ကိုစိုးရိမ်နေတဲ့နိုင်ငံတခုဖြစ်တဲ့ ဂျပန်နိုင်ငံဆီကို အမေရိကန်ဒုတိယသမ္မတ Mike Pence အင်္ဂါနေ့ကရောက်လာပြီး ဂျပန်နိုင်ငံနဲ့အတူ အမေရိကန်က ၁၀၀% ရပ်တည်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂျပန်ပင်လယ်တဖက်က ရန်စမှုကိုရင်ဆိုင်နေရတဲ့အချိန်မှာ အမေရိကန်က ဂျပန်နဲ့အတူ အခုရော နောင်မှာပါ လက်တွဲကာကွယ်ပေးသွားမှာဖြစ်တယ်လို့ ကတိထပ်ပေးခဲ့တာပါ။ ၁၉၉၀ ပြည့်နှစ်ပိုင်းတွေထဲကစလို့ နိုင်ငံစုံပါဝင်တဲ့ ဆွေးနွေးပွဲတွေတခုပြီးတခုလုပ်ပြီး မြောက်ကိုရီးယား Nuclear အစီအစဉ်စွန့်လွှတ်ရေးကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့အတွက် စိတ်ရှည်သည်းခံတဲ့ မဟာဗြူဟာအဆုံးသပ်သွားပြီလို့ ဒုသမ္မတ Pence ကဂျပန်ဒုဝန်ကြီးချုပ်လည်းဖြစ်၊ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ Taro Aso နဲ့တေ့ွဆုံစဉ်မှာ ထပ်ပြီးပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ Nuclear လက်နက်အစီအစဉ် စွန့်လွှတ်ရေးအတွက် စီးပွားရေးနဲ့ သံတမန်ရေးဖိအားတွေပေးတဲ့ နည်းကိုသုံးသွားမယ်လို့ အမေရိကန်ဒုသမ္မတက ခုလိုပြောခဲ့ပါတယ်။

“မြောက်ကိုရီးယားက Nuclear နဲ့ပဲ့ထိန်းဒုံးအစီအစဉ်တွေကို မစွန့်လွှတ်မချင်း စီးပွားရေးနဲ့ သံတမန်ရေးအရဖိအားပေးဖို့အတွက် အမေရိကန်က ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံအပြင် ဒေသတွင်းက မဟာမိတ်နိုင်ငံတွေနဲ့အတူဆက်ပြီးကြိုးစားသွားမှာဖြစ်ပါတယ်။ တချိန်ထဲမှာ တခြားဖြေရှင်းနိုင်မယ့် နည်းလမ်းအားလုံးကိုလည်း ထည့်တွက်ထားပါတယ်။ ဒါပေမဲ့ ဂျပန်နဲ့ ဒေသတွင်းကအမေရိကန်မဟာမိတ်တွေနဲ့အတူ လက်တွဲအားထုတ်မှုကြောင့် ကမ္ဘာ့ဒီဖက်အခြမ်းက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကာကွယ်နိုင်မယ်။ Nuclear ကင်းရှင်းတဲ့ ကိုရီးယားကျွန်းဆွယ်ဖြစ်ရေးဆိုတဲ့ အားလုံးတူညီတဲ့ ရည်ရွယ်ချက်အတိုင်း အောင်မြင်မယ်ဆိုတာ သမ္မတ Trump ရော ကျွန်တော်ပါအခိုင်အမာ ယုံကြည်ထားပါတယ်။”

နျူကလီးယား စမ်းသပ်မှုတွေ၊ Missile ဒုံးစမ်းသပ်မှုတွေမလုပ်ဖို့ နိုင်ငံတကာက ပြောကြားနေတဲ့ကြားက မြောက်ကိုရီးယားရဲ့ အာခံတဲ့လုပ်ရပ်တွေ ပြောဆိုမှုတွေနဲ့ အမေရိကန်သမ္မတသစ်ရဲ့ ခပ်ပြတ်ပြတ်သဘောထားတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးအန္တရာယ်စိုးရိမ်မှုတွေမြင့်မားနေချိန်မှာ အမေရိကန်ဒုသမ္မတက သံတမန်ရေးနည်းလမ်းကို အရင်သုံးမယ်လို့ ပြောကြားခဲ့တာပါ။ မြောက်ကိုရီးယားဖက်က ပူးပေါင်းဆောင်ရွက်လာအောင် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကဆောင်ရွက်နိုင်မယ်လို့ သမ္မတ Donald Trump ကယုံကြည်ထားတယ်လို့လည်း ဒုသမ္မတက ခုလိုဆိုပါတယ်။

“နျူးကလီးယားအစီအစဉ်တွေ စွန့်လွှတ်ဖို့ မျိုးဆက်တဆက်ကျော်လောက် အောင်အောင်မြင်မြင်ရှောင်ရှားနေတဲ့ မြောက်ကိုရီးယားအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက သံတမန်ရေးနဲ့ စီးပွားရေး ဖိအား ၂ ခုလုံး သုံးရမယ့်အချိန်တန်ပြီလို့ အမေရိကန်ကယုံကြည်ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ Nuclear ကင်းရှင်းမသွားမချင်း ကျွန်တော်တို့အနေနဲ့ မနားမနေ အားထုတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်ခဲ့တဲ့ Kim Il-sung ရဲ့ ၁၀၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားမှာ ဒုံးလက်နက်တွေအပါအဝင် စစ်ရေးအင်အားပြပွဲကို စနေနေ့ကပဲကျင်းပခဲ့သလို Missile ဒုံးကျည်တခုပစ်လွှတ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒီဒုံးကျည်ဟာ တိုက်ချင်းပစ် ဒုံးကျည်တခုမဟုတ်ခဲ့ပေမဲ့ ခုလိုပစ်လွှတ်မှုဟာ တခုခုကို ရန်စလိုလို့ပစ်လွှတ်တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis က အရှေ့အလယ်ပိုင်းဒေသကိုအသွား အင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားပြဿနာကို ထိန်းနိုင်ဖို့ အမေရိကန်က တရုတ်နိုင်ငံနဲ့ အနီးကပ်ပူးပေါင်းကြိုးစားနေတယ်လို့လည်း သူကထပ်ပြောပါတယ်။

မြောက်ကိုရီးယားအတွက်အရေး အကြီးဆုံးမဟာမိတ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကလည်း ခုလိုမြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေကို စိတ်ရှည်တဲ့ပုံ မပေါ်တော့ပါဘူး။ ဒါကြောင့် မြောက်ကိုရီးယားအတွက် အရေးအကြီးဆုံးပို့ကုန်ဖြစ်တဲ့ ကျောက်မီးသွေး တင်သွင်းမှုကို တရုတ်နိုင်ငံက February လကုန်မှာ တားမြစ်ခဲ့ပါတယ်။ နောက်ထပ်ရန်စတဲ့လုပ်ရပ်တွေ လုပ်မယ်ဆိုရင် မြောက်ကိုရီးယားကို ရေနံတင်ပို့မှု ကန့်သတ်နိုင်တယ်လို့လည်း တရုတ်သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ အမေရိကန်အစိုးရကတော့ မြောက်ကိုရီးယားအပေါ် ပိုပြီးတင်းကြပ်တဲ့ စီးပွားရေးဒဏ်ခတ်မှုတွေလုပ်ဖို့ အာရုံစိုက်နေပုံရပါတယ်။ ရေနံတင်ပို့မှုပိတ်ဆို့ရေး၊ မြောက်ကိုရီးယားလေကြောင်းလိုင်း ပျံသန်းမှုကို နိုင်ငံတကာက တားမြစ်ရေး၊ မြောက်ကိုရီးယားကုန်တင်သင်္ဘောတွေကို ကြားဖြတ်တားဆီးရေး၊ မြောက်ကိုရီးယားအစိုးရနဲ့စီးပွားရေးလုပ်နေတဲ့ တရုတ်ဘဏ်တွေကို အရေးယူရေး စတဲ့ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ Trump အစိုးရက အာရုံစိုက်ဆောင်ရွက်နေတယ်လို့ Reuters သတင်းတခုမှာပြောထားပါတယ်။ စစ်ရေးနည်းထက် ပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့တဲ့နည်းကို သုံးမယ်လို့ အမေရိကန်ကပြောနေပေမဲ့ စစ်ရေးနည်းကိုလည်း ထည့်စဉ်းစားထား တယ်လို့ဆိုထားတာကြောင့် အမေရိကန်ကလက်ဦးမှုယူတိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်သွားမယ်လို့ မြောက်ကိုရီးယားက တနင်္လာနေ့ကပဲ တုံ့ပြန်ထားပါတယ်။ အမေရိကန်နဲ့ ဆွေးနွေးနေတဲ့ တရုတ်နိုင်ငံကတော့ အမေရိကန်အနေနဲ့ နိုင်ငံရေးနည်းနဲ့သံတမန်ရေးနည်းနဲ့အဖြေရှာတာကို ပထမဦးစားပေးအဖြစ်ထားတယ်လို့ယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကအင်္ဂါနေ့ကပဲ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG