သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးပါတီ ဘယ်နိုင်ငံရေးလမ်းစဉ်နဲ့ ဆက်သွားမှာလဲ


ပြည်ခိုင်ဖြိုးပါတီ ၂၀၁၆ခုနှစ် ညီလာခံ နေပြည်တော်မှာ ကျင်းပနေစဉ်
ပြည်ခိုင်ဖြိုးပါတီ ၂၀၁၆ခုနှစ် ညီလာခံ နေပြည်တော်မှာ ကျင်းပနေစဉ်

၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီး ပါတီခေါင်းဆောင်ပိုင်းကိုပါ အပြောင်းအလဲ လုပ်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ အခုရက်ပိုင်းအတွင်း နိုင်ငံရေး လှုပ်ရှားမှုတွေ ခပ်စိပ်စိပ် လုပ်လာတာ တွေ့မြင်ကြရပါတယ်။ ပါတီ အစည်းအဝေးတွေ ကျင်းပတာ၊ ပါတီဥက္ကဌ ဦးသန်းဌေး နယ်မြို့တွေကို လှည့်လည်တာ၊ ပါတီက ဦးဆောင်ပြီး နိုင်ငံတော် လုံခြုံရေးနဲ့ တရးဥပဒေ စိုးမိုးရေး လို ခေါင်းစဉ်တွေနဲ့ ဆွေးနွေးပွဲတွေ ကျင်းပတာ၊ မိတ်ဖက် ပါတီတချို့ကို ဖိတ်ခေါ်ပြီး ဆွေးနွေးပွဲတွေလုပ်၊ ကြေငြာချက်တွေ ထုတ်တာ၊ ပါတီဥက္ကဌဟောင်းလည်းဖြစ် သမ္မတ ဟောင်းလည်းဖြစ်တဲ့ ဦးသိန်းစိန်ကို ဂုဏ်ပြုပွဲတွေ လုပ်ပေးတာ စတာတွေ ဖြစ်ပါတယ်။ ပါတီဥက္ကဌသစ် ဦးသန်းဌေး လက်ထက်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ နိုင်ငံရေး ခံယူချက်တွေက ဘာတွေဖြစ်မလဲ၊ ဘယ်လိုနည်းနဲ့ ပြည်သူတွေကို စည်းရုံးဆွဲဆောင်မှာလဲ၊ ပြည်ခိုင်ဖြိုးပါတီဟာ ပြည်သူထောက်ခံမှုရတဲ့ အင်အားကြီးပါတီ ပုံစံရော ဖြစ်လာနိုင်မလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ ဖွင့်ပွဲမှာ ပါတီဥက္ကဌ ဦးသန်းဌေး ပြောခဲ့တဲ့ အဖွင့်မိန့်ခွန်း အတော်လေးကို ရေပန်းစားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ ဦးသန်းဌေးက "အခြေခံဥပဒေရဲ့ အနှစ်သာရဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့များ အပြန်အလှန် ထိန်းကျောင်းမှု ယိမ်းယိုင်လာခြင်း၊ ဒီလိုယိမ်းယိုင်လာတဲ့အတွက် ဒီမိုကရေစီ အာဏာရှင်ပုံစံကို ဦးတည်လာပြီး တရားဥပဒေစိုးမိုးရေး အားနည်းလာခြင်းတို့အပြင် နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို များစွာအထောက် အကူပြုတဲ့ ဥပဒေအချို့ကို ဖျက်သိမ်းခဲ့ပြီး ဒီဖျက်သိမ်းမှုကတဆင့် နိုင်ငံံအနှံ့ တောရောမြို့ပါ မျက်နှာစိမ်းများ အလွယ်တကူ အလျင်အမြန် အများအပြားရောက်ရှိ ခြေကုပ်လာကြတာတွေကို စိုးရိမ်ဖွယ်ရာ တွေ့ရှိလာရပြီဖြစ် ပါတယ်"ဆိုပြီး ပြောခဲ့ပါတယ်။

ဒါ့အပြင် အာဏာရ အင်န်အယ်လ်ဒီ အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုပြီး အငြင်းပွားခဲ့ရတယ် ဆိုတဲ့အကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အသက်ဝင်မလာပဲ အဖွဲ့အစည်း အသစ်တွေနဲ့ ဖန်တီး အစားထိုးခဲ့တဲ့အကြောင်း၊ လူ့အခွင့်အရေးကို ရှေ့တန်းတင်လွန်းတဲ့အတွက် နိုင်ငံသား အခွင့်အရေးတွေ၊ နိုင်ငံတော် အခွင့်အရေးတွေ အကြီးအကျယ် ဆုံးရှုံးလာနေတယ် ဆိုတဲ့အကြောင်း၊ ခုဆိုရင် ဘင်္ဂလီ အရေးဟာ နိုင်ငံတကာ အရေးအဖြစ် ပုံဖော်ခံနေရပြီ ဖြစ်တဲ့အကြောင်း၊ ရခိုင်ဒေသမှာ Human Rights ဆိုတာကို တွင်တွင်ကျယ်ကျယ် ပြောခြင်းဟာ National Rights ကျဆုံးခန်းကို တွေ့ရမှာ ဖြစ်တဲ့အကြောင်း စသဖြင့် ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပါတယ်။

အလားတူ ဇန်နဝါရီ ၂၄ ရက်နေ့က မိတ်ဖက် ပါတီတစ်ချို့နဲ့ တွေ့ဆုံဆွေးနွေးပြီး သဘောထား ကြေငြာချက် တစ်ရပ် ထုတ်ပြန်ရာမှာလည်း နိုင်ငံရဲ့ လုံခြုံရေးဟာ စိုးရိမ်စရာ ဖြစ်လာနေတယ်၊ ပြည်သူတွေ စီးပွားရေး ပိုပြီး ကြပ်တည်းလာနေတယ်၊ အနောက်တံခါးကနေ ဝင်ရောက်လာမယ့် နိုင်ငံသား မဟုတ်တဲ့သူ အများအပြား ပြန်လည် လက်ခံမယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတယ်၊ ရခိုင်ပြည်နယ် ပြသနာအတွက် အကြံပေးကော်မရှင် ဖွဲ့စည်းခဲ့ရာမှာလည်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ညှိနှိုင်းတိုင်ပင်ခဲ့ခြင်း မရှိဘူး၊ အလားတူ ဝန်ကြီးအဆင့်ရှိတဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ကိုလည်း အစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ခန့်ခဲ့တယ်၊ လက်ရှိ နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ရင် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကပဲ ကိုင်တွယ်ဖြေရှင်းသင့်တယ်၊ ဒါကြောင့် အင်န်အယ်လ်ဒီ အစိုးရ အနေနဲ့ အခု ဖော်ပြချက်တွေကို ပြန်ပြီး ရှင်းလင်းပေးပါ ဆိုပြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးသန်းဌေးရဲ့ မိန့်ခွန်းပါ ဖော်ပြချက်တွေ၊ မိတ်ဖက်ပါတီတွေနဲ့ စုပေါင်းပြီး ထုတ်ပြန်တဲ့ သဘောထားကြေငြာချက်တွေကို ကြည့်ရင် ပြည်ခိုင်ဖြိုးပါတီဟာ အမျိုးသားရေးဝါဒ ကိုပဲ စွဲကိုင်မယ် ဆိုတဲ့ အနေအထား၊ တပ်မတော်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု ပိုခိုင်မာအောင်၊ ပိုများအောင် လှုံ့ဆော်မယ့် အနေအထားမျိုး တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပြောရရင် ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဖြေရှင်းပေးဖို့၊ ပြည်သူလူထု မျှော်လင့်ချက်တွေကို အကောင်အထည် ဖော်ပေးဖို့ အတွက် ပြည်သူကို စည်းရုံးဆွဲဆောင်၊ မဲရအောင် ကြိုးစားမယ့် အစား အမျိုးသားရေး လှုံ့ဆော်ပြီး အင်န်အယ်လ်ဒီ ပါတီကို ပြည်သူတွေ ဆန့်ကျင်လာအောင် လုပ်မယ် ဆိုတဲ့ အနေအထားမျိုးလောက်ပဲ တွေ့မြင်နေရတယ် ဆိုရင် မမှားပါဘူး။

ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ပေးဖို့ တောင်းဆိုတာကလည်း ဒါ ပထမဦးဆုံးအကြိမ် မဟုတ်ပါဘူး။ အခုတစ်ကြိမ်မှာတော့ ပြည်ခိုင်ဖြိုးပါတီ သက်သက်ပဲ တောင်းဆိုတာမျိုးမဟုတ်ပဲ မိတ်ဖက် ပါတီတွေကပါ တောင်းဆိုတဲ့ သဘောမျိုး ဖြစ်အောင် ကြိုးစားလာတာ တွေ့ရပါတယ်။ ဒါပေမယ့် ခက်တာက ပြည်ခိုင်ဖြိုးရဲ့ မိတ်ဖက် ပါတီတွေဆိုတာကလည်း အားလုံးနီးပါးဟာ ရွေးကောက်ပွဲမှာ အမတ်တစ်ယောက်မှ အရွေးမခံရတဲ့၊ ပြည်သူလူထု ထောက်ခံမှု လုံး၀ မရှိတဲ့ ပါတီတွေချည်း ဖြစ်နေတာပါ။

တကယ်တော့ ပါတီတစ်ခု အာဏာရဖို့ ဆိုရင် အဲဒီပါတီကို ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲထည့်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် အဲဒီပါတီရဲ့ အဓိက မဟာဗျူဟာ ဟာ ပြည်သူတွေဆီက မဲရဖို့၊ ပြည်သူတွေကို အစွမ်းကုန် စည်းရုံးဖို့ ဖြစ်ပါလိမ့်မယ်။ ပြည်ခိုင်ဖြိုးပါတီကတော့ အဲလို မစဉ်းစားပဲ အမျိုးသားရေး စကားတွေ ပြောရင်း ကာလုံခေါ်ပေးဖို့ပဲ ထပ်ကာထပ်ကာ ပြောနေတာ ဘယ်လို အကြောင်းကြောင့်လဲ စဉ်းစားစရာ ရှိလာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီဟာ ပြည်ထောင်စု အဆင့် အတွက် အမတ်နေရာ ၅၈၀ ဝင်ပြိုင်ပါတယ်။ အဲဒီထဲကမှ ၄၁ ယောက်ပဲ အနိုင်ရပါတယ်။ ၇ ရာခိုင်နှုန်းလောက်ပဲ အနိုင်ရတဲ့ သဘောပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဆိုရင်လည်း အင်န်အယ်လ်ဒီ နဲ့ ပြိုင်သမျှ နေရာတိုင်းမှာ ရာခိုင်နှုန်းပြည့် ရှုံးပါတယ်။ ဒီအတွက် ရှေ့လာမယ့် ရွေးကောက်ပွဲတွေမှာ ပြည်သူတွေက ပြည်ခိုင်ဖြိုးပါတီကို မဲပေးပါ့မလား၊ အမတ်နေရာ အသင့်အတင့်လောက်တောင် လွှတ်တော်ထဲ ရောက်ပါ့မလား စိုးရိမ်စရာ အများကြီးရှိပါတယ်။ ဒီလို အခြေအနေအောက်မှာ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ တိုင်းပြည်အာဏာ တစ်ချို့ တစ်ဝက်ရလာဖို့ ဆိုတာဟာ တပ်မတော်က တိုင်းပြည်ကို ပြန်အုပ်ချုပ်မှ တစ်နည်းအားဖြင့် စစ်အာဏာရှင်စနစ် ပြန်ကျင့်သုံးမှ ဖြစ်မယ့်သဘော တွေးတောမိတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီအတွက် ကာလုံ အစည်းအဝေး ခေါ်ဖို့ အကြိမ်ကြိမ် တောင်းဆိုတာလည်း ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဟောင်းနဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကို ERIA က ချီးမြှင့်တဲ့ အာရှကော်စမိုပိုလီတန် ဆု ရတဲ့အတွက် သူ့ရဲ့ပါတီက ဂုဏ်ပြုပွဲ လုပ်ပေးပါတယ်။ အဲဒီပွဲမှာ ပါတီဥက္ကဌဟောင်း ဦးသိန်းစိန်က တိုင်းပြည်တည်ဆောက်ရေးမှာ ထဲထဲဝင်ဝင် တည်ဆောက်ချင်ရင် အစိုးရဖွဲ့နိုင်ဖို့ လိုတယ်၊ အစိုးရဖွဲ့နိုင်ဖို့ လွှတ်တော်ထဲကို အမတ်တွေ များများရောက်ဖို့လိုတယ်၊ လွှတ်တော်ထဲ အမတ်တွေ များများရောက်ဖို့ ရွေးကောက်ပွဲမှာနိုင်ဖို့ လိုတယ်၊ ဒါကြောင့် ပါတီအနေနဲ့ ရွေးကောက်ပွဲတွေမှာ အနိုင်ရအောင် မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ ကြိုးစားကြပါ ဆိုပြီးတိုက်တွန်းပါတယ်။ မှန်ပါတယ်။ ဒီအတွက် ပြည်ခိုင်ဖြိုးပါတီရဲ့ လက်ရှိခေါင်းဆောင်တွေ အနေနဲ့ တိုင်းပြည်ကို အကျိုးဖြစ်ထွန်းစေမှာ မဟုတ်တဲ့ အမျိုးသားရေး အလံကိုင်စွဲတာ၊ ကာလုံခေါ်ပေးဖို့ တောင်းဆိုတာမျိုး လုပ်မနေပဲ သမ္မတဟောင်း၊ ပါတီဥက္ကဌဟောင်း ဦးသိန်းစိန် တိုက်တွန်းသလို၊ ရွေးကောက်ပွဲ အနိုင်ရဖို့ ပြည်သူလူထုကို နည်းမှန်လမ်းမှန်နဲ့ စည်းရုံးသင့်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG