သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Vaclav Havel ဆု မြန်မာနိုင်ငံက မသီတာ ချီးမြှင့်ခံရ


(Credit: Vaclav Havel Library Foundation)
(Credit: Vaclav Havel Library Foundation)

ချက်သမ္မတနိုင်ငံရဲ့ သမ္မတဟောင်းလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ Vaclav Havel ရဲ့ လူ့အခွင့်အရေးအတွက် ရပ်တည်လုပ်ဆောင်ခဲ့မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ Vaclav Havel Library Foundation က ချီးမြှင့်တဲ့ Disturbing the Peace ဆိုတဲ့ ဆုကို မြန်မာနိုင်ငံက စာရေးဆရာမ မသီတာကို ရွေးချယ် ပေးအပ်လိုက်ပါတယ်။ Vaclav Havel ရဲ့ စာရေးဆရာ တယောက်တင်သာမကပဲ လူ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ ရပ်တည် လုပ်ဆောင်ခဲ့မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို အခုနှစ်ကစပြီး ပေးအပ်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

Vaclav Havel အသက် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ အခုနှစ် ၂၀၁၆ ခုနှစ်ကစပြီး ထမဆုံးအကြိမ် ပေးအပ်တဲ့ ဒီဆုဟာ Vaclav Havel လိုပဲ လူ့အခွင့်အရေးအတွက် ကိုယ်ကျိုးစွန့်၊ အနစ်ခံပြီး စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သူ စာရေးဆရာတွေကို ရွေးချယ် ပေးအပ်တာဖြစ်ပါတယ်။ နှစ်စဉ် ပေးအပ်ဖို့ စီစဉ်ထားတဲ့ ဒီဆုကို မြန်မာနိုင်ငံက စာရေးဆရာမ မသီတာက ပထမဆုံးအကြိမ် ရရှိတာလည်း ဖြစ်ပါတယ်။

“ဒါကတော့ ချက်သမ္မတဟောင်းဖြစ်တဲ့ Vaclav Havel ရဲ့ပေါ့နော် သူ့ကို အထိမ်းအမှတ်လုပ်ထားတဲ့ Library Foundation က ပေးတဲ့ဆုပေါ့။ သူ့ရဲ့ တန်ဖိုးတွေဖြစ်တဲ့ပေ့ါနော် စာရေးဆရာတယောက် ဖြစ်ရုံတင်မကဘူး။ အားလုံး မတူညီတဲ့ ရှုထောင့်နဲ့ ရပ်တည်နေကြသူတွေအားလုံးကို စုစည်းပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုမျိုးဖြစ်အောင် တကယ့် လူ့အခွင့်အရေးတွေကို တန်ဖိုးထားတတ်တဲ့ အခြေအနေတခုဖြစ်အောင် လူ့အဖွဲ့အစည်းကြီးကို ပြောင်းလဲအောင် အားထုတ်တဲ့ တန်ဖိုးတွေကို ဆက်ပြီးတော့ သယ်ဆောင်နိုင်တယ်လု့ိ ယူဆတဲ့ စာရေးဆရာတယောက်ကို ပေးတာပေါ့။ အဲဒီသဘောနဲ့ ပေးတဲ့ဆုဖြစ်ပါတယ်။ ကျမက ပထမဦးဆုံး လက်ခံရရှိသူဖြစ်ပါတယ်။ ဒီနှစ်မှ စ ပေးတာပါ။”

မေး - ဒီဆုထဲမှာရော ဘာတွေများ ပါပါသလဲခင်ဗျ။ ဆိုလိုချင်တာကတော့ ငွေရေး၊ ကြေးရေး အားဖြင့်လား ဘယ်လောက်ပါသလဲ ဒါမှမဟုတ် တခြားရော ဘာတွေပါပါသေးလဲ။

ဖြေ - “ကြေညာချက်အရကတော့ အမေရိကန်ဒေါ်လာ ၅ ထောင်ပါတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကျမလည်း အခုမှ ဆု သွားယူရမှာဆိုတော့ ဘာတွေ ပါသေးလဲတော့ မသိသေးပါဘူး။”

မေး - မသီတာက ပထမဆုံးတယောက်ဆိုတော့လည်း ပြောရတာတော့လည်း ခက်မှာပေါ့လေ။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကိုရော အမ သိပါသလား၊ ဘယ်လိုရွေးတယ်ဆိုတာ စောစောက ဘာကြောင့်ပေးတယ်ဆိုတာတော့ ဟုတ်ပါပြီပေါ့နော်။ ဒါပေမဲ့ သူတို့ ဘယ်လို ရွေးချယ်ကြသလဲ။

ဖြေ - “ကျမသိသလောက်ကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လုပ်နေတဲ့ အဖွဲ့အကြီးကြီးတွေပေါ့ Amnesty International, Human Rights Watch တို့ စသဖြင့် အဲဒီအဖွဲ့ကြီးတွေကနေပြီးတော့မှ နာမည်တွေလိုက်ပြီးတော့ အမည်တင်သွင်းဖို့ကို တောင်းတယ်လို့ ပြောပါတယ်။ ပြီးတော့မှ အဲဒီက ဂျူဒီ ၃ ယောက်ကနေ စာရင်းအတိုလေး ပြန်ထုတ်တယ်ပေါ့နော်။ အဲဒီထဲကနေမှ တယောက်ကို ရွေးတယ်ပေါ့နော်။ အဲ့လိုပြောပါတယ်။”

မေး - မသီတာအနေနဲ့ အခု ဒီဆုကို လက်ခံရရှိတဲ့အတွက် ဘယ်လိုများ ခံစားရပါသလဲခင်ဗျ။

ဖြေ - “ကျမကတော့ အထူးသဖြင့်ပေါ့နော် မထင်မှတ်ထားတဲ့ ဆုလည်းဖြစ်တယ်။ အထူးသဖြင့်တော့ သမ္မတ Vaclav Havel ကို သမ္မတတဦးအနေနဲ့ မဟုတ်ဘဲ ပြဇာတ်ရေးဆရာအနေနဲ့ ကျမ အင်မတန် သဘောကျခဲ့ရတယ်။ သူ့ပြဇာတ်တပုဒ်ရဲ့ အပိုင်းအစကိုလည်း ဘာသာပြန်ခဲ့ဖူးပါတယ်။ သူ့ကို လူချင်း ခဏတာတော့ ၂၀၀၇ မှာ တွေ့ခဲ့ဖူးတယ်။ ဒါပေမဲ့ လူချင်းသိတာမဟုတ်ဘဲနဲ့ သာမန် ပရိသတ်ထဲက တယောက်အနေနဲ့ပဲ သူ့ကို တွေ့ခဲ့ ဆုံခဲ့ဖူးတာဖြစ်တယ်။ သူ့ကို အင်မတန်လေးစားတဲ့အပြင် သူက သူ့ကို အမည်တင်သွင်းတဲ့ နိုဘဲလ်ဆုကို ကျမတို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး အမည်တင်သွင်းပေးလိုက်သူအဖြစ်နဲ့လည်း အမှတ်တရ ရှိနေတော့ သူ့အထိမ်းအမှတ် သူ့ရဲ့တန်ဖိုးတွေကို ဆက်ခံသူအနေနဲ့ ရွေးချယ်ခံရတဲ့အပေါ်မှာတော့ ဝမ်းသာမိပါတယ်။”

မသီတာကို ဒီဆုပေးအပ်ဖို့ ရွေးချယ်လိုက်တဲ့အတွက် သူ့အနေနဲ့ ဝမ်းသာမိကြောင်း Vaclav Havel Library Foundation ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Pavla Niklova က ဗွီအိုအေကို အခုလို ပြောပါတယ်။

“မသီတာကို ပထမဆုံးအကြိမ် ဆုပေးပွဲမှာ ရွေးချယ်လိုက်တဲ့အတွက် ကျမအနေနဲ့ ပုဂ္ဂိုလ်ရေးအရ အရမ်းကို ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။ ဒီဆုကို ချီးမြှင့်လိုက်တဲ့အတွက် တခြားသူတွေအနေနဲ့ လူ့အခွင့်အရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားကြလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။”

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေမှာ ကျင်းပတဲ့ ဆုပေးပွဲ အခမ်းအနားကို ချက်သမ္မတနိုင်ငံ Prague မြို့တော်ဝန် တက်ရောက်မှာဖြစ်ပြီး၊ အင်္ဂလန်နိုင်ငံ Oxford တက္ကသိုလ်က ပါမောက္ခ Timothy Garton Ash က မသီတာကို ဆုချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။

စာရေးဆရာ၊ ပြဇာတ်ရေးဆရာ၊ အတွေးအခေါ် ပညာရှင်၊ အတိုက်အခံ နိုင်ငံရေးသမား၊ ဝါရင့် နိုင်ငံရေးသမား တဦးဖြစ်ခဲ့တဲ့ Vaclav Havel ဟာ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံ ကွန်မြူနစ်ပါတီ အာဏာရှင်စနစ်အောက်က လွတ်မြောက်အောင် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူတဦး ဖြစ်ပါတယ်။

သူဟာ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံရဲ့ နောက်ဆုံးသမ္မတအဖြစ် ၁၉၈၉ ခုနှစ်ကနေ ၁၉၉၂ ခုနှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံ၊ ချက်သမ္မတနိုင်ငံနဲ့ ဆလိုဗက်ကီးယားနိုင်ငံဆိုပြီး ၂ ခြမ်း ကွဲသွားပြီးတဲ့နောက် ချက်သမ္မတနိုင်ငံရဲ့ ပထမဆုံး သမ္မတအဖြစ် ၁၉၉၃ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံဘဝက နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရစဉ် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရဖို့အတွက် ဦးဆောင် အဆိုတင်သွင်းခဲ့သူဖြစ်ပြီး၊ မြန်မာ့ ဒီမိုကရေစီအရေးကိုလည်း တစိုက်မတ်မတ် အားပေး ကူညီခဲ့သူတဦး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG