သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလိပ်ကျွန်းအမှု အယူခံတင်သွင်းရက် ကျော်လွန်


လူသတ်မှုနဲ့ သေဒဏ် ချမှတ်ထားတဲ့ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းလူငယ်နှစ်ဦး။
လူသတ်မှုနဲ့ သေဒဏ် ချမှတ်ထားတဲ့ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းလူငယ်နှစ်ဦး။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလူငယ်နှစ်ဦးကို လူသတ်မှုနဲ့ သေဒဏ် ချမှတ်ထားတဲ့ အမှုမှာ အယူခံချေပခွင့်ပေးထားတဲ့ သတ်မှတ်ရက် ကိုကျော်လွန်သွားပြီဖြစ်ပါတယ်။ တရားခံ အကျိုးဆောင်ရှေ့နေတွေက တရားလိုဘက်က အားနည်းချက်တွေ ကို ထောက်ပြပြီး အယူခံလွှာတင်ခဲ့တာကို ကိုးကြိမ်မြောက် စစ်ဆေးခဲ့ပြီး အစိုးရရှေ့နေတွေဘက်က ချေပခွင့်ကို ခိုင်လုံတဲ့တင်ပြချက်မျိုး တင်ပြနိုင်ခြင်း မရှိခဲ့ပါဘူး။ အသေးစိတ် ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာ သတင်းပေးပို့ထားပါတယ်။

လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမား၂ဦး ကို သေဒဏ်ပေး လိုက်ပြီးတဲ့နောက်မှာတော့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေတွေ က အယူခံ တရားရုံးမှာ စာမျက်နှာ ၁၉၈မျက်နှာပါတဲ့ အယူခံဖြေရှင်းချက်တွေနဲ့ တရားလိုဘက်ကအားနည်းချက်တွေကို တင်ပြထားတာပါ။

ဒီအတွက် အယူခံတရားရုံးကနေ အစိုးရရှေ့နေတွေဘက်ကို ပြန်လည်မေးခွန်းထုတ်ခဲ့ တာကြောင့် အစိုးရရှေ့နေတွေဘက်က ချေပချက်တွေပို့ခဲ့တာဟာ အခုဆိုရင် ၉ကြိမ် ရှိခဲ့ပါပြီ။ ဒါပေမဲ့ကျေနပ်လောက်တဲ့ချေပချက်တွေ မရတဲ့အတွက် အယူခံတရားရုံး ကနေ နိုဝင်ဘာလ ၁၀ရက်နေ့ ကိုနောက်ဆုံးထားချေပခွင့်ပေးဖို့ ဆုံးဖြတ်ထားပေမဲ့ အစိုးရရှေ့နေတွေဘက်က နောက်ဆုံးအချိန်ထိ တင်ပြနိုင်ခြင်း မရှိခဲ့ဘူးဆိုပြီး တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေဦးအောင်မျိုးသန့်ကပြောပါတယ်။

" ရုံးအချိန်ဖြစ်တဲ့ ညနေ ငါးနာရီအထိမှာ ထိုင်းအစိုးရရှေ့နေဘက်က နောက်ဆုံး အယူခံနဲ့ပတ်သက်တဲ့ လျှောက်လဲချက် သူတို့ဘက်က တင်ရမယ့်ကိစ္စကို မတင်နိုင်ခဲ့ဘူး။"

အခုလိုမျိုး အစိုးရရှေ့နေတွေဘက်ကနေ အယူခံတရားရုံး ရဲ့သတ်မှတ်ရက် မှာ ချေပချက်တွေ မတင်ပြနိုင်တဲ့အတွက် အယူခံတရားရုံးအနေနဲ့ ဘယ်လိုရှေ့ဆက်ဆောင်ရွက်နေပါသလဲလို့ မေးတဲ့ အခါမှာတော့ ရှေ့နေဦးအောင်မျိုးသန့်ကအခုလိုပြောပါတယ်။

" မတင်နိုင်တဲ့အခါကျတော့ တရားသူကြီးအနေနဲ့က တရားရုံးရဲ့ အခြားနေရာတွေမှာ အစိုးရရှေ့နေတွေနဲ့ တင်ခဲ့တာရှိသလားဆိုတာကို ဒီနေ့စစ်ဆေးမယ်တဲ့ တကယ်လို့ မရှိဘူးဆိုရင် အယူခံတရားရုံးအနေနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ အမှတ်(၈) အစိုးရရှေ့နေရုံးကို အကြောင်းကြားပြီးတော့ ရှေ့အပတ် ထဲမှာ လျှောက်လဲချက် တင်ဖို့အတွက်ကိုပေါ့ အသိပေးအကြောင်းကြားမယ်ဆိုတာ အကြောင်းကြား လိုက်ပါတယ်။ အဆင့်မြင့်တရားရုံးတွေက မှန်ကန်တိကျစွာ ဆုံးဖြတ်တတ်တယ် အဲ့ဒီ့အခါမှာ တရားရုံးမှာ တဘက်ဘက်က လိုအပ်တာမျိုး အမိန့်မချချင်ဘူး။ သူတို့ကြိုက်တဲ့ အမိန့်ချမှာပဲ ဒါပေမဲ့ အကုန်လုံး ပြည့်စုံစေချင်တယ်ပေါ့ တို့ဘက်ကရော အစိုးရရှေ့နေဘက်ကရော စာရွက်စာတမ်းတွေ ပြည့်စုံစေချင် တယ်ဆိုတဲ့သဘောမျိုးပဲ "

ပြီခဲ့တဲ့ ၂၀၁၆ မေလ၂၃ရက်နေ့တုန်းကတော့ တရားခံအကျိုးဆာင်ရှေ့နေတွေရဲ့ အယူခံ တင်ပြတဲ့ စာရွက်စာတမ်းတွေကို အယူခံတရားရုံးကလက်ခံခဲ့တာပါ။ ဒီနောက်မှာတော့ ခိုင်လုံတဲ့အချက်တွေရဖို့ အတွက် ပြန်လည်ချေပနိုင်ဖို့အရေး အစိုးရရှေ့နေတွေကို အပြန်အလှန်မေးခွန်းထုတ်ပြီး အချက်အလက်တောင်းခံနေတာ ၉ကြိမ်ရှိ သွားပြီ ဖြစ်သလို အယူခံတရားရုံးကချေပ ခွင့် အခွင့်ရေး ပေးတဲ့ နောက်ဆုံးရက်လည်းကျော်လွန်သွားပြီဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ဝန်ခံပြောဆို ခဲ့ပေမဲ့ နောက်ပိုင်း မှာတော့ နှိပ်စက် မှုတွေကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။

၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ လူသတ်မှုနဲ့ တရားစွဲဆို ခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး ကောစမွေတရားရုံးကနေ အမူ ၇မူနဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ်သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG