သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားနဲ့တွေ့မယ့် ဗီယက်နမ် အရပ်ဘက်အဖွဲ့စည်းဝင်တချို့ တားမြစ်ခံရ


ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ပြောကြားခဲ့တဲ့ သမ္မတအိုဘားမားရဲ့ မိန့်ခွန်း

အင်္ဂါနေ့က ဗီယက်နမ်နိုင်ငံမှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ တွေ့ဆုံပြီး လူ့အခွင့်အရေးနဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးကြမယ့် အစီအစဉ်ငယ်လေးတခုမှာ တက်ရောက်ကြမယ့် ဗီယက်နမ် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ထင်ရှားတဲ့ပုဂ္ဂိုလ် အနည်းဆုံး ၂ ဦး လောက် တားမြစ်ခံခဲ့ရပါတယ်။

သတင်းထောက်ဘဝကနေ ဘလော့ဂါတဦး ဖြစ်လာတဲ့ တက်ကြွလှုပ်ရှားသူ Doan Trang ကတော့ - ဟနွိုင်းမြို့မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ ဖိတ်ကြားချက်အရ သမ္မတ အိုဘားမားနဲ့တွေ့ဖို့ ဆိုင်ဂုံမြို့ကနေအလာ လမ်းခုလပ်မှာရှိတဲ့ Ninh Binh ဒေသက အဆောင်တခုမှာ တရက်တာ ထိန်းသိမ်းခံခဲ့ရတယ်လို့ ပြောပါတယ်။

ဗီယက်နမ်မှာ ဒီမိုကရေစီမဆန်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး Facebook လူမှုကွန်ယက်အင်တာနက်မှာ ရေးသား တင်ပြချက်ကြောင့် သူ့ကို ထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက သူ့ကို ပြောဆိုကြောင်းလည်း Doan Trang က ဗွီအိုအေကို ပြောပါတယ်။ သမ္မတ အိုဘားမားနဲ့ မတွေ့နိုင်အောင် တားဆီးတာ မဟုတ်ဘူးလို့ အာဏာပိုင်တွေက ပြောဆိုပေမဲ့လည်း ဘာအကြောင်းနဲ့ လုပ်ခဲ့သလဲဆိုတာကို ဘယ်သူမဆို သိနိုင်ပါတယ်လို့လည်း ပြောဆိုခဲ့တာပါ။

အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ မမှန်ကန်ကြောင်းနဲ့ သံတမန်ရေးအရ မလုပ်သင့်တဲ့အကြောင်း Doan Trang က ပြောဆိုရာမှာတော့ - မကျေနပ်ရင် တရားစွဲနိုင်တဲ့အကြောင်းနဲ့ သမ္မတ အိုဘားမားရဲ့ တရားဝင် အစီအစဉ်ထဲမှာ တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ် မရှိတဲ့အတွက် သူပြောတာတွေဟာ လိမ်နေတာလို့လည်း အာဏာပိုင်တွေက သူ့ကိုပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

ဖိတ်ကြားခံရပြီး မတက်ရောက်နိုင်သူ နောက်တဦးဖြစ်တဲ့ ဒေါက်တာ Nguyen Quang A ကလည်း - သမ္မတ အိုဘားမားရဲ့ ဗီယက်နမ်ခရီးစဉ် နောက်ဆုံးဖြစ်တဲ့ - ဟိုချီမင်းမြို့တော်ကို ထွက်ခွာသွားတဲ့အထိ - သူ့ကို ကားတစင်းနဲ့တင်ပြီး ဟနွိုင်းမြို့ပြင် ခေါ်သွားခံခဲ့ရတယ်လို့ ပြောပါတယ်။

သမ္မတ အိုဘားမားဟာ သူ့ရဲ့ ဗီယက်နမ်နိုင်ငံ ခရီးစဉ်အတွင်းမှာ - ဗီယက်နမ် အရပ်ဘက် လူမှုအဖွဲ့အစည်းဝင် ၆ ဦးနဲ့ တွေ့ဆုံခဲ့ပေမဲ့ - ဖိတ်ကြားထားတဲ့ တခြားတက်ကြွလှုပ်ရှားသူ တော်တော်များများကတော့ အကြောင်းအမျိုးမျိုးနဲ့ လာရောက်ခွင့် တားမြစ်ခံခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ က ဗီယက်နမ်တာဝန်ရှိသူတွေကို ပြောဆိုခဲ့တယ်လို့လည်း - အိမ်ဖြူတော် လက်ထောက် အမျိုးသား လုံခြုံရေးအကြံပေး Ben Rhodes ကို ကိုးကားပြီး သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG