သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA သတင်းထောက် ဒေါ်အေးအေးမာ လူမှုထူးချွန်ဆုရရှိ


VOA သတင်းထောက် ဒေါ်အေးအေးမာ
VOA သတင်းထောက် ဒေါ်အေးအေးမာ

VOA သတင်းထောက် မအေးအေးမာ လူမှုရေးလုပ်ငန်းလုပ်ဆောင်မှုအတွက် ထိုင်းနိုင်ငံက ချီးမြှင့်တဲ့ ဆု ရရှိခဲ့ပါတယ်။ ဒီအကြောင်း ရှားဖောင်က မအေးအေးမာကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ မအေးအေးမာရေ ဆုရလို့ ပထမဦးဆုံး Congratulations ပါ၊ ဂုဏ်ယူပါတယ်။

မအေးအေးမာ ။ ။ ဟုတ်ကဲ့ရှင့် ကျေးဇူးအများကြီးတင်ပါတယ်။

မေး ။ ။ ဆိုတော့ မအေးအေးမာ ဆုရတဲ့ ဆုအကြောင်းနဲ့ ဘယ်သူတွေကပေးတာလဲရှင့်။

မအေးအေးမာ ။ ။ ဆုကတော့ပေါ့နော် ပါချာပါတီ ဆုလို့ခေါ်တဲ့ လူအရင်းအမြစ်တိုးတက်ဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်နေကြတဲ့လူတွေပေါ့၊ အထူးသဖြင့် အခွင့်အရေးနည်းပါးတဲ့ လူအသိုင်းအဝိုင်းလူမျိုးစု အခွင့်အရေးတိုးတက်အောင် လုပ်ဆောင်တဲ့ အဖွဲ့၊ လူတွေကိုပေးတဲ့ ဂုဏ်ပြုဆု ဖြစ်ပါတယ်။ လူ့အရင်းအမြစ်ဌာနပေါ့ Ministry of Social Development and Human Security အဲဒီ ဌာနကနေပေးတာပါ၊ ထိုင်းအစိုးရ အဖွဲ့ကနေ ပေးတာပါ။

မေး။ ။ ဒီဆုကို ရအောင် မအေးအေးမာအနေနဲ့ ဘယ်လိုလုပ်ငန်းတွေကိုလုပ်ကိုင်နေသလဲ၊ ပြီးတော့ လုပ်ငန်းအပေါ်မှာ ဘယ်လောက်အထိ အောင်မြင်မှု၊ ထိရောက်မှုတွေ ရှိပြီလဲရှင့်။

မအေးအေးမာ ။ ။ အဓိကတော့ ကျမတို့ လွန်ခဲ့တဲ့ ၁၆ နှစ်ကျော်ကတည်းက အမျိုးသမီးနဲ့ ကလေးတွေကို ကူညီစောင့်ရှောက်မှုလုပ်ငန်းတွေလုပ်ခဲ့ပါတယ်။ ဒီ ဒုက္ခရောက်တဲ့အမျိုးသမီးတွေပေါ့နော် အထူးသဖြင့် ပြည့်တန်ဆာရုံတွေကနေပေါ့နော် ထွက်ပြေးလွှတ်မြောက်ချင်တဲ့ အမျိုးသမီးတွေ၊ နောက်ပြီးတော့ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ ၊ မိဘမဲ့ ကလေးတွေ၊ စွန့်ပစ်ကလေးတွေကို ကျမ စောင့်ရှောက်မှုပေးခဲ့ပါတယ်။ အဲဒါကတော့ အထူးသဖြင့်ပေါ့နော် ဂေဟာလေးတည်ထောင်ပြီးတော့ အဲဒီမှာ စောင့်ရှောက်မှုပေးခဲ့ပါတယ်။ အဲဒီလို စောင့်ရှောက်မှုပေးတဲ့အခါမှာ ကျမတို့ကိုယ်တိုင်လည်း အခက်အခဲတွေကြုံတဲ့အတွက် ကျမတို့ ရန်ပုံငွေတွေ ရှာပြီးတဲ့အခါမှာ သူတို့အားလုံးကို ကူညီခဲ့တာပေါ့။ အခုအချိန်မှာတော့ ကိုယ်တိုင်အခက်အခဲဖြစ်နေပေမယ့် တခြားဒုက္ခရောက်တဲ့သူတွေကို ကူညီပေးခဲ့တဲ့အတွက် ဒီထိုင်းအစိုးရကနေပြီးတော့ ကျမတို့ကို လူသားအကျိုးပြုဆုကို ပေးတဲ့သဘောမျိုးပါ။

ကျမတို့က ထိုင်းမြန်မာနယ်စပ်၊ မြန်မာပြည်နဲ့ဆိုရင် မြဝတီနဲ့နီးတဲ့ မဲဆောက်မြို့မှာပါ။ မဲဆောက်မြို့မှာဆိုတော့ ရွေ့ပြောင်းအလုပ်သမားတွေ သိန်းနဲ့ချီ အများကြီးရှိပါတယ်။ အဲဒီအခါမှာ ရွေ့ပြောင်းအလုပ်သမားတွေကြားထဲမှာ အမျိုးသမီးနဲ့ ကလေးနဲ့ ပတ်သက်လို့ အခက်အခဲကြုံရတဲ့သူတွေလည်း အများကြီးရှိပါတယ်။ အထူးသဖြင့် နယ်စပ် ဝင်ပေါက်ထွက်ပေါက်ဖြစ်တဲ့အခါမှာ ကျမတို့မြန်မာနိုင်ငံသားတွေ အထူးသဖြင့် ဒုက္ခရောက်ရတဲ့သူတွေကို အများကြီးကြုံရပါတယ်။ အရင်တုန်းကပေါ့နော် ကျမတို့ကိုယ်တိုင်ပေါ့နော် ဒီထိုင်းနိုင်ငံအတွင်းမှာနေရတဲ့အခါ မလုံမခြုံနေရတယ်ပေါ့နော်၊ အခုနောက်ပိုင်းမှာ ကျမတို့ရဲ့ လူမှုရေးလုပ်ငန်းတွေကို ဒီထိုင်း Community ပေါ့နော် လူ့အဖွဲ့အစည်းကနေပြီးတော့ အသိအမှတ်ပြုလာတယ်၊ အထူးသဖြင့် ထိုင်းဆေးရုံတွေ၊ ထိုင်း အဖွဲ့အစည်း၊ လူမှု့အသိုင်းအဝိုင်းတွေက အသိအမှတ်ပြုလာတဲ့ အခါမှာ ကျမတို့ လုပ်ရကိုင်ရတာတွေက လွယ်ကူလာပါတယ်။

ဒီ ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေ၊ ကလေးတွေ HIV ဝေသနာရှင်တွေ အားလုံးပေါင်းမယ်ဆိုရင် ကလေးကတော့ ၂၀၀ ကျော်လောက်ရှိပြီး အမျိုးသမီးတွေကတော့ ၁၀၀ ဝန်းကျင်လောက်ရှိပါတယ်ရှင့်။ ကလေးက မွေးကင်းစ ကနေ မိဘ စွန့်ပစ်သွားတဲ့ အချိန်ကနေစပြီးတော့ ပြုစုစောင့်ရှောက်မှုပေးပါတယ်။ အဲဒီအခါမှာ အခုဆိုရင် ကလေးတွေ အရွယ်ရောက်တဲ့လူတွေရှိတယ်၊ တက္ကသိုလ်တက်နေရတဲ့ သူတွေ အထိရှိပါတယ်။

မေး။ ။အခုဆုရတဲ့အထဲမှာ မအေးအေးမာအပါအဝင်ပေါ့နော် တခြားဘယ်သူတွေရသလဲ၊ ဘယ် နှစ်ယောက်ရသလဲရှင့်။

မအေးအေးမာ ။ ။ အခုပေါ့နော် ကျမတို့ အုပ်စုထဲမှာဆိုရင် လူပုဂ္ဂိုလ်အရ ကိုယ်တိုင်အခက်အခဲဖြစ်နေပေမယ့် ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီပေးတဲ့ ဆုထဲမှာတော့ ၂၁ ယောက်ရပါတယ်။ တချို့လူတွေကတော့ သတင်းဌာနတွေပေါ့နော်၊ ဒုက္ခရောက်နေတဲ့သူတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ စုံစမ်းလိုက်လံဖော်ထုတ်တဲ့ သတင်းဌာနတွေ၊ရေဒီယိုတွေ၊ တီဗွီလိုင်းတွေ အဲဒါမျိုးတွေကိုလည်း ပေးတာရှိပါတယ်။ ကျမတို့ လူပုဂ္ဂိုလ်အရဆိုရင်တော့ ၂၁ ယောက်ရပါတယ်။ ဆုပေးမှာကတော့ ဒီဇင်ဘာလ ၉ ရက်နေ့ ပေးမှာပါ။

မေး။ ။ မအေးအေးမာ အခုလိုမျိုး VOA မြန်မာပိုင်း ဝိုင်းတေ်ာသား ၁ ယောက်အနေနဲ့ ဆုရတဲ့အတွက် အရမ်းကို ဝမ်းသာရပါတယ်ရှင်။

မအေးအေးမာ ။ ။ ဟုတ်ကဲ့ရှင့် ကျေးဇူးအများကြီးတင်ပါတယ်။ ရုံးကလူတွေအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ကျမတို့ အားလုံးရဲ့ ကူညီမှုတွေနဲ့ စေတနာ မေတ္တာတွေကြောင့် ကျမဒီဆုကိုရတယ်လို့ ယူဆပါတယ်ရှင့်။

ဒါကတော့ ရှားဖောင်က မအေးအေးမာကို ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG