သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနိုင်ပြီး တနှစ်အကြာ NLD လုပ်ရပ်သုံးသပ်ချက်


တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ ရွေးကောက်ပွဲ အနိုင်ရတာတနှစ် အစိုးရသက်တမ်း (၈) လ အတွင်း NLD အစိုးရရဲ့ဆောင်ရွက်ချက်တွေထဲမှာ တိုးတက်အောင်မြင်မှုတွေရှိခဲ့သလို ရှေ့မတိုးနိုင်ဘဲ ဖြစ်နေတာတွေလည်း တွေ့ရတယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဝါရင့်သတင်းစာဆရာကြီး Larry Jagan က သုံးသပ်လိုက်ပါတယ်။ Larry Jagan ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကျင်းပခဲ့တာ တနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ NLD အစိုးရတက်လာတာကတော့ (၈) လလောက်ပဲ ရှိတယ်လို့ ဆိုရပါမယ်။ ဒါပေမဲ့လဲ ဒီအချိန်ဟာ မြန်မာနိုင်ငံအစိုးရရဲ့ လုပ်ဆောင်ခဲ့ချက်ကို ပြန်ပြောင်းသုံးသပ်မယ့်အချိန် ရောက်ပြီလို့ ထင်ပါတယ်။ ပထမဦးဆုံး ကျနော်တို့က NLD အစိုးရရဲ့ လုပ်ဆောင်ချက်ထဲမှာ အပြုသဘောဆောင်ပြီး တိုးတက်မှုရှိခဲ့တာကို အရင်ပြောမယ်။ ပြီးတော့မှ ဘယ်လို အခက်အခဲတွေ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို ပြောကြပါစို့။ ဆိုတော့ ပထမဦးဆုံး NLD အစိုးရ လုပ်ဆောင်လာခဲ့သမျှထဲမှာ ကောင်းတဲ့အချက်တွေကို အကျဉ်းရုံးလေး ပြောပြပါလား။
Larry Jagan ။ ။ အရေးအကြီးဆုံး အချက်ကတော့ ဒီမိုကရေစီအစိုးရတရပ် ရရှိလာခြင်း ဖြစ်ပါတယ်။ အရပ်သားပြည်သူအများစု ကိုယ်စားပြုတဲ့ အစိုးရ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်ထဲက ဒါဟာ ပထမဦးဆုံးအကြိမ် လူထုသဘောထား ထင်ဟပ်တဲ့ အစိုးရပါ။ အခုရွေးကောက်ပွဲအပြီး (၁၂) လ ကြာခဲ့တဲ့အထိ ပြည်သူတွေ တခဲနက် ထောက်ခံနေကြဆဲပါ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မျှော်လင့်နေကြဆဲပါ။ ဒုတိယအချက်ကတော့ NLD ဟာ အခြေအနေတွေကို မယိုယွင်းအောင် အထူးသတိထားပြီး ဆောင်ရွက်နေရပါတယ်။ ဒါဟာ သိပ်ပြီးတော့ အရေးကြီးပါတယ်။ တတိယအချက်က စစ်တပ်နဲ့ အလုပ်ဖြစ်တဲ့ ဆက်ဆံရေးရှိဖို့ လိုအပ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် သဘောပေါက်ပါတယ်။ အခုအခါ နှစ်ဘက် ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ စစ်တပ်နဲ့ NLD အစိုးရဟာ တဘက်နဲ့တဘက် အပြန်အလှန် လိုအပ်ကြပါတယ်။ ဒါဟာ အပြုသဘောပါ။ နောက်ဆုံးအချက်ကတော့ အကဲဆတ်တဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စ ဖြစ်ပါတယ်။ ဒါတွေဟာ တိုင်းပြည်ရဲ့ ရှေ့ရေးအတွက် သိပ်အရေးကြီးပါတယ်။ NLD ဟာ ဒီမိုကရေစီနိုင်ငံအတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ် ချပေးနေတာ ဖြစ်တယ်လို့ ထင်ပါတယ်။ ဒါတွေအားလုံးဟာ အပြုသဘောဆောင်တဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့ကိစ္စမှာ တိုးတက်မှုရတယ်လို့ ဆိုနိုင်ပါရဲ့လား။ နေရာတချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေဆဲပါ။ တခါ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး လက်မှတ်ရေးထိုးထားတာ မဟုတ်သေးပါဘူး။ Larry အဲဒီအချက်ကို ဘယ်လို သုံးသပ်မလဲ။
Larry Jagan ။ ။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန် လုပ်ထားတဲ့ အခြေအနေတွေနဲ့ မိနေပါတယ်။ ဦးသိန်းစိန် လုပ်ခဲ့တဲ့ အပစ်ရပ် သဘောတူညီချက် (၈) ဖွဲ့ လက်မှတ်ရေးထိုးထားပေမယ့် အဲဒီအထဲက ABSDF လို၊ တိုင်းရင်းသားအင်အားစု မဟုတ်တာတွေလည်း ပါနေပါတယ်။ သိပ်ပြီးတော့ အရေးမပါတဲ့ အဖွဲ့တွေလည်း ပါနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အပစ်ရပ်သဘောတူညီချက်ကို လက်ခံသူ၊ လက်မခံသူ နှစ်မျိုးနဲ့ ရင်ဆိုင်နေရတာပါ။ ဒေါ်အောင်ဆန်းစုကြည်က နှစ်မျိုးစလုံးကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်အောင် လုပ်မှာပါ။ ဒီနေရာမှာ စစ်တပ်က အပစ်ရပ် လက်မှတ်မထိုးသူတွေ မပါရ လုပ်နေတဲ့အတွက် အခက်ကြုံနေရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီ (၂၁) ရာစု ပင်လုံညီလာခံဆိုတာက ဘယ်လောက် အရေးပါမယ်။ ထိရောက်မယ် ထင်ပါလဲ။ အခု ဒေါ်အောင်ဆန်းစုကြည် မကြာခင် လုပ်ခဲ့တဲ့၊ မကြာခင်ပဲ ဒီဟာကို ဆက်လုပ်မယ်လို့ ကြားနေရပါတယ်။
Larry Jagan ။ ။ ပင်လုံညီလာခံက ပြယုဂ်တခုအနေနဲ့ အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်နိုင်မယ့် ကိစ္စပါ။ ဦးသိန်းစိန် မလုပ်နိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့တလမ်း တိုးစေမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကံမကောင်းချင်တာက အပစ်ရပ် သဘောတူညီမှု လက်မှတ်ထိုးသူနဲ့ လက်မှတ်မထိုးသူဆိုပြီး ကွဲလွဲနေတဲ့ ကိစ္စက အလျင်အမြန် ရှေ့ကိုမတိုးနိုင် ဖြစ်နေတာပါ။ ပြီးတော့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရပြီသည့်တိုင်အောင် နိုင်ငံရေးအရ ပြေလည်မှု ရရှိရေးဆိုတာလဲ အင်မတန် ခက်ခဲတယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ စစ်တပ်အစိုးရနဲ့ တိုင်းရင်းသားအင်အားစုတွေကြား ယုံကြည်မှု တည်ဆောက်ဖို့ဆိုတာ မလွယ်ပါဘူး။ အချိန်ယူရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အုပ်ချုပ်ရေးယန္တရား အသွင်မပြောင်းနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ လိုက်လျောညီထွေမှု ဖြစ်မလာသေးပါဘူး။ ပုလင်းသစ်ထဲမှာ ဝိုင်းအဟောင်း လောင်ထဲထားသလိုပဲလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီကိစ္စကို သုံးသပ်ပါအုံး။
Larry Jagan ။ ။ ဒါကို ကျနော် သဘောတူပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာရပ်ဟာ အုပ်ချုပ်ရေးယန္တရားနဲ့ စစ်တပ်သြဇာအောက်မှာ ရှိနေဆဲ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စတဲ့ ကိစ္စတွေ ဖြစ်တယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။ ဒါတွေကို ပြောင်းလဲဖြစ်ဖို့ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုအခြေအနေမှာ သိပ်ပြီးတော့ တင်းမာပြတ်သားတဲ့ သဘောမျိုး ပြလိုဟန် မရှိသေးပါဘူး။ ဒါပေမဲ့ ဒီအချက်ဟာ ပြုပြင်ပြောင်းလဲရေးအတွက် အဟန့်အတား ဖြစ်နေတာပါ။ အုပ်ချုပ်ရေးယန္တရားက စစ်တပ်ရဲ့ အမိန့်ကို နာခံနေကြရမယ်ဆိုတဲ့ စိတ်နေစိတ်ထားကို စစ်တပ်က မပြောင်းလဲသမျှ စစ်မှန်တဲ့ အုပ်ချုပ်ရေးတွေ တွေ့ရမှာ မဟုတ်ပါဘူး။ ဗျူရိုကရေစီ ယန္တရား မပြုပြင်သမျှ ဒီမိုကရေစီလည်း ဖြစ်ထွန်းနိုင်မှာ မဟုတ်ပါဘူး။ ကောင်းတာတခုကတော့ NLD အစိုးရက ဒီအုပ်ချုပ်ရေးယန္တရား ပြုပြင်မှုကို နောက် (၆) လအတွက် ဦးစားပေး သတ်မှတ်ထားတယ်လို့ သိရှိရခြင်းပါပဲ။ အဓိက အပြောင်းအလဲတွေလည်း တွေ့လာရမယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်သုံးသပ်သင့်တဲ့ ကိစ္စတခုကတော့ စီးပွားရေးကိစ္စ ဖြစ်ပါတယ်။ NLD အစိုးရသည် မြန်မာပြည်သူတွေအတွက် အလုပ်အကိုင်သစ်တွေ ပိုမိုဖန်တီးနိုင်ခဲ့ပြီလားဆိုတာ ပထမအချက်ပါ။ ဒုတိယအချက်က ပြည်ပရင်းနှီးမြှုပ်နံှမှုတွေ ထင်သလောက် ဝင်မလားဘူး။ စီစစ်ရေးက အတည်ပြုတာ သိပ်နှေးကွေးတယ် စသဖြင့် ညီးညူသံတွေ ကြားနေရပါတယ်။ ဆိုတော့ ပထမအချက်ကို စပြောကြပါစို့။ NLD အစိုးရဟာ အလုပ်အကိုင်သစ်တွေ ဖန်တီးနိုင်ခဲ့ပါလား။ ဖန်တီးနေပါလား။
Larry Jagan ။ ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD အစိုးရရဲ့ စီးပွားရေးမူဝါဒ၊ အခြေခံ ရည်မှန်းချက်ဟာ အလုပ်အကိုင် ဖန်တီးရေးဆိုတာကို အတိအကျ ပြောထားပါတယ်။ ကံမကောင်းချင်တော့ ဒါဟာ ဖြစ်မလာသေးပါဘူး။ အလုပ်အကိုင် အခွင့်အလမ်းတွေ ကျုံလာနေပါတယ်။ နောက်ကွယ်မှာ အလုပ်လက်မဲ့တွေ များပြားလာနေပါတယ်။ Taxi Driver တွေ၊ ဆောက်လုပ်ရေးလုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်လာနေပါတယ်။ ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းတွေ တိုးတက်မှု မရှိလာတဲ့အတွက် ဖြစ်ပါတယ်။ ဆိုတော့ အစိုးရအနေနဲ့ အလုပ်အကိုင် ဖန်တီးရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားပေမယ့် အုပ်ချုပ်ရေးယန္တရားက လိုက်ပြီးဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ပြည်ပရင်းနှီးမြှုပ်နံှမှု ကိစ္စ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နံှမှုတွေ ထင်သလောက် ဝင်မလာဘူးဆိုတာက အုပ်ချုပ်ရေးယန္တရား အားနည်းချက်လား။ တခြားဘာအကြောင်းပြချက်တွေ ရှိသလဲဆိုတာကို ပြောပါအုံး။
Larry Jagan ။ ။ ဒီအစိုးရ တက်လာကတည်းက ပြည်ပရင်းနှီးမြှုပ်နံှမှုတွေ ရပ်တန့်သွားရတာ အကြောင်းတွေ အများကြီးပါ။ စီမံကိန်း ကုန်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို လက်ညိုးထိုးကြပါတယ်။ အခြေခံအဆောက်အအုံတွေ ပြောင်းလဲဖို့ အများကြီး လိုအပ်နေပါတယ်။ ရင်းနှီးမြှုပ်နံှမှု ဥပဒေဟာ လုပ်ထုံးလုပ်နည်းတွေပါ လိုအပ်ပါတယ်။ ဒါတွေကို ဒီဇင်ဘာအကုန်မှာ ပြီမယ်လို့ ကျနော် နားလည်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ရင်းနှီးမြှုပ်နံှရေး အခြေအခြေအနေ Investment Environment တွေဟာ နောက်နှစ် မတ်လအထိ ဘာမှ အမှန်တကယ် ပြောင်းလဲတိုးတက်လာမယ့် အခြေအနေ မတွေ့ရပါဘူး။ ပြည်ပရင်းနှီးမြှုပ်နံှမှု အလားအလာဟာ နိုင်ငံရေးတည်ငြိမ်မှု မရှိတာကိုကြည့်တာထက် တရားဥပဒေ ခိုင်လုံစိတ်ချရမှု၊ ရင်းနှီးမြုပ်နံှမှုဆိုင်ရာ မူဝါဒတွေကို ကြည့်ပါတယ်။ NLD အစိုးရ တာဝန်ယူလာတာ (၇) လ ကျော်လာခဲ့ပြီ ဖြစ်ပေမယ့် ရင်းနှီးမြုပ်နံှမှု မူဝါဒ တိတိကျကျ မကြေညာနိုင် ဖြစ်နေပါတယ်။ ဒါဟာ အဓိက ပြဿနာတရပ်ပါ။ အထူးသဖြင့် ရေနံနဲ့ သဘာဝဓါတ်ငွေ့မှာဆိုရင် အုပ်ချုပ်မှုယန္တရားက ထိရောက်မှု မရှိတာကို တွေ့ရပါတယ်။ အစိုးရ တိကျတဲ့ ညွှန်ကြားမှု မရလို့လဲ ဖြစ်နိုင်ပါတယ်။ NLD အစိုးရအနေနဲ့တော့ ဒါဟာ ငါတို့ရဲ့ မဟာဗျူဟာ၊ ဒါဟာ မူဝါဒ ဘယ်လို၊ ဘယ်ကဏ္ဍမှာ ဘယ်လို မက်လုံးတွေရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသဖို့ လိုအပ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ NLD အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်မယ့် ကိစ္စတခုလို့ ကျနော် ထင်တာကတော့ ဘာသာရေး၊ လူမျိုးရေး၊ သင့်မြတ်မှု ပြဿနာ ဖြစ်မယ်ထင်ပါတယ်။ NLD ဒီလို အခြေအနေမျိုးကို ဘယ်အတိုင်းအတာအထိ ဖန်တီးထိန်းသိမ်းထားနိုင်လဲ။ အထူးသဖြင့် ရခိုင်ဒေသ အခြေအနေဟာ သိပ်ပြင်းထန်နေပါတယ်။ ဒီအရေးတွေမှာ NLD ရဲ့ မူဝါဒ၊ NLD ရဲ့ ကိုင်တွယ်နေပုံတွေဟာ ရလဒ်ကောင်း ပေါ်ထွက်နိုင်မယ်လို့ ထင်ပါသလား။
Larry Jagan ။ ။ ဒီပြဿနာက NLD အစိုးရအတွက် အရေးအကြီးဆုံးနဲ့ အခက်ခဲဆုံး စိန်ခေါ်မှု ဖြစ်နေပါတယ်။ စီးပွားရေး ပြဿနာ၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ လူမှုဖွံ့ဖြိုးရေးကိစ္စ၊ ပညာရေးကိစ္စ စတာတွေကို ဖြေရှင်းနိုင်မယ်လို့ ကျနော် အကောင်းမြင်နိုင်ပါတယ်။ ဒါပေမဲ့ ကံအကြောင်းမလှစွာဘဲ လူ့အသိုင်းအဝိုင်းတွေကြားမှာ ပဋိပက္ခတွေ၊ ဘာသာရေး ပဋိပက္ခတွေ ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ဖို့ အစိုးရက သိပ်စိတ်ဝင်မစားလို ဖြစ်နေပါတယ်။ အခြေအနေတွေဟာ NLD အစိုးရကြောင့် ပိုပြီးတော့ ဆိုးဝါးသွားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပိုမဆိုးအောင် ကြိုတင်ဆောင်ရွက်ထားတာမျိုး မတွေ့ရပါဘူး။ နောက်ပြီး ရခိုင်ကိစ္စပါ။ ပြည်ပက ပါဝင်ပတ်သက်မှုတွေ ရှိပုံရတာကြောင့် ပိုဆိုးနေပါတယ်။ NLD အစိုးရနဲ့ ရခိုင်ပြည်မှာ ရှိနေတဲ့ အစိုးရဟာ ပြဿနာတွေ မဆိုးခင် ဘာလုပ်ထားသင့်သလဲဆိုတာကို သဘောပေါက်ပုံ မရပါဘူး။ နိုင်ငံသားဖြစ်ခွင့်ပြုရေးဟာ အရေးကြီးတဲ့ကိစ္စတခု ဖြစ်တယ်ဆိုတာ သေချာပါတယ်။ ဒါကို ဥပဒေတရပ် ပြဌာန်းထားဖို့ လိုအပ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ဟာမျိုး မဖြစ်ရအောင် စစ်တပ်ကိုလည်း ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီကိစ္စတွေ မပြေလည်ရင်တော့ ရခိုင်ပြဿနာဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို မတည်မငြိမ် ဖြစ်စေနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာကတော့ နိုင်ငံခြားဆက်ဆံရေးကိစ္စ ဖြစ်ပါတယ်။ တည်မတ်တဲ့ လွတ်လပ်သော မူဝါဒကို NLD အစိုးရက ကျင့်သုံးဖို့ ကြိုးပမ်းနေပါတယ်။ လုပ်ဆောင်နေပါတယ်။ အောင်မြင်ပါသလား။ တချို့က ပြောကြတယ်။ စီးပွားရေးအတွက် တရုတ်ဘက်ကို နည်းနည်းပိုယိမ်းသလားဆိုပြီး ဝေဖန်တာတွေလည်း ရှိပါတယ်။ Larry သဘောကို သိပါရစေ။
Larry Jagan ။ ။ နိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံခြားရေး ဆက်ဆံရေးက ဒေါ်အောင်ဆန်းစုကြည် အစိုးရ တာဝန်ယူလာချိန်အတွင်းမှာ အအောင်မြင်ဆုံးနဲ့ အထိရောက်ဆုံး ကိစ္စ ဖြစ်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမဲ့ လူတွေက ဒါကို ကောင်းကောင်းအမှတ်မပေးချင်ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောက မြန်မာနိုင်ငံ ဘယ်အင်အားကြီးနိုင်ငံရဲ့ နောက်လိုက်မှ မဖြစ်စေရဘူး။ အမေရိကန်ရဲ့ နောက်လိုက်လည်း မဟုတ်ဘူး။ တရုတ်ရဲ့ နောက်ကလည်း မလိုက်ဘူး။ ဘယ်သူနောက်က မလိုက်ဘူးဆိုတာပဲ။ ဘက်မလိုက်သော၊ လွတ်လပ်သော မူဝါဒ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အစဉ်အဆက် မူဝါဒလည်း ဖြစ်ပါတယ်။ မြန်မာ့မူဝါဒရဲ့ စရိုက်လက္ခဏာလည်း ဖြစ်ပါတယ်။ အိန္ဒိယ၊ တရုတ်၊ အမေရိကန် ဘယ်ဘက်မှ မတိမ်းညွှတ်ဘဲ နေဖို့ဆိုတာ မြန်မာနိုင်ငံအတွက် သိပ်ပြီးတော့ အရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကြာသေးခင်က ပြည်ပခရီးစဉ်တွေမှာ သူဟာ သူ့မူအတိုင်း မတိမ်းမညွှတ် လိုက်နာပြသခဲ့ပါတယ်။ သူ ရေးထိုးခဲ့တဲ့ နှစ်နိုင်ငံ သဘောတူညီချက်တွေကို ကြည့်လိုက်ရင် သူ့ရဲ့ မူဝါဒဟာ လုံးဝလွတ်လပ်တယ်။ လုံးဝဘက်မလိုက်ဘူးဆိုတာကို တွေ့ရပါတယ်။

XS
SM
MD
LG